အာသောကမင်းကြီးရဲ့ သားတော် မဟိန္ဒမထေရ်
----
ကျွန်တော်တို့ဟာ များသောအားဖြင့် အာသောကမင်းတရားကိုတာ သိကြတာများပြီး သူ့ရဲ့သားသမီးများကိုတော့ သိရှိကြတာဟာ အရေအတွက်အနေနဲ့တော့ များကြဟန်မတူပါဘူး ။ အာသောကမင်းကြီးမှာ သားတော်ဖြစ်တဲ့ မဟိန္ဒ နဲ့ သင်္ဃမိတ္တာဆိုတဲ့ သမီးတော်ရှိပါတယ် ။ မင်းကြီးဟာ မြတ်စွာဘုရားရဲ့ သာသနာတော်မှာ အလွန်ကြည်ညိုလာတာကြောင့် ကျောင်းပေါင်း ရှစ်သောင်းလေးထောင် ဆောက်လုပ်လှူဒါန်းခဲ့ပါတယ် ။
တစ်ခါက မင်းကြီးဟာ အာသောကာရာမကျောင်းကို ထွက်လာပြီး သံဃာတို့ရဲ့ အလယ်မှာနေကာ သံဃာတော်တို့ကို ဒီလို မေးမြန်းခဲ့ပါတယ် ။
( အရှင်ဘုရားတို့ ! ဘုရားရှင်ရဲ့ သာသနာတော်မှာ အဘယ်သူက အကျွန်ပ်တို့လို ကြီးကျယ်စွာ စွန့်ကြဲခြင်း ပြုဖူးပါသလဲ ။ အဘယ်သူရဲ့ စွန့်ကြဲခြင်းဟာ ကြီးမြတ်ပါသလဲ ) လို့ လျှောက်တင်တယ် ။
အဲ့ဒီ့အခါ ရှင်မောဂ္ဂလိပုတ္တတိဿထေရ်က ( မြတ်သောမင်းကြီး ! မြတ်စွာဘုရားရဲ့ သာသနာတော်မှာ သင်မင်းကြီးနဲ့တူတဲ့ စွန့်ကြဲပေးကမ်းလှူဒါန်းတဲ့ သူဟာ မြတ်စွာဘုရား လက်ထက်တော်မှာပင် မရှိပါဘူး ။ သင်မင်းကြီးရဲ့ စွန့်ကြဲပေးကမ်းခြင်းဟာ သာလွန်မြင့်မြတ်ပါတယ် ) လို့ ပြန်လည်မိန့်ကြားပါတယ် ။
မင်းကြီးလည်း အဲ့ဒီ့စကားကို ကြားကာ အလွန်ဝမ်းမြောက်ပြီး ( အရှင်ဘုရား အကျွန်ပ်ဟာ ဒီလောက် ဒါနကို ပြုရသော် သာသနာ့အမွေခံ ထိုက်သလား )လို့ မေးပြန်ပါတယ် ။ အဲ့ဒီ့အခါမှာတော့ မထေရ်ဟာ ( မင်းကြီး ! ပစ္စည်းကို စွန့်ကြဲကာမျှနဲ့ သာသနာ့အမွေခံ မထိုက်ဘူး ။ ဒီမြေကနေ ဗြဟ္မာ့ပြည်တိုင်အောင်ကို ပစ္စည်းလေးပါး စုပုံပြီး လှူဒါန်းမယ်ဆိုရင်လည်း ဘုရားရှင်ရဲ့ သာသနာ့အမွေခံမဟုတ်နိုင်ဘူး ။ တကယ်တော့ မိမိရဲ့ ရင်မှာဖြစ်တဲ့ သားသမီးတို့ကို ရဟန်း ပြုပေးခြင်းသည်သာ သာသနာတော်ရဲ့ အမွေခံ ဖြစ်ပါမယ် ) လို့ မိန့်လိုက်ပါတယ် ။
မင်းကြီးလည်း ငါဟာ အဲ့ဒီ့လောက်အလှူကြီးကို ပေးပါလျက် သာသနာတော်ရဲ့ အမွေခံကို မရသေးဘူး ။ သာသနာတော်ရဲ့ အမွေခံဖြစ်အောင် ဘယ်လိုလုပ်ရမလဲလို့ စဉ်းစားပြီး နောက်ဆုံးမှာတော့ သားတော် မဟိန္ဒကို မြင်မိလေတော့တယ် ။ ( ချစ်သား မဟိန္ဒ ! သားဟာ ရဟန်းပြုနိုင်မလား ) လို့ မေးတဲ့အခါ မင်းသားလည်း ခမည်းတော်စကား ကြားတာနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ( အဖေ ! သားတော် ရဟန်းပြုလိုပါတယ် ။ သားကို ရဟန်းပြုပြီး သာသနာ့အမွေကို ခံယူပါအဖေ ) လို့ ပြန်ပြောလိုက်ပါတယ် ။ အာသောကမင်းကြီးလည်း သားကို မထေရ်ဆီ အပ်ကာ မင်းသားက အသက် ၂၀ ပြည့်ပြီဖြစ်တာကြောင့် ပဉ္စင်းပြုပေးလိုက်ပါတော့တယ် ။
စာထဲမှာတော့ မဟိန္ဒမင်းသားဟာ ကမ္မဝါစာရဲ့ အဆုံးမှာပဲ ပဋိသမ္ဘီဒါလေးပါးနဲ့အတူ ရဟန္တာဖြစ်သွားတယ်လို့ ဆိုပါတယ် ။ ( ဒါကလည်း စာထဲမှာ ပါတဲ့အတိုင်းကို ပြောတာပါပဲ ။ ဘုရား ရဟန္တာတွေဆိုတာ ဆုံးဖြတ်ပေးနိုင်ကောင်းတာမှမဟုတ်တာပဲလေ ) ။ အဲ့ဒီ့နောက် အရှင်မဟိန္ဒလည်း ရဟန်းဖြစ်တဲ့ နေ့ကစပြီး မိမိရဲ့ ဥပဇ္ဈာယ် ဆရာထံမှာ ပိဋကတ် သုံးပုံဖြစ်တဲ့ ဘုရားစကားတော်ကို သင်ကြားကာ ၃ နှစ် ကြာလွန်တဲ့အခါမှာတော့ ထေရဝါဒနဲ့တကွ တက်မြောက်၍ သံဃာတစ်ထောင်ရဲ့ ပါမောက္ခဖြစ်လာခဲ့ပါတယ် ။
တတိယ သင်္ဂါယနာတင်ပြီးအဆုံး သာသနာတော်ဟာ နောက်အချိန်များမှာ ဘယ်လိုအရပ်က ထွန်းလင်းနိုင်မလဲဆိုပြီး ဆရာဖြစ်တဲ့ ရှင်မောဂ္ဂလိပုတ္တတိဿမထေရ်က ဆင်ခြင်ကြည့်တဲ့အခါ ပစ္စန္တရာဇ်တိုင်းတို့မှာ ကောင်းစွာ တည်တံ့မယ်လို့ မြင်ပြီး ပစ္စန္တရာဇ် ကိုးဌာနကို သာသနာပြု လွှတ်လိုက်ပါတယ် ။ အဲ့ဒီ့အခါ အရှင်မဟိန္ဒမထေရ်ကို သီဟဠ-တမ္ဗပဏ္ဍိလို့ ဆိုတဲ့ သီဟိုဠ်ကျွန်းကို ဥပသမ္ဒကံ မြောက်လောက်အောင် ပဉ္စဝဂ်သံဃာငါးပါးနဲ့ စေလွှတ်လိုက်တယ် ။
( မဟိန္ဒမထေရ်သည် သာသနာတော် ၂၃၆ ခုနှစ်တွင် ဣဋ္ဋိယ / ဥတ္တိယ / သမ္ဗလ / ဘဒ္ဒသာလ ဤ မထေရ် လေးပါးအပြင် တူတော် သုမန သာမဏေ / ဘဏ္ဍုက ဥပါသကာတို့နှင့်တကွ သီဟိုဠ်ကျွန်းသို့ သာသနာပြု ကြွတော်မူခဲ့လေသည် ။ )
#htoohtoolay

Comments
Post a Comment