ကမ္မသတ္တိနှင့် ကမ္မဝါဒ
------------------------
ကမ္မဟူသော ပါဠိစကားကို မြန်မာလို ကံဟုခေါ်သည် ။ ကံဟူသောစကားကို တစ်မျိုးထက်၍ မြန်မာပြန်လျှင် အမှုဟု ခေါ်ပြန်သည် ။ ထိုအမှုကား ကိုယ်မှု နှုတ်မှု စိတ်မှုအားဖြင့် သုံးမျိုး ကွဲပြား၏ ။ ကိုယ်မှုဟူသည်လက်ခြေ စသော ကိုယ်အင်္ဂါဖြင့် ပြုရသော လုပ်ငန်းကိစ္စစုဖြစ်၍ နှုတ်မှုဟူသည် ပြောဆိုရသော ကိစ္စတည်း ။ စိတ်ဟူသည် မှာ ကိုယ်၌လည်းမလှုပ် နှုတ်၌လည်းမလှုပ် မပါပါပဲလျှက် စိတ်တည်းဟူ၍သာ စဉ်းစားကြံစည်စိတ်ကူးမှုတည်း ။
ပထဝီဓါတ်ချည်း သက်သက် ခန္ဓာကိုယ်မဖြစ်နိုင် ။ ပထဝီဓါတ် လွင့်မသွားအောင် အာပေါဓါတ်က စိမ့်စိုလျက် ရှိရ၏ ။ စိုထိုင်းထိုင်းမရှိရအောင် တေဇောဓါတ်က အငွေ့ပေးရလျက်ရှိ၏ ။ တစ်ဖွဲ့စီ တစ်ဖွဲ့စီ တွဲမိအောင် ဝါယောဓါတ်က တွန်းထိုး ဖိညှပ်လျက် ရှိရ၏ ။ ထိုဓါတ်ကြီး ၄ ခု အစုအဖွဲ့၌ မကင်းစကောင်းသော ဝဏ္ဍ ဂန္ဓ ရသ သြဇာ တို့ပါရှိကြ၏ ။ ထိုသို့ ရုပ်ကလာပ် များစွာတို့ ပူးပေါင်းမိသောအခါ ရှေးက လူရုပ်ဖြစ်အောင် လုပ်နိုင်သော ကံစီမံချက်အတိုင်း လူကိုယ်ကောင်ဖြစ်အောင် ပူးတွဲမိကြလေသည် ။
ထိုကဲ့သို့ ကံစီမံရာ၌ ကံပြုစဉ်က စိတ်အနေအထားလိုက်၍ ယောက်ျား မိန်းမ သဏ္ဍာန်ပေါ်အောင်လည်း စီမံရ၏ ။ အကုသိုလ်ကံအလိုက် ငရဲသဏ္ဍာန် ပြိတ္တာသဏ္ဍာန် များကိုလည်း စီမံရ၏ ။ ကုသိုလ်ကံ ကောင်း မကောင်းကိုလိုက်၍ လှပသောသဏ္ဍာန် မလှပသောသဏ္ဍာန် များကိုလည်း စီမံရ၏ ။ အကုသိုလ်ကံကြောင့် တိရိစ္ဆာန်သဏ္ဍာန်ကို ရသော်လည်း ရှေးကုသိုလ်ကံများ အခွင့်သာလာလျှင် တိရိစ္ဆာန် လှလှကလေးဖြစ်အောင် ကျွေးချင် မွေးချင်စရာကောင်းအောင် စီမံပြန်လေ၏ ။
ကုသိုလ်ကံကြောင့် လူဖြစ်သော်လည်း အကုသိုလကံက မလှမပဖြစ်အောင် သူတစ်ပါး ရွံ မုန်းအောင် ပေးကမ်းချင်သူနည်းအောင် စီမံပြန်၏ ။ ဤသို့လျှင် ကံတရားသည် မိမိစွမ်းအားရှိသလောက် ဤခန္ဓာကိုယ် တရားကြီးကို ပဋိသန္ဓေတည်စ အမိဝမ်းတွင်းကစ၍ စီမံဖန်တီးလေသည် ။ ဤကံကြောင့် ဖြစ်သောရုပ်ကို ကမ္မဇရုပ်ဟုခေါ်လေသည် ။
ကံဟူသော စိတ်၏ ဖန်တီးဦးဆောင်ပုံမှာ စိတ်၏အလိုအတိုင်း ထိုင်ရ အိပ့်ရ ရပ်ရ သွားရ၏ ။ သွားလိုသောစိတ် ဖြစ်သောအခါ စိတ္တဇရုပ်တို့သည် တစ်ကိုယ်လုံး ပျံ့နှံ့လျှက် ရှိ၏ ။ ထိုစိတ္တဇ ရုပ်များ၌ ဝါယောဓါတ်သည် ခါတိုင်းထက် သတ္တိကောင်း၏ ။ ထိုဝါယောဓါတ် အစွမ်းကြောင့် တစ်ကိုယ်လုံး လှုပ်လှုပ် ရွရွ ဖြစ်ရ၏ ။ ဝါယောဓါတ် လွန်ကဲသော ရုပ်ကလာပ်တွေ များသည်ထက် များလာသောအခါ ရွေ့ကာ ရွေ့ကာ သွားလာသကဲ့သို့ ဖြစ်၏ ။ ထိုဝါယောဓါတ် အစွမ်းကြောင့် ရွေ့ကာ ရွေ့ကာ ဖြစ်ရာ၌ ရွေ့ချင်တိုင်းမရွေ့ရဘဲ စိတ်အလိုကျအောင် ရွေ့ကြရလေသည် ။
လူသွားသည်ဟု ဆိုရာ၌ သွားသည်ဟု ဆိုရာ၌ သွားလိုသောစိတ်ကြောင့် ပထမဖြစ်သောရုပ်များသည် သွားနိုင်ခြင်းမရှိသေးပေ ။ မတ်တက်ရပ်လျက်တာ ရှိသေး၏ ။ သို့သော် ပထမ ရုပ်ကလာပ်၌ ပါဝင်သော ဝါယောဓါတ် အစွမ်းကြောင့် မငြိမ်သက်သော အမူအရာ ဖြစ်လာ၏ ။ ထို့ကြောင့် ဒုတိယ ရုပ်စုသည် ပထမ ရုပ်စု၏ နေရာ၌ မဖြစ်ဘဲ ထိုနေရာနှင့် ဆက်ကပ်နေသော ဒုတိယ နေရာ၌ ဖြစ်၏ ။ ဤသို့လျှင် နောက်နောက်ဖြစ်ကြသော ရုပ်ကလာပ်စုတို့က နေရာ ရွေ့၍ ရွေ့၍ ဖြစ်နေကြရာဝယ် မျက်စိတစ်မှိတ်ခန့်အတွင်း၌ ကာဋေတစ်သိန်းခန့်မက အထပ်ထပ် ဖြစ်သောကြောင့် မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် သွားနေသော သဏ္ဍာန်ထင်ပေါ်လာလေသည် ။
ထို့အပြင် စိတ်ပျို ကုယ်နု ဆိုသည့်အတိုင်း စိတ်ချမ်းသာသူ၌ ကြည်လင်သော စိတ္တဇရုပ်များဖြစ်၍ စိတ်ထောင်းကိုယ်ကျေဆိုသော သူတို့မှာ စိတ်မချမ်းသာသောကြောင့် ရုပ်များ ညှိုးနွမ်းရ၏ ။
အိမ်တစ်ဆောင်ကို မီးလောင်လျှင် နီးကပ်သော အိမ်များလည်း မီလောင်ရသကဲ့သို့ စိတ္တဇရုပ်က ညှိုနွမ်းပူလောင်နေလျှင် ဆက်စပ်နေသော ကမ္မဇ ဥတုဇ အာဟာရဇ ရုပ်များလည်း ပူလောင်ရတော့၏ ။ ထို့ကြောင့် အလွန့်အလွန် စိတ်မချမ်းသာသူသည် အရွယ်နှင့် မတန်အောင် အိုမင်းခြင်း ထို့ထက် ပူလောင်သောအခါ နှလုံးကွဲ၍ သေဆုံးရခြင်းထိတိုင် ဖြစ်ရ၏ ။ ဤကဲ့သို့ ခန္ဓာကိုယ်ကို ပဋိသန္ဓေကစ၍ စိတ်ကလည်း ပြုပြင်လျက်ရှိကြောင်းကို မှတ်ရ၏ ။
ဥပမာ - လူတစ်ယောက်ကို အများက ဝိုင်း၍ သတ်ကြရာ၌ အခြားသူတို့က အတော်အတန် ရိုက်ကြ နှက်ကြသော်လည်း အရာမျှမထင် ။ လူတစ်ယောက်ကား သူများထက် နှစ်ဆလောက်နာကျင်အောင် ရိုက်နှက်လေရာ သေရှာလေ၏ ။
ထိုလူသတ်မှု၌ သေအောင်ရိုက်နှက်သော တရားခံအစစ်မှာ အမှုသည်ဖြစ်ရသကဲ့သို့ ထို့အတူ ဒါန သီလ စသော အကုသိုလ်ကံကို စိတ် စေတသိတ် အများ ပူးပေါင်း၍ ပြု ကြရာ၌ စေတနာသည် သတ္တိ အထက်ဆုံး ဗျာဘာသ လွန်ကဲဆုံး ဖြစ်ရကား စေတနာ၏ သတိသာလျှင် ပြုသူသန္တာန်၌ အဖတ်တင်ရစ်လေ၏ ။
ထို့ကြောင့် ထိုကံ ပြုသူဖြစ်သော အမှုသည်ကို ရှာလျှင်ပင် စေတနာအပေါ်မှာသာ သတ္တုကျ၏ ။ သို့ဖြစ်၍ စေတနာကို အမှုသည်ဟု အမည်တပ်ကာ မြတ်စွာဘုရားရှင်သည် " ဘိက္ခုတို့ ။ စေတနာကို ကံဟု ငါဘုရား ဟောတော်မူ၏ " ဟုဆိုခဲ့လေသည် ။
ဤ စကားအရမူ စေတနာထက်လျှင် ကံကြီး၍ စေတနာညံ့လျှင် ကံညံ့၏ ဟု မှတ်သားရမည်ဖြစ်၏ ။
ပဋိသန္ဓေတည်စ ပထမဆုံး ခဏ၌ပင် အဖို အမ ကွဲပြားဖို့ရန် ရှေးကံ၏ အစွမ်းကြောင့် ရုပ်တစ်မျိုးစီ ပါခဲ့ကြသည် ။ ထိုရုပ်ကလေးများသည် ခန္ဓာကိုယ် တစ်ခုလုံး အရပ်ရပ်၌ပင် ပါရှိကြလေ၏ ။ မိန်းမဖြစ်ဖို့ရန် ထိုအရင်းခံရုပ်ကို ဣတ္ထိဘာဝရုပ် ဟုလည်းကောင်း ယောက်ျားဖြစ်ဖို့ရန် ထိုအရင်းခံရုပ်ကို ပုရိသဘာဝရုပ်ဟူ၍လည်းကောင်း ခေါ်၏ ။
သစ်ပင်၌ မျိုးစေ့အလိုက် အကိုင်း အခတ် အရွက် အသီးတို့ ထွက်ရသကဲ့သို့ ထို့အတူ ဣတ္ထိဘာဝရုပ်ဟူသော အရင်းခံမျိုးစေ့ကြောင့် မိန်းမသဏ္ဍာန် မိန်းမအင်္ဂါ မိန်းမအမူအရာဖြစ်လာ၍ ပုရိသဘာဝဟူသော အရင်းခံမျိုးစေ့ကြောင့် ယောက်ျားပုံသဏ္ဍာန် ယောက်ျားအင်္ဂါ ယောက်ျားအမူအရာများ ဖြစ်လာရခြင်းဖြစ်သည် ။
ကံတရားနှင့် ပတ်သတ်၍ ဟိန္ဒူဘာသာတရား၏ အယူများနှင့် ရောနှောတက်ကြပါသောကြောင့် ဟိန္ဒူတရားများကို အနည်းငယ် တင်ပြရပေအံ့ ။
ဟိန္ဒူဘာသာသည် ကံတရားနှင့်ပတ်သတ်၍ ဖန်ဆင်းရှင် ထာဝရဘုရားမှာ လူသားအပါအဝင် ကမ္ဘာလောကကြီးကို ဖန်ဆင်းခြင်းနှစ်သာ သက်ဆိုင်သည် ။ လူသားတို့ ပြုလုပ်လိုက်သော အကြောင်းအကျိုး ဆက်သွယ်မှုနှင့် သက်ဆိုင်မှုမရှိပေ ။ ကံတရား လည်ပတ်မှုတွင် ဝင်ရောက်စွတ်ဖက်ခြင်းမရှိပေ ။ သစ်ပင်မျိုးစေ့ အမ်ျုးမျိုးတို့သည် ယင်းတို့မျိုးရိုးအပင်များ ပေါက်ပွားရာတွင် မိုးရေသည် ကူညီရသကဲ့သို့ ထာဝရ ဘုရားသခင်သည်လည်း လူးတို့အား ဖန်ဆင်းရာတွင် ပါဝင်ခဲ့ရသည် ။ သို့သော် လူသားတစ်ဦးစီ၏ ကံကြမ္မာကိုမူ ကမ္မတရားကသာ ထိန်းချုပ်ထားရှိသည် ။
အနာဂတ်ကို ကမ္မတရားက စိုးမိုးချယ်လှယ်သော်လည်း ဘုရားသခင်ထံ ရှစ်ခိုး ဆုတောင်းမှုများ အကျိုးကျေးဇူး ရှိမရှိ ဆ်ုသည့်ကိစ္စတွင် အကျိုးရှိကြောင်း ဖေါ်ပြထား၏ ။ ဘုရားသခင်ထံ ဆုတောင်းသောသူများကို ထာဝရဘုရားသခင်က အကျိုးရှိမည့် အလုပ်များ ကောင်းသောအလုပ်များကို လုပ်ကိုင်လိုစိတ် ဖြစ်ပေါ်လာအောင် ကောင်းချီးပေး စွမ်းဆောင်နိုင်မည်ဖြစ်သည် ။ သံသရာမှ လွှတ်မြောက်မည့် တရားနည်းလမ်းများကို ညွှန်ပြနိုင်မည်ဖြစ်သည် ။
ဇီဝခေါ် ရုပ်ဝိညာဉ်သည် ဤလောကကြီး၏ ပြုပြင်ပြောင်းလဲမှုကို အာရုံပြု ခံစားးနိုင်စွမ်းရှိသည် ။ လူ၏ဝိညာဉ်သည် ဘုရားသခင်၏ ဝိညာဉ်တော်ကြီး ဝင်ရောက်ကိန်းဝပ်ခြင်းကို မသိကြချေ ။ လူ့ဝိညာဉ်များသည် ဘုရားသခင်၏ ဝိညာဉ်တော်ကြီးနှင့် တစ်ခုတည်းဖြစ်ကြောင်းကို မသိကြပဲ မိမိကိုယ် မိမိတို့ မှီတွယ်နေစဉ်တွင် ရုပ်ခန္ဓာကြီးနှင့်တာ ထပ်တူဖြစ်ကြောင်းကို သိနားလည်ထားကြသည် ။
လူတို့၏ ဝိညာဉ်များသည် ရုပ်ခန္ဓာကြီးကို ပိုင်ဆိုင်လာကြသည်ဆိုရာ၌ ခန္ဓာငါးပါးကို ခံစားနိုင်သောသူများဖြစ်၍ ကုသိုလ် အကုသိုလ် များကို ပြုလုပ် ဖန်တီးလာသည်ဟုဆို၏ ။
ကမ္မခေါ် ကမ္ဘာလောကကြီးတစ်ခု တစ်ခုစီ၏ အဆုံးသောကာလ၌ ရုပ်လောကကြီးကို ဘုရားသခင်က ရုပ်သိမ်းထားလိုက်သည် ။ ထိုအချိန်မျိုး၌ ဝိညာဉ်များသည် ညဥ့်အရှည်ကြီးတွင် အိပ်ပျော်နေသကဲ့သို့ ရုပ်လောက ကမ္ဘာနှင့် အဆက်အသွယ်မရှိပဲ လွတ်လပ်စွာ အနားရှိသွားကြသည် ။ သို့သော်လည်း သူတို့၏ ရှေးကသိုလ်ကံများမှာ ကုန်ဆုံးသွားခြင်းမရှိသေးသဖြင့် ဘုရားသခင်က ကမ္ဘာလောကသစ်ကြီး တစ်ခုကို ဖန်ဆင်းလိုက်သောအခါ ထိုဝိညာဉ်များသည် ရုပ်ခန္ဓာကိုယ် အသစ်တို့ဖြင့် ပြန်လည်ဝင်ရောက်လာသည်ဟုဆို၏ ။
အချုပ်ဆိုရသော် ဝိညာဉ်ကို ဘုရားသခင်ကဖန်ဆင်း၍ ခန္ဓာငါးပါးကိုအမှီပြုလျက် ကမ္မတရားများက စီရင်ရ၏ ။ ကုသိုလ် အကုသိုလ်များနှင့် ထာဝရဘုရားသခင် ဖန်ဆင်းထားသော ကမ္ဘာလောကကြီအတွင်း သံသရာ ကျင်လည်ရလျက် ဘုရားသခင်က အဆုံးတွင် ရုပ်သိမ်းသောအခါ အတိုင်းအရှည်မရှိသော ဝိညာဉ်တို့ အိပ်စက်ခြင်းသို့ ရောက်ရှိကြရ၏ ။ ကံတရားများ မကုန်သေးသောကြောင့် ထာဝရဘုရားသခင် ပြန်လည် ဖန်ဆင်းသောအခါ တစ်ဖန် ကမ္မအကျိုးအတိုင်း ကျင်လည်ရပြန်ခြင်းဖြစ်ကြောင်း ဆိုခြင်းဖြစ်သည် ။
ဗုဒ္ဓ၏ ရည်ရွယ်ချက် ကျင့်စဉ် တရားအနက်နှင့် လျောက်လှမ်းရှာဖွေသောတရားတို့မှာ တွင်တွင်ကြီး ကွဲလွှဲကြောင်း ထင်ရှားစေရုံသာမက နိဗ္ဗာန်ကို အဓိပ္ပါယ်ပြန်ဆိုရာ၌ လည်း အလွန်ခြားနားပေကြောင်း တွေ့ရှိရလေသည် ။ ဟိန္ဒူဘာသာသည် ဗုဒ္ဓအယူနှင့် လျောက်လှမ်ပုံခြင်း တစ်ခုမျှမတူညီပါ ။
"မိမိသည်သာ မိမိ၏ ကိုးစားရာဖြစ်၏ ။ တပါးသူသည် မိမိ၏ ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း ။ မိမိသည် ကောင်းစွာယဉ်ကျေးသဖြင့် ရခဲလှသော ကိုးစားရာ အရဟတ္တဖိုလ်ကို ရနိုင်၏ "
( ဓမ္မပဒ ဂါထာ - ၁၆၀ )
" ရဟန်းတို့ ငါဘုရား၏ကိုယ်တော်သည် ဘဝတဏှာ ပြတ်ပြီး ဖြစ်လျက် တည်နေတော်မူ၏ ။ ငါဘုရား၏ကိုယ်တော်တည်နေသမျှ ကာလအတွင်း၌သာလျှင် ထိုကိုယ်တော်ကို နတ်လူတို့ ဖူးမြင်ကြရကုန်လတ္တံ့ ။ အသက်ကုန်ဆုံး၍ ကိုယ်တော်ပျက်ဆီးသည်မှနောက်၌ နတ်လူတို့ မဖူးမြင်ကြရကုန်လတ္တံ့ "
( ဒီဃနိကာယ် ။ ဗြဟ္မဇလသုတ် )
" ရဟန်းတို့ အကိရိယ ဒိဋ္ဌိသုံးမျိုး ဟူသည်ကား အလုံးစုံသော ချမ်းသာမှု ။ ဆင်းရဲမှုတို့သည် ရှေးကပြုခဲ့သော အကြောင်းကြောင့်သာလျှင် ဖြစ်သည်ဟူသော အယူတစ်ပါး ။ လောကကို အစိုးရသော ဗြဟ္မာဘုရား ဖန်ဆင်းမှုကြောင့်သာလျှင် ဖြစ်သည်ဟူသော အယတစ်ပါး ။ အကြောင်းမဖက် သက်သက် အလိုအလျောက် ဖြစ်သည်ဟာသော အယူတစ်ပါး ။ ဤ သုံးပါးဖြစ်၏ ။ ဤ အယူများ မှန်သည်ဆိုပါက လူတို့အဖို့ ပြုလုပ်ဆောင်ရွက်ရန် ကိစ္စ ရှိတော့မည်မဟုတ် ။ အဘိုရှိသော အာသာဆန္ဒ စွမ်းအင်လုံ့လ ဖြစ်ပေါ်တော့မည်မဟုတ် ။ သူတော် သူမြတ် သမဏ တို့၏ အယူဝါဒသည်လည်း ဖြစ်ပေါ်လာတော့မည်မဟုတ် "
( အင်္ဂုတ္တရနိကာယ် ။ တိကနိပါတ် ။ တိတ္တာယတနသုတ် )
" ရဟန်းတို့ ထို့အတူသာလျှင် အနည်းငယ်မျှသော မကောင်းမှုကံသည် ပြုသောသူကို ငရဲသို့ ဆောင်၏ ။ အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်သည် ကာယဘာဝနာကို မပွားများ ။ သိလကို မပွားများ ။ စိတ်ကို မပွားများ ။ ပညာကိုလည်း မပွားများ ။ ထိုသူသည် ဂုဏ်အားဖြင့် ငယ်၏ ။ ဂုဏ်ငယ်သောအားဖြင့် ခန္ဓာကိုယ်လည်းငယ်၏ ။ အနည်းငယ်မျှသော မကောင်းမှုဖြင့် ဆင်းရဲစွာ နေရ၏ ။
အချို့သော ပုဂ္ဂိုလ်အဖို့မူကား ထိုမကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးသည်ပင်မထင်။ အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်သည် သီလ ။ ဘာဝနာ ။ ပညာ ပွားများ၏ ။ ဂုဏ်အားဖြင့် မငယ် ။ ဂုဏ်ကြီးသောအားဖြင့် ခန္ဓာကိုယ် ကြီး၏ ။ ရာဂ စသည်တို့ကင်း၏ ။ ဤသို့သော ပုဂ္ဂိုလ်အဖို့ မကောင်းမှုသည် ဒုတိယ ဘဝ၌ အဘယ်မှာ အကျိုးထင်ပါတော့အံ့နည်း "
( အင်္ဂုတ္တရနိကာယ် ။ တိကနိပါတ် ။ လောဏကပလ္လသုတ် )
သီဝက --- ဤလောက၌ ဝေဒနာတို့သည် သလိပ်ကြောင့်သော်လည်းကောင်း လေကြောင့်သော်လည်းကောင်း ။ သည်းခြေသလိပ်လေ ။ သုံးပါး ပေါင်းဆုံခြင်းကြောင့်သော်လည်းကောင်း ။ ဥတု ဖောက်ပြန်ခြင်းကြောင့်သော် လည်းကောင်း။မညီမညွတ် ဆောင်ရွက်ခြင်းကြောင့်သော်လည်းကောင်း ။ သူတစ်ပါး၏ လုံ့လ ပယောဂကြောင့်သော်လည်းကောင်း ။ ကံ၏ အကျိုးကြောင့်သော် လည်းကောင်း ။ ဖြစ်ကုန်၏ ။ဤ အကြောင်းကို ကိုယ်တိုင်လည်းသိအပ်၏ ။ လောကသည်လည်း အမှန်ဟု သမုတ်အပ်၏ ။သို့ဖြစ်၍ တစ်စုံတစ်ခုသော ဝေဒနာ ခံစားရမှုသည် ရှေးကံကြောင့်သာ ဖြစ်သည်ဆိုသောစကားကို အမှားဟု ငါဆို၏ ။
( ဝေဒနာသံယုတ် ။ အဋ္ဌဿပရိယဝဂ် ။ သီဝကသုတ် )
အမေရိကန်ပညာရှင်တစ်ဦး၏ အဆိုကို တင်ပြရလျှင် " ဥပမာတစ်ခုကို စဉ်းစားကြည့်ပါက အတ္တမရှိပဲ ဘဝတစ်ခုကို ကမ္မသတ္တိ ကူးပြောင်းသွားသည်ဆိုသော ဗုဒ္ဓဝါဒီတို့၏ စကားသည် သဘာဝယုတ္တိရှိကြောင်း ထင်ရှား၏ ။ ပျံလွှားငှက်နှင့်ဘ ဘီလုံးငှက်သည် သိသိသာသာခြားနား၍ ထိုခြားနားမှုသည် မျိုးရိုးဗီဇ မတူမှုကြောင့်ဖြစ်သည် ။ ပျံလွှားငှက်၏ မျိုးရိုးစဉ်ဆက်သည် ပြုပြင်ခဲ့သော အကြောင်းတရားများနှင့် ယင်းတို့၏ အကျိုးဆက်များကို အနမတဂ္ဂ ဖြစ်၍ ပျံလွှားငှက်ဥထဲ၌ ဗီဇဓါတ်အဖြင့် ကိန်းအောင်းလျက် ဆိုင်ရာဝိဘတ် အကျိုးတရားများကိုသာလျှင် ဖြစ်ပေါ်စေမည်ဖြစ်သည် ။ ထိုငှက်ဥထဲမှ ဘီလုံးငှက် ထွက်ပေါ်လာလိမ့်မည်မဟုတ် ။ အဘယ်ကြောင့်ဆ်ုသော် ဘီလုံးငှက်ကိုဖြစ်စေသော အကြောင်းတရား သို့မဟုတ် ကမ္မသတ္တိမှာ တသီးတခြားဖြစ်၏ ။ စင်စစ် ဗုဒ္ဓဝါဒီတို့နားလည်သော ကမ္မသတ္တိသည် ဗီဇသတ္တိမဟုတ် ။ ကမ္မ၏သတ္တိဟူသောစကားးသည် မိဘများထံမှ လူတစ်ဦးရရှိသော မျိုးရိုးဗီဇသတ္တိများကို မဆိုလိုပဲ အတိတ်ဘဝများမှ ပါလာသော ဂုဏ်အင်္ဂါသတ္တိများကိုသာ ဆိုလိုခြင်းဖြစ်၏ ။ သို့ရာတွင် ဤခြားနားချက်များကို လျန်လှပ်၍ ဗုဒ္ဓ၏ ကမ္မဝါဒသည် သိပ္ပံပညာရှင်တို့၏ မျိုးရိုးဗီဇ ဝါဒနှင့် များစွာ နီးစက် တူညီလှပေသည် " ဟု ဖေါ်ပြခဲ့လေသည် ။
နောက်တစ်ဦးမှာ ဒေါက်တာရိုင်းစ်ဒေးဗစ်ဖြစ်၏ ။ သူ၏ အဆိုကိုဖေါ်ပြရလျှင်မူ " ဗုဒ္ဓဝါဒီသည် တမလွန်ဘဝ၌ မိမိကိုယ်တိုင်ခံစားရမည့် ချမ်းသာသုခကို မမျှော်မှန်းနိုင်ချေ ။ သူပြုသော ကောင်းမှုများ၏ အကျိုးတရား သို့မဟုတ် ကမ္မဝိပါက်သည် သူသေသောအခါ ကျန်ရှိ၍ အခြားသတ္တဝါများ၏ စီးပွားချမ်းသာ တိုးတက်မှုကို အကျိုးပြုပေလိမ့်မည်" ဟုဆိုလေသည် ။
အိန္ဒိယပညာရှင် တစ်ဦးကမူ " လူသတ္တဝါတစ်ဦး၏ ဘဝသည် အခြားသူများ၏ ဘဝနှင့် ဆက်စပ်လျက်ရှိ၏ အမှုတစ်ခု၏ ဖြစ်ပွားခြင်းအကြောင်းတရား ။ ယင်းအမှုအတွက် တာဝန်ရှိမှုနှင့် အကျိုးသက်ရောက်မှုသည် လူတစိဦးတစ်ယောက်နှင့်သာ သတ်ဆိုင်သည်မဟုတ် ။ ကျွန်က်တို့သည် အခြားသူများ၏ ကောင်းမွေ ဆိုးမွေကို ရှိ၍ ကျွန်ပ်တို့ ပြုကျငိ့သော အမှုများ၏ အကျိုးတရားများသည် အခြားလူများအဖို့ ကျွန်ပ်တို့၏ ကောင်းမွေ ဆိုးမွေများ ဖြစ်၏ " ဟု ရေးသားဖေါ်ပြခဲ့လေသည်များကို ဆက်စပ်ကာ စာပိုဒ်များ အလွန်ရှည်လျားသွားမည်ဖြစ်သောကြောင့် အနည်းငယ်သော အကြောင်းအရာတို့ကိုသာ ထုတ်နုတ်ဖေါ်ပြပေးထားခြင်းဖြစ်လေသည် ။ ကမ္မအကြောင်းတရားကိုလည်း ရှင်းလင်းနိုင်ကြလိမ့်မည်ဟု ထင်မှတ်ပါသောကြောင့် ဤနေရာတွင်သာ ရေးသားဖေါ်ပြမှု အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ ။ နားလည်သိရှိနိုင်ကြပါစေ ။
#htoohtoolay

Comments
Post a Comment