အာခီမီးဒိ ( Archimedes ) - ဂရိ သင်္ချာပညာရှင်(ဘီစီ ၂၈၇ - ၂၁၂ )
=====================
( ငါ့စက်ဝိုင်းကို တက်မနင်းနဲ့လို့ ပြောရင်း သေဆုံးသွားတဲ့ သင်္ချာပညာရှင်ဟာ ဘယ်သူဖြစ်မလဲ ?
((အာခီမီးဒိ ပါဆရာ ))
ဒီကြေငြာလေးတော့ သိကြမှာပါ ။ ဒါဆို အာခီမီးဒိ ( Archimedes )အကြောင်းလေး ပြောဖို့ လိုပြီပေါ့ ။
------
ကျွန်တော်တို့ ကျောင်းတွေမှာ သင်္ချာပညာသင်တဲ့အခါ ဂျီသြောမေတြီ ဘာသာရပ်ကို သင်ကြားရင်း ပိုက်သာဂိုရပ် သီအိုရီဆိုတာကို စတင် ရင်းနှီးခွင့်ရပါတယ်။ ဒါပေမယ့် ပိုင်သာဂိုရပ်ဆိုတာ ဂရိက သင်္ချာပညာရှင်ဆိုတာလေးလောက်တာ သိခွင့်ရခဲ့တယ် ။ သူက ဘယ်လိုလူမျိုးလဲ ?
ဒီအကြောင်းကို အနည်းငယ်လေ့လာမိတော့ ပိုက်သာဂိုရဟာ ကမ္ဘာ့ပထမဆုံး သင်္ချာကျောင်းကြီးကို တည်ထောင်ပြီး "သီအိုရီ ပညာရှင်များ" - "သီအိုရီယန်" များ ကို မွေး ထုတ်ပေးခဲ့တယ်လို့ ဆိုတယ် ။ မျိုးဆက်သစ်တွေ မွေးထုတ်နည်းကို အဦးဆုံး ကြံစည်ခဲ့တယ်လို့လည်း ယူဆနိုင်ပါတယ် ။ ဂိုဏ်းဝင် အပေါင်း တို့ ကျင့်ကြံ နေထိုင်ရမည့် သဘောကိုလည်း - ဥပမာငယ် တစ်ခုပေးပြီး သွန်သင် ပြသခဲ့သေးတယ် ။ အဆိုက -
"ဂရိတွင် အိုလံပစ်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိသည်။ ဤပွဲတော် ကျင်းပချိန်တွင် - ပွဲတော်သို့ လူအများ လာရောက် သည် ဖြစ်၍ - ရောင်းဝယ်ဖောက်ကားမှု စီးပွားရှာရန် အလို့ငှာ ရောက်လာသူများ ရှိသည်။ အိုလံပစ် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် မည့် သူများ ရှိသည်။ စီးပွားရေးအလို့ငှာ လည်း မဟုတ်၊ ဝင်ရောက်ယှဉ်ပြိုင်သူ လည်း မဟုတ် - ပွဲကြည့်ရန် အလို့ငှာ သက်သက် လာ သူများလည်း ရှိသည်။ ပိုက်သာဂိုရက ၎င်း အသင်းသားများ ၏ သဘောထားမှာ ထိုကဲ့သို့ပင် - ပြိုင်ပွဲကို ကြည့်ရှုရုံ သက်သက်၊ လေ့လာရုံသက်သက်၊ အကဲခတ်ရုံ သက်သက် လာရောက် ကြည့်ရှုသူများ ကဲ့သို့ နေထိုင်သွားရမည် " လို့ သွန်သင်ပါတယ်။ အကျိုး အမြတ် တစ်စုံတစ်ရာ ကိုမျှ မျှော်ကိုးမှု မရှိစေဘဲ ဤလောကသို့ လေ့လာကြည့်ရှု ရုံသက်သက်သာ ဘဝကို အသုံးချသွား ကြရန်ဖို့ ဖြစ်တယ် ။
"ဥရောပ ဒဿန နှင့် သင်္ချာပညာကို ထူထောင်ပေးရာတွင် ပိုက်သာဂိုရသည် သင်္ချာဒဿန အမွေများစွာနှင့် ကံစွပ်မိသော မှန်းဆချက် များလည်း ပေး ခဲ့သည်။ ကံစွပ်မိသော ဟု သုံးရခြင်းမှာ - ယင်းသို့သာ မဟုတ်ပါက အရာတို့၏ အတွင်းကျဆုံး အပိုင်း သို့ ဖောက် ထွင်း မြင်နိုင် ၍ အနာဂတ်ကို ကြိုတင်ဟောကိန်း ထုတ်နိုင်သလော၊ မဟိဒ္ဓိ ပုဂ္ဂိုလ်ထူး တစ်ဦး၏ ဉာဏ်အလင်းပင် ဖြစ်ခဲ့လေသလော" ဟု အင်္ဂလိပ် သင်္ချာပညာရှင် ဝှိုက်ဟက် (A.N.Whitehead) က အံ့ဩဘနန်း ရေးသားဖော်ပြခဲ့ပါသေးတယ် ။
ထားပါတော့ ပိုက်သာဂိုရအကြောင်းကို ။ အခုက အာခိမိဒိ အကြောင်းကို ဖေါ်ထုတ်ရမှာဖြစ်တဲ့အတွက် အနည်းငယ် ဆွဲခေါ်ရရင် အာခိမီးဒိကို ခရစ်မပေါ်ခင် ၂၈၇ ဘီစီမှာ ယခု အီတလီနိုင်ငံ၊ ယခင်တုန်းကတော့ အဲ့ဒီဒေသတွေ အစိတ်စိတ်အမွှာမွှာကွဲနေတဲ့ အချိန်မှာမွေးဖွားခဲ့တာပါ။ သူမွေးဖွားတဲ့အချိန်တုန်းက သူ့ဇာတိဟာ စစ်စလီကျွန်းရဲ့ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ ဆိုင်ရာကုစ်မှာ မွေးဖွားခဲ့တာပါ။ အဲ့ဒီအချိန်တုန်းကတော့ ဆစ်စလီကျွန်းကို မက်ဂ်နာ ဂရာစီယာက သိမ်းပိုက်ထားတဲ့ အချိန်ပါ။ သူ့အဖေဟာ ဖီးဒီးရပ်စ် ဖြစ်ပြီး နက္ခတ်ဗေဒ ပညာရှင်ဖြစ်တယ်လို့ဆိုပေမယ့် သူ့အကြောင်းကတော့ ဘယ်သူမှ မသိကြတော့ပါဘူး။ အဲ့ဒီခေတ်တုန်းက စာရွက်တွေ ကျောက်သင်ပုန်းတွေ မပေါ်သေးတော့ အာခိမီးဒိ ဟာ ဖုန်တွေ၊ သဲတွေ မြေကြီးပေါ်မှာ စတဲ့ ရေးခြစ်လို့ရတဲ့ မျက်နှာပြင်တွေပေါ်မှာ သူ့ရဲ့ ဂီသြမေတြီ ပုံတွေကိုရေးဆွဲပြီးတော့ တစ်နေကုန်စဉ်းစားခန်းဝင်ခဲ့ပါတယ်။ တစ်ခါတစ်လေမှာ သူဟာ စားဖို့ကိုတောင်မေ့နေပြီးတော့ တစ်ခါတစ်ရံ သူ့ကိုယ်ပေါ်မှာလည်း ရေမချိုးခင်အထိ ပုံတွေ ရေးဆွဲတတ်သေးတယ်လို့လည်း ဆိုပါတယ်။
စစ်စလီကျွန်းဟာ အခုဆိုရင် အီတလီနိုင်ငံရဲ့ သမိုင်းဝင်ကျွန်းတစ်ခုဖြစ်နေပါပြီ ။ အဲ့ဒီ့ကျွန်းဟာ ဂရိသမိုင်းတွေ ယဉ်ကျေးမှုတွေ ဗိသုကာပညာရပ်တွေ သင်္ချာပညာနဲ့ အင်ဂျင်နီယာတွေကို မွေးထုတ်ပေးတဲ့ မြို့အဖြစ် လူသိများကြပါတယ် ။ အဲ့ဒီ့ကျွန်းငယ်လေးမှာပဲ အလွန်ထက်လှတဲ့ လူငယ်လေးတစ်ယောက် ဖွားမြင်လာခဲ့ပါတယ် ။ အဲ့ဒီ့ သူငယ်ဟာ နောင်တစ်ချိန်မှာ အလွန်မှ ယခုခေတ်ထိတိုင် သင်္ဘောတည်ဆောက်တဲ့ အခြေခံအုပ်မြစ်အဖြစ် မပါမဖြစ်တဲ့ နည်းပညာရပ်ကို မွေးထုတ်ပေးခဲ့တဲ့ အာခီမီးဒိပဲဖြစ်တယ် ။ သူ့ရဲ့ ဖြစ်ရပ်တွေထဲမှာ အလွန်ထင်ရှားလှတဲ့ အရာတစ်ခုကို ဖေါ်ပြရမယ်ဆိုရင် ဘုရင်မင်းမြတ်ဟာ သူ့ရဲ့ သရဖူကို ရွှေချိန်ဘယ်လောက်ပါတယ် / နောက်ပြီး သတ္ထုဘယ်လောက် စပ်ထားတယ် ။ အစရှိတာကို ခွဲထုတ်ပြဖို့အတွက်ပဲဖြစ်တယ် ။ ရှင်ဘုရင်ရဲ့ သရဖူဖြစ်နေတာကြောင့် ရွှေကို ကျိုချက်လို့လဲ မရတာကြောင့် အင်မတန်မှ ခက်လှတဲ့ အမေးပုစ္ဆာတစ်ခုဖြစ်တယ် ။ အာခီမီးဒိဟာ ဒီအရေးကို နေ့ရော ညပါ အဖြေရှာနေပေမယ့်လုံးဝမတွေ့ရပဲဖြစ်နေခဲ့ပြီး တစ်နေ့ ရေချိုးတဲ့အခါမှာ သူ့ရဲ့ ခန္ဓာအလေးချိန်ဟာ ရေခွက်ထဲကျတဲ့အခါ အပေါ်ကို လျှံတက်လာတဲ့ ရေတွေကို ကြည့်ပြီး သူ့ရဲ့ အဖြေရှာနေတဲ့ အာခိမီးဒိ ၀ိသေသကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အာခိမီးဒိဟာ အဲ့ဒီအချိန်တုန်းက ပျော်လွန်းလို့ “Eureka!” “Eureka!” လို့ အော်ဟစ် ပြီး လမ်းပေါ်ကို အ၀တ်အစားမပါပဲ ထွက်ပြေးခဲ့တယ်အထိ ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ပါတယ်။ “Eureka!” ဆိုတာက ဂရိလို “ငါတွေ့ပြီ” လို့ အသဓိပ္ပါယ်ရပြီး အာခိမီးဒိ ၀ိသေသဟာ ကျွန်တော်တို့ သင်္ဘောလောကမှာ အခြေခံတစ်ခုပါ။ ဒါကိုမှ သူမဖော်ထုတ်နိုင်ခဲ့ရင် ဒီသဘောတရားကိုသိဖို့ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ဘယ်လောက်အထိ စောင့်ဆိုင်းရဦးမယ်မသိပါဘူး။
နောက်ထပ်သူတည်ထွင်ခဲ့တာကတော့ ကုတ် သဘောတရား(Principle of levers) ဖြစ်ပါတယ်။ ဆိုလိုတာက အရာဝတ္တုနှစ်ခုရဲ့လေးချိန်ဟာ အကွာအဝေးပေါ်မူတည်ပြီး တူညီနိုင်တယ်ဆိုတာကို အခြေပြုတာဖြစ်တယ် ။ အခုခတ်မှာတော့ ကလေးတွေကစားကြတဲ့ ဒန်းတွေကို ကြည့်ရင်သိမှာပါ ။ အဲ့ဒီ့နည်းကို ထုတ်ဖေါ်နိုင်ခဲ့တာကြောင့် ရောမတပ်တွေ သူတို့ ကျွန်းငယ်လေးကို လာရောက်သမ်းပိုက်တဲ့အခါမှာ ပစ်လွှဲရတဲ့ အမြှောက်တွေကို တီထွင်နိုင်ခဲ့တာဖြစ်တယ် ။ ရုပ်ရှင်ကားတွေမှာ ပါတာမျိုး မြင်ဖူးကြမယ်ထင်ပါတယ်ခင်ဗျာ ။ အဲ့ဒီ့နည်ကို ရှာဖွေတွေ့ရှိခဲ့တုန်းကဆိုရင် သူဟာ ဒီလို ပြောခဲ့ဖူးပါသေးတယ် ။
" ငါ့ကို နေရာတစ်နေရာသာပေးပါ၊ ကမ္ဘာကြီးကို ရွှေ့ပြနိုင်တယ် " တဲ့ ။
သူ့ရဲ့ တွေ့ရှိချက်တွေဟာ သူရဲ့ အင်အားနည်းပါးလှတဲ့ သူ့ကျွန်းကလေးကို ရန်သူတွေဖြစ်တဲ့ ရောမ စစ်သည်တွေရဲ့ တိုက်ခိုက်မှု့ကို ၂ နှစ်ကြာအောင် ရွပ်ရွပ်ချွံချွံ ကာကွယ်ပေးနိုင်ခဲ့တာပါ။ ထိုခေတ်က ဆိုင်ရာကုစ်ရဲ့ သင်္ဘောတွေဟာ ကျန်တဲ့ နိုင်ငံတွေ မတည်ဆောက်နိုင်လောက်အောင်အဲ့ဒီအချိန်က ကြီးမားလွန်းလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာခိမီးဒိ ရဲ့ ကုတ် သဘောတရားတွေ ကို အသုံးချပြီး တည်ဆောက်တဲ့အတွက် သာမန် လူအင်းအားတွေ မနိုင်တဲ့ ၀န်တွေကို ရွှေ့ပြောင်းနိုင်ခဲ့လို့ဖြစ်ပါတယ်။ နောက်ထပ်တည်ထွင်မှု့ကတော့ “Archimedes Screw” ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ဒီနေ့ အသုံးပြုနေတဲ့ ၀က်အူရစ် ရေစုပ်စက်တွေရဲ့ မူလ အခြေခံတစ်ခုလည်း ဖြစ်ပါတယ်။ သင်္ဘောတွေ ကြီးမားစွာတည်ဆောက်နိုင်တဲ့အခါ ထိုခေတ်က သစ်သားတွေကို အသုံးပြုတဲ့အတွက် ရေစိမ့်ဝင်တာတွေရှိခဲ့ပါတယ်။ ဒီလို ရေစိမ့်ဝင်မှု့တွေကို စုပ်ထုတ်ဖို့အတွက် အာခိမီးဒိ က ဒီ ရေစုပ်တဲ့ ပစ္စည်းကို တည်ထွင်ပေးခဲ့တာပါ။နောက် ရန်သူသင်္ဘောတွေ ချဉ်းကပ်လာတဲ့အခါမှာ အင်အားကြီးမာတဲ့ ပိုမို တိကျ သေချာတဲ့ လောက်လွှဲကြီးတွေကို သူ့ရဲ့ တွေ့ရှိမှု့နဲ့ တည်ဆောက်နိုင်ခဲ့တဲ့အတွက် ကျောက်တုံးကြီးတွေ၊ မီးအိုးကြီးတွေ၊ မြှားတံကြီးတွေကို တရပ်စပ် ပစ်လွှတ်ရင်း အင်းအားကြီးမားလှတဲ့ ရောမ ရန်သူတွေကို အံတုနိုင်ခဲ့ပါတယ်။ ထူးခြားတဲ့ နောက်ထပ် တီထွင်မှု့ကတော့ “Archimedes’ claw” ဖြစ်ပါတယ်။ ဒီပစ္စည်းကတော့ ယခုခေတ်မြင်နေရတဲ့ ၀န်ချီစက်တွေနဲ့ ဆင်တူပါတယ်။ ဒီ မောင်တံကြီးတွေရဲ့ တစ်ဘက်မှာတော့ အလေးချိန်စီးတဲ့ သတ္တုတွေနှင့် ထိန်းညှိထားပါသတဲ့။ ဒီမောင်းတဲ့ကြီးတွေဟာ ကျွန်းနားက ခံတပ်ကို ကပ်လာတဲ့ သင်္ဘောကြီးတွေဆီကို သွားချိတ်ပြီး သင်္ဘောတွေကို လှုပ်ခါ တိမ်းမှောက် ဖျက်ဆီး ပစ်စေပါသတဲ့။ ဒါကြောင့် ရန်သူတွေဟာ အထိတ်တလန့်နဲ့ ကျွန်းနားကို ကပ်ကို မကပ်ရဲအောင်ကို ဖြစ်ကြရပါတယ်။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး။ အာခိမီးဒိဟာ “Death Ray” လို့ခေါ်တဲ့ သေမင်းတမန် ရောင်ခြည်တန်းကြီးကိုလည်း တီထွင်ပြီးတော့ ရန်သူ့ သင်္ဘောတွေကို မီးရှို့ဖျက်စီးခဲ့ပါတယ်။ အမှန်ကတော့ ဒါဟာ နေရောင်ခြည်ကို အသုံးပြုကာ မြောက်များလှစွာတော့ အလင်းပြန်နိုင်တဲ့ ကြေးမှန်ကြီးတွေကို ပါရာဘိုလာပုံစံ အ၀ိုင်းပတ်အနေအထား တည်ရှိစေပြီး ဆုံမှတ်တစ်ခုထဲသို့ အလင်းပြန်ပေးလိုက်တဲ့အခါမှာ အပူချိန်မြင့်တက်လာပြီး စစ်သင်္ဘောတွေကို မီးလောင်ပြာကျစေတာဖြစ်ပါတယ်။ ထိုခေတ်အခါကတော့ အံသြဖွယ် ကောင်းလောက်တဲ့ သေမင်းတမန် ရောင်ခြည်တန်းကြီးဖြစ်ပါတယ်။ ဒီ သေမင်းတမန် ရောင်ခြည်ကို ၂၀၀၅ ခုနှစ်မှာ MIT တက္ကသိုလ်ကလူတွေ လက်တွေ့စမ်းသပ်တော့လည်း တကယ်ကို အပြင်မှာ မီးလောင်ပြာကျစေတာကို တွေ့ရပါတယ်။
အာခိမီးဒိဟာ ထူးချွန်တဲ့ သင်္ချာပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ပိုင် ရဲ့ တန်ဖိုးဖြစ်တဲ့ 3.1416 ကို အနီးစပ်ဆုံးဖြစ်အောင် တွက်ချက်ပြနိုင်ခဲ့တဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ နောက်သူဟာ Quadrature of Parabola စနစ်ကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပြီး ဒါကို သေမင်းတမန် ရောင်ခြည်တန်းကြီးမှာ အသုံးချခဲ့ပါတယ်။ အာခိမီးဒိဟာ ဘီစီ ၂၁၂ ခုနှစ် ဒုတိယအကြိမ် ပူးနစ် စစ်ပွဲမှာ ရောမစစ်သည်တွေ သူတို့ကျွန်းကလေးကို သိမ်းပိုက်တဲ့ အချိန်မှာ သေဆုံးသွားခဲ့ပါတယ်။ သူ့ကို ရောမစစ်သည်တစ်ယောက်က သတ်လိုက်တယ်လို့ဆိုပါတယ်။ ရောမစစ်သည်တွေ မြို့ထဲကို ၀င်သိမ်းတော့ အာခိမီးဒိကို ရောမဗိုလ်ချုပ်ကြီး မားကပ်စ်နဲ့တွေ့ဖို့ စစ်သားက ခေါ်ဆောင်တယ်လို့ဆိုပါတယ် ။ ဒါပေမယ့် သမိုင်းဝင်စကားတစ်ရပ်ကို ထိုခေါ်ဆိုမှုက ဖြစ်ပေါ်လာစေပါတယ် ။ အဲ့ဒီ့စကားကတော့ ရောမ စစ်သည်တစ်ယောက်ဟာ သူဆွဲနေတဲ့ စက်ဝိုင်းအပေါ် ခြေချမိတဲ့အခါ " ငါ့စက်ဝိုင်းကို မနင်းနဲ့ " လို့ ဆိုတာကြောင့် ရောမစစ်သည်ဟာ စိတ်မထိန်းနိုင်ပဲ သတ်ပစ်လိုက်တာဖြစ်တယ် လို့ ဆိုပါတယ် ။ ဂရိသမိုင်းပညာရှင် ဂျွန် တက်ဇီးရဲ့ အဆိုအရတော့ အာခိမီးဒိဟာ အသက် ၇၅နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။ သူသေဆုံးတဲ့အချိန်မှာ သူ့ရဲ့ တောင်းဆိုမှု့အရ သူ့ရဲ့ အုတ်ဂူပေါ်မှာ သူတွေ့ရှိခဲ့တဲ့ သက်သေပြချက်တစ်ခုဖြစ်တဲ့ စက်လုံးတစ်ခုရဲ့ ထုထည်ဟာ အဆိုပါစက်လုံးနှင့် အမြင့် ရော အ၀န်းရောတူတဲ့ စလင်ဒါတစ်ခုရဲ့ ထုထည်ရဲ့ ၃ပုံ ၂ပုံ ရှိကြောင်း အထိမ်းအမှတ်အနေနဲ့ စက်လုံးကို စလင်ဒါ ငုံထားတဲ့ အထိမ်းအမှတ်ရုပ်ထုကို ဆောက်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်ခင်ဗျာ ။
ဗဟုသုတရရှိနိုင်ကြပါစေ
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment