မာနရှိနေသူဆီမှာ ခိုလုံခွင့် မရှိဘူး ။
-----
ဗုဒ္ဓဂေါတမမြတ်စွာဘုရားဟောတဲ့ မေတ္တာတရားက အခြေခံအနေနဲ့ လူတို့ရဲ့ ချစ်စိတ်နှင့် သိသိသာသာကွဲပြားလှပါတယ် ။ အဓိက ကွာခြားချက်က အတ္တမာနက ဦးဆောင်ပြီး မေတ္တာတရားမှာ အတ္တမာန လုံးဝကင်းတဲ့တရားဖြစ်တယ် ။ ပိဋကတ်စာပေမှာ သူတစ်ပါးထက် မြတ်တယ် ဆိုပြီးတော့ဖြစ်စေ / သူတစ်ပါးနဲ့ တန်းတူဆိုပြီးတော့ ဖြစ်စေ / သူတစ်ပါးအောက် နိမ့်တယ်ဆိုပြီးတော့ဖြစ်စေ ထင်မြင်မှု သုံးမျိုးစလုံးကို မာနအနေနဲ့ ဖေါ်ပြထားပါတယ် ။ တစ်နည်းဆိုရမယ်ဆိုရင် အတ္တစွဲနဲ့ မိမိကိုယ်ကို သူတစ်ပါးနဲ့ ခွဲခြားနှိုင်းယှဉ်မှုများဟာ မာနတွေဖြစ်တယ် ။ အတ္တစွဲနဲ့ ငါ သူတစ်ပါး ခွဲခြားလိုတဲ့သူဟာ အတ္တစွဲ နယ်နိမိတ် သတ်မှတ်ချက်မရှိကာ ကျယ်ပြန့်တဲ့ မေတ္တာတရား မွေးမြူနိုင်လိမ့်မှာ မဟုတ်ပါဘူး ။ သူတစ်ပါးထက် မြတ်တယ်ဆိုတဲ့ အစွဲနဲ့ စိတ်ဓါတ် မောက်မာသူ တန်းတူဖြစ်တယ်ဆိုတဲ့ အစွဲနဲ့ ထောင်လွှားတဲ့ သူနဲ့ နှိမ့်ကျတယ်ဆိုတဲ့ စိတ်ဓါတ်နုံဖျင်းတဲ့ သူတွေဟာ ကျွန်ပ်တို့အား သာယာအေးမြတဲ့ မေတ္တာရိပ့်ခိုလုံခွင့် ပေးစွမ်းနိုင်လိမ့်မှာမဟုတ်ပါဘူး ။
လူ အချင်းချင်း ပေါင်းသင်းဆက်ဆံရာမှာ အတ္တမာန သုံးမျိုးရှိတယ် ။ အဲ့ဒါတွေက စိုးမိုးလိုတာကတစ်ခု / တုပ ပြိုင်ဆိုင်လိုတာကတစ်ခုနဲ့ ကျိုးနွံလိုမှု လက္ခဏာများဆိုပြီး ထင်ရှားနေတယ် ။ အဲ့ဒီ့ လူ့သဘာဝစိတ်များဟာ အမြဲမကောင်းတဲ့ စိတ်များဖြစ်တယ်လို့တော့ တစ်ထစ်ချ မဆိုလိုပါဘူး ။ သိပ္ပံပညာ တိုးတက်နေခြင်းဟာ သဘာဝဓမ္မကို စိုးမိုးလိုတဲ့ သိပ္ပံပညာရှင်တို့ရဲ့ ကြိုးပမ်းမှုများကြောင့် ဖြစ်ပါတယ် ။ ဒီလိုစိတ်ကြောင့်ပဲ သိပ္ပံလောကကြီး တိုးတက်လာတာဖြစ်တယ် ။ တုပပြိုင်ဆိုင်လိုမှုဟာ လူတို့ ကြီးပွာချမ်းသာဖို့ အကြောင်းတစ်ပါးဖြစ်ပါတယ် ။ ဘုရား တရား ရိုသေကိုင်ရှိုင်းခြင်းနဲ့ တရားဥပဒေကို လေးစားလိုက်နာခြင်းဟာ ကျိုးနွံလိုတဲ့ လူ့သဘော သဘာဝစိတ် ကင်းလွတ်နေတယ်လို့ မဆိုနိုင်ပါဘူး ။
ဒါပေမယ့် စိုးမိုးလိုတဲ့စိတ်နဲ့ ကျိုးနွံလိုတဲ့စိတ်တို့ဟာ အများအားဖြစ် ကောင်းကျိုးပြုခွင့်မရပဲ သူတစ်ပါးကို ခုတုံးလုပ်ပြီး အတ္တမာနနဲ့ မိမိအလိုဆန္ဒများ ဖြည့်စွမ်းမှုကို ဦးတည်လိုတဲ့ စိတ်တွေသာ ဖြစ်နေပါတယ် ။ လူတို့ဟာ အဲ့ဒီ့ အကြောင်းတရား အစစ်အမှန်ကို မသိမြင်ပဲ မိမိကိုယ်နဲ့ သူတစ်ပါးကို လှည့်စားတက်ကြပါတယ် ။ အာဏာရှင်အစိုးရဟာ တိုင်းပြည်လူထုရဲ့ အကျိုးစီးပွားကို ရှေးရှုးပြီး အာဏာရှင်စနစ်ကို ကျင့်သုံးတယ်လို့ ဒီလို ယူဆကြသလိုပါပဲ ။ စင်စစ် မိမိတို့ရဲ့ အစွမ်းသတ္တိညံ့ဖျင်းမှု / လွတ်လပ်ရေးကို တန်ဖိုးမထားမှု / မိမိကိုယ်ကို အားမကိုးပဲ သူတစ်ပါးကို မှီခိုလိုတဲ့ အားနည်းချက်များကြောင့် ကျိုးနွံခြင်း ဖြစ်နေရတယ်ဆိုတာကို မသိမြင်ကြချေ ။
နိုင်ငံအစိုးရနဲ့ ပြည်သူလူထု / မိဘနဲ့ သားသမီး / အလုပ်ရှင်နဲ့ အလုပ်သမား / ဆရာနဲ့ တပည့် စတဲ့ အထက်အောက် ဆက်ဆံမှုများမှာ အတ္တမာနများ လွှမ်းမိုးနေတဲ့အခါ မေတ္တာတရား ခေါင်းပါးနေတက်ကြပါတယ် ။ မေတ္တာတရား လက်ကိုင်ထားကြတဲ့သူတွေက အတ္တမာနကင်းပြီး သူတစ်ပါးအကျိုးကြီးပွားချမ်းသာလိုတာကြောင့် လွဲမှားတဲ့ စေတနာနဲ့ အာဏာပြလိုစိတ်မရှိကြပါဘူး ။ မိမိရဲ့ ဂုဏ်သိက္ခာကို လေးစားတဲ့အတွက်ကြောင့် အထက်လူကို ပျပ်ဝပ်ကျိုးနွံမှုလည်း မပြုတက်ကြပါဘူး ။ စစ်မှန်တဲ့ မေတ္တာတရားဟာ မိမိအကျိုး သူတစ်ပါးအကျိုးကို ရှေ့ရှုးတဲ့ အရာပဲ ဖြစ်နေသင့်ပါတယ် ။ ဒါကြောင့် ! မာနရှိနေတဲ့သူတွေဆီမှာ ခိုလုံခွင့် မရှိဘူး ။
#htoohtoolay

Comments
Post a Comment