ပဋိစ္စသမုပ္ပါဒ်က အရေးကြီးတယ်
----
ပဋိစ္စသမုပ္ပါဒ်တရားတော်ဆိုတာဟာ အရေးကြီးပါတယ် ။ မြတ်စွာဘုရား၏ သာသနာတော်မှာ ပဋိစ္စသမုပ္ပါဒ်ကိုသိဖို့ရာ အလွန်အရေးကြီးပါတယ် ။ ဘုရားအလောင်းတော်ဟာ ဒီပဋိစ္စသမုပ္ပါဒ် တရားကပဲ စပြီး လမ်းမှန်အတိုင်းနှလုံးသွင်း ဆင်ခြင်ပြီးတော့ ဘုရားအဖြင့်သို့ရောက်တော်မူရတယ် ။ ဘယ်ကစပြီး ဆင်ခြင်တော် မူသလဲဆိုတော့ ဇရာမရဏ အိုခြင်း သေခြင်း ဆိုတာကစပြီးတော့ ဆင်ခြင်တော် မူခဲ့ပါတယ် ။ ဘုရားအလောင်းတော်တိုင်း ဘုရားအလောင်းတော်တိုင်းဟာ ဘုရားဖြစ်မဲ့ နောက်ဆုံးဘဝ ဘုရားဖြစ်ခါနီးကာလမှာ အဲ့ဒီ့ အိုခြင်း သေခြင်းဆိုတဲ့ တရားကချည်းစပြီးတော့ ဆင်ခြင်တော်မူပါတယ် ။
ပထမတောထွက်ခါနီး အခါကလဲ သူအို သူနာ သူသေဆိုတဲ့ နိမိတ်ကြီးသုံးပါးကို မြင်ပြီးတော့ ရဟန်းကို မြင်ရပြန်လို့ တောထွက် ရဟန်းပြုပြီးတော့ အိုခြင်း သေခြင်းကင်းတဲ့ တရားရှာလာခဲ့တယ် ။ အဲ့ဒီ သူအို သူနာ သူသေတွေကိုမြင်ကတည်းက လောကကြီးထဲမှာ အိုရတာ နာရတာ သေရတာတွေဟာ မကောင်းဘူး စသည်ဖြင့် ဆင်ခြင်စဉ်းစားတော်မူခဲ့ပါတယ် ။
ပဋိစ္စသမုပ္ပါဒ်မြန်မာပြန်
-----
အဝိဇ္ဇာကြောင့် အားထုတ်မှု သင်္ခါရတို့ဖြစ်ကြသည် ။ သင်္ခါရကြောင့် ဘဝသစ် ဝိညာဏ်ဖြစ်သည် ။ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည် ။ နာမ်ရုပ်ကြောင့်အာယတန ၆ ပါးဖြစ်သည် ။ အာယတနကြောင့် အာရုံတွေ့မှု ဖဿဖြစ်သည် ။ ဖဿကြောင့် အကောင်းအဆိုး ခံစားမှု ဝေဒနာဖြစ်သည် ။ ဝေဒနာကြောင့် တပ်မက်ဆာလောင်မှု တဏှာဖြစ်သည် ။ တဏှာကြောင့် စွဲလမ်းမှု ဥပါဒါန်ဖြစ်သည် ။ ဥပါဒါန်ကြောင့် ဖြစ်ကြောင်းကံ ဘဝဖြစ်သည် ။ ဖြစ်ကြောင်းကံကြောင့် ဘဝအသစ်ဖြစ်မှု ဇာတိပေါ်လာသည် ။ ဇာတိကြောင့် အိုခြင်း သေခြင်း ပေါ်လာသည် ။ စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း စိတ်နှလုံး၏ ပြင်းစွာပူပန်ခြင်းတို့ ဖြစ်ပေါ်လာကြသည် ။ ဤအစဉ်ဖြင့် ချမ်းသာနှင့် မရောမယှက် သက်သက်ဆင်းရဲ အစုမျှသာလျှင် ဖြစ်ပေါ်လျက် ရှိချေသည် ။
#htoohtoolay

Comments
Post a Comment