ရန်ငြှိုး နှင့် ဗုဒ္ဓ၏ အဆုံးအမများ !
----
ဤသူသည် ငါ့ကို ဆဲရေးခဲ့ပြီ ။ သူသည် ငါ့ကို ညှဉ်းဆဲနှိပ့်စက်ခဲ့လေပြီ ။ သူသည် ငါ့ကို အောင်မြင်လေပြီ ။ သူသည် ငါ့ဥစ္စာတို့ကို ယူသွားလေပြီ ။ ဤကဲ့သို့သော အကြံအစည်သည် တချို့သူတို့၏ စိတ်ထဲ၌ အမြဲရှိနေလေ၏ ။ ထိုသူတို့သည် ထိုအကြံအစည်ကို မပြတ် မွေးမြူကြ၏ ။ ဤအကြံအစည်များ၌ အခြေပြု၍ မိမိတို့၏ ရန်ငြှိုးဖွဲ့မှုကို တည်ဆောက်ကြကုန်၏ ။ ဤ ပုဂ္ဂိုလ်များအတွက် ရန်မအေးငြိမ်းနိုင်ပေ ။
လူတချို့သည် ထိုသို့သော အကြံအစည်များကို မမွေးမြူကြကုန် ။ မိမိတို့၏ ရန်ငြှိုးဖွဲ့မှုကို မတည်ဆောက်ကြကုန် ။ ဤပုဂ္ဂိုလ်များအတွက် " ရန် " အေးငြိမ်းနိုင်ပေသည် ။
ရန်ငြှိုးဖွဲ့မှု ရှိနေသရွေ့ ရန်အေးငြိမ်းမှု မရှိနိုင် ။ ရန်ငြှိုးဖွဲ့မှု မရှိသောအခါ၌သာ ရန်အေးငြိမ်းမှု ရှိနိုင်ပေသည် ။
မိမိတို့သည် တစ်နေ့တွင် သေကြမည်ဟု လူတို့သည် ဘယ်သောအခါမှ မသိမြင်ကြကုန် ။ ဤ မသိမြင်မှုကြောင့် ရန်သည် ဘယ်တော့မှ မဆုံးတော့ချေ ။ ပညာရှိတို့ကမူ မိမိတို့သည် တစ်နေ့တွင် သေရမည်ဟု သိမြင်၏ ။ ဤ သိမြင်မှု ရှိသောကြောင့် ရန်သည် ချုပ်ငြိမ်းကုန်ဆုံးသွားပေ၏ ။
လူတစ်ယောက်သည် ဒေါသကို ဒေါသနှင့် တုန့်ပြန်၏ ။ ဤပုဂ္ဂိုလ်သည် တခြားပုဂ္ဂိုလ်ထက် ပို၍ ဆိုးယုတ်၏ ။ တခြားပုဂ္ဂိုလ်က မိမိ၏ ဒေါသ ပြင်းစွာ ထွက်စေသောအခါ မိမိ၏ ဒေါသကို နှိမ်နင်းအောင်မြင်သော ပုဂ္ဂိုလ်သည် မအောင်မြင်နိုင်သော ကိလေသာ စစ်တပ်ကြီးအပေါ်၌ ထူးခြားအောင်မြင်မှုကို ရရှိပြီဟု ခေါ်ဆိုနိုင်သော ပုဂ္ဂိုလ် ဖြစ်ပေ၏ ။
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment