အတိုင်းအတာများ
----
ဂီယာကိုမိုသည် သူ့မိန်းမနှင့် ခွဲခွါခဲ့ပြီးနောက် မြို့ဟောင်းပိုင်း တစ်နေရာရှိ အခန်း သုံးခန်းပါရှိသော တိုက်ခန်းတစ်ခန်းတွင် နေထိုင်ခဲ့သည် ။အကျယ်ဆုံးအခန်းကို သူ၏ အင်ဂျင်နီယာ လုပ်ငန်းရုံးခန်းအဖြစ် အသုံးပြုသည် ။ ပုံဆွဲစားပွဲကို ပြတင်းပေါက်ဘက် မျက်နှာမူပြီး ချထားသည် ။ သူက သူ့ဇနီးနှင့် အတူနေစဉ်ကအတိုင်း ပြုမူနေထိုင်သည် ။ နံနက်ကိုးနာရီမှ နေ့လည်တစ်နာရီအထိ အလုပ် လုပ်သည် ။ ထို့နောက် နေ့လယ်စာ စားသည် ။ ထို့နောက် ခတ္တ နားသည် ။ ထို့နောက် ညနေလေးနာရီမှ ည ရှစ်နာရီအထိ အလုပ် လုပ်ပြန်သည် ။ ထို့နောက် ရုပ်ရှင်ကြည့်ခြင်း စားသောက်ဆိုင်တွင် ညစာ စားခြင်း မိတ်ဆွေများနှင့် စကားပြောဖြစ်သည် ။ အနားယူ အပန်းဖြေခြင်းများ ပြုလုပ်သည် ။ တစ်ခုလည်း ရှိသည် ။ သူ့ဇနီးက အတူ ပါရှိမနေခြင်းနှင့် သူ လူပျိုတစ်ယောက်လို နေထိုင်ခြင်းပင် ဖြစ်သည် ။ သူ့ဇနီးအကြောင်း သူ လုံးဝမတွေးပါ ။ တစ်ချိန်က သူ၏ အသည်းနှလုံးထဲတွင် သူ့ဇနီး၏ ပုံရိပ့် ရှိခဲ့သော်လည်း ယခုအခါတွင် ဘာမှ မရှိပါ ။ ရေခဲတုံးတစ်တုံးမျှသာတည်း ။
သို့ကတည်း သူသည် စိတ်မပါပဲ အလုပ် လုပ်နေရကြောင်းကိုကား သဘောပေါက်မိသည် ။ တစ်ခါတစ်ရံ သူသည် ဘာမျှမလုပ်ပဲ တစ်နာရီလောက် ထိုင်နေတက်သည် ။ အလုပ်စားပွဲရှေ့က ခွေးခြေပေါ်တွင် ထိုင်ပြီး ပြတင်းပေါက်ကို ငေးစိုက်ကြည့်နေတက်သည် ။ သူ့အခန်းနှင့် မျက်နှာချင်းဆိုင်တွင် ၁၉ ရာစု ပထမနှစ် ငါးဆယ်လောက်က တည်ဆောက်ခဲ့ဟန်တူသော ဧရာမ အဆောက်အဦးကြီး တစ်ခုရှိသည် ။ တိုက်ဝါကြီး ဖြစ်သည် ။ မျက်နှာစာတစ်ခုလုံးတွင် လေးထောင့်ဖု ငယ်လေးများဖြင့် ဖေါင်းကြွနေသည် ။ ရှေးခေတ်သစ်ပုံစံ ပြတင်းပေါက်များတွင် အညိုရောင် တရုတ်ကတ်များ တပ်စင်ထားသည် ။ သို့သော် အထပ်ဘက်ရှိ တစ်ပုံစံတည်းရှိသော ရင်တား ပါသည့် ခေါင်မိုး ဗိသုကာပိုင်း ကမောက် ကမမှု ဖြစ်နေသည် ။ ဤ ဖြစ်ကတက်ဆန်းအသွင်က မြို့၏ မြင်ကွင်းကို ပရမ်းပတာနှင့် မရိုးမသား ဖြစ်စေတော့သည် ။ အမှန်တော့ ဤ ခေါင်မိုးပြန့်ပေါ်တွင် ခေတ်အဆက်ဆက်မှာပင် အပေါ်ထပ် အဆောက်အအုံ အကြီးအငယ်များ ဆောက်လုပ်ထားပါသည် ။ ကနားဖျင်းများ တဲများ နံရံများ လက်ရန်း လှေကားထစ်များနှင့် လှေကားများ ဆင်ဝင်များ မီးခိုးခေါင်းတိုင်များ စသည်ဖြင့် ဖြစ်သည် ။
ဘာကြောင့်မှန်းတော့မသိ ဤ အဆောက်အအုံများက ဂီယာကိုမိုကို စိတ်ဝင်စားစေသည် ။ ပန်းရန် အတက်ပညာတွင် အဖြေရခက်သော စကားထာသဖွယ် ဖြစ်နေ၍လည်း ဖြစ်နိုင်သည် ။ ဘယ်ခေတ်က အဘယ်ကိစ္စအတွက် တည်ဆောက်ထားခဲ့သလဲဟု စဉ်းစားရခက်၏ ။ သို့မဟုတ် အကန့်အသတ်ရှိသော အလှနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အကျည်းတန်မှုတွင် အကန့်အသတ်မရှိ ကုန်ခမ်းနိုင်ခြင်း မရှိဟု မကြာ မကြာ တွေးမိတက်သောကြောင့်လဲ ဖြစ်နိုင်သည်။
သူ၏ ပြတင်းပေါက်ရှေ့ တည့်တည့်တွင် ရင်တားလက်ရမ်းတစ်ခုရှိသည် ။ သံလုံးချောင်းများဖြင့် ပန်းပွင့်ပုံ ပြုလုပ်ထားခြင်းဖြစ်သည် ။ လွန်ခဲ့သောနှစ် ၇၀ လောက်တုန်းက ပုံစံဖြစ်သည် ။ ထိပ့်နှစ်ဖက်နှင့် အလည်တွင် ပွင့်ချပ်အုံများ ရှိသည် ။ လက်ရန်းတစ်လျောက် အကွာအဝေး ညီညီ နေရာများတွင် မီးခိုးရောင် ကျောက်ကြမ်းဖြစ်ပြုလုပ်ထားသော လေးထောင့် ကျောက်တိုင်များ ရှိသည် ။ ကျန်ရစ်သော လက်ရန်းသည် ကမ္ဘာပေါ်တွင် အရိုးဆုံးနှင့် အရေးပါဆုံး အရာဖြစ်သည် ။ သို့သော် ဂီယာကိုမိုသည် ရင်တားလက်ရန်းကို မငေးနိုင်ပဲ မနေနိုင်ပါ ။ ယင်း၏ အတိုင်းအတာများကို စိတ်ထဲတွင် ပြုလုပ်နေပြီး ယင်း၏ ခြားနားသော အခြေအနေများကို လေ့လာနေမိသည် ။ ယင်းသို့ဖြစ် သူသည် ကျောက်တိုင် တစ်တိုင်နှင့် တစ်တိုင်သည် နှစ်မီတာ ကွာဝေးကြောင်း တွတ်ချက်မိသည် ။
ထို့အတူ ရင်တားလက်ရမ်းကို ဆေးသုတ်ပေးပြီး ယခုအခါ အဖြူရောင်သည် ညစ်ထေးနေပြီး သံချေးများ ပေါ်နေပြီ ဖြစ်ကြောင်းကိုလဲ သူလေ့လာမိသည် ။ ကျောက်တိုင်များ၏ မီးခိုးရောင် အင်္ဂတေတို့မှာလည်း နေဒဏ် မိုးဒဏ်ကြောင့် ယခုအခါ ခရမ်းရောင် သန်းနေကြပေပြီ ။ ရေညှိများနှင့်တူသော အစိမ်းကွက်များကိုလည်း တိုင်ခြေရင်းများတွင် တွေ့မြင်ရသည် ။ မြေကြီးများထည့်ထားသော မြေခွက်များကိုလည်း ရင်တားလက်ရမ်းအောက်ခြေဘက်တွင် မြင်တွေ့ရသည် ။ သို့သော် ပန်းပင်များနှင့် အပင်ငယ်များ၏ အရိပ့်အယောင်ကိုကား မတွေ့ရှိရချေ ။ တစ်ခုနှင့် တစ်ခု နှစ်မီတာ ကွာဝေးသော ကျောက်တိုင် ခုနှစ်တိုင်ကို တွေ့မြင်ရသဖြင့် အမိုးပြန့်တစ်ခု လုံး၏ အလျားသည် တစ်ဆယ့်လေးမီတာ သို့မဟုတ် ထို့ထက် အနည်းငယ် ပိုဖွယ်ရာရှိသည် ။
ရင်တားလက်ရန်း၏ အောက်ဘက်သည်ကား ကစဥ့်ကလျား ရှုပ်ထွေးလာလျက်ရှိသော အဆောက်အအုံများ ထိုးထွက်နေကြသည် ။ ယင်းတို့က ဂီယာကိုမိုကို စိတ်ဝင်စားမှု ဖြစ်စေပါသည် ။ သင်္ဘောတစ်စင်း၏ မိုးပျံတံတားကို မိုးပေါ်သို့ထိုးထွက်နေသော အမြင့်ဆုံး အဆောက်အအုံကတော့ အင်္ဂတေဖြင့် ပြုလုပ်ထားသော အုတ်တိုက်ကြီး ဖြစ်သည် ။ အဝါရောင်ဖြစ်ပြီး ကြက်ခြေခတ်ပုံ အပေါက် သို့မဟုတ် ချောင်းကြည့်ပေါက် နှစ်ခုမှတစ်ပါး အားလုံး အလုံပိတ်ဖြစ်သည်။ ရေလှောင်ကန်များ ပါရှိသော ရေစင်ကြီးတစ်ခု မြင်နိုင်သည် ။ ဂီယာကိုမိုက ထုံးစံအတိုင်း ယင်းအဆောက်အအုံ၏ အတိုင်းအတာများကို တွတ်ချက်နေမိသည် ။ အရှေ့ဘက် နံရံက နှစ်မီတာခွဲမြင့်ပြီး နောက်ဘက်နံရံက သုံးမီတာဖြစ်သည် ။ မတ်စောက်သော ဆင်ခြေလျှော အုတ်ကြွပ်မိုး ရှိသည် ။ ယင်းကြောင့် ရေလှောင်ကန် ခြောက်ခုထက် မပိုနိုင်ပါ ။ အဆင့်နှစ်ဆင့် ရှိပြီး တစ်ဆင့်လျှင် သုံးကန်ရှိသည် ။ ရေစင်၏ အနက်သည် တစ်မီတာခွဲရှိသည် ။သို့မဟုတ် တစ်မီတာနှင့် ရှစ်ဆယ်ဖြစ်နိုင်သည် ။ ကျောက်ခင်း၏ လက်ဝဲဘက်တွင် သံချေးတက်နေသော မီးခိုးခေါင်းတိုင် ရှည်ရှည် သေးသေး တစ်ခုရှိသည် ။ ညာဘက်တွင် ကပ်လျက်ကား တွန့်လိမ်ပျက်စီးသော သံဖြူအုပ်ဆောင်းပိုင်း လေပြွန်ရှိသည် ။ သည့်ထက် အမြင့်တွင်ကား ပင့်ကူအိမ်များနှင့် တူသော ရုပ်မြင်သံကြား ကောင်းကင်ကြိုးတိုင် ဆယ့်ငါးခုကို ရေတွက်၍ ရသည့်အနေအထား ကွာခြားသည် ။ အချို့ကမြင့်မြင့် ။ အချို့က နိမ့်နိမ့် ။
သင်္ဘောမိုးပျံ တံတားသဖွယ် ဖြစ်နေသော ရေစင်မှ အမိုးပြန့်ပေါ်သို့ သံလှေကားကလေးဖြင့် ဆင်းနိုင်သည် ။ သံလှေကားက ရင်တားလက်ရန်းမှာ အကိုင်းပင် ပန်းပွင့်ပုံဖေါ်ထားပြီး ဆေးအဖြူသုတ်ထားသည် ။ ဂီယာကိုမိုသည် လှေကားထစ်များကို ရေတွက်ရန် ကြိုးစားသည် ။ သို့သော် မအောင်မြင်ပါ ။ အကြောင်းမှာ လှေကားက ကြောင်လိမ်လှေကား ဖြစ်ပြီး ခရုပတ်လက်ရန်းက အကွေ့အဝိုက်များတွင် လှေကားထစ်များကို ကွယ်ထား၍ ဖြစ်သည် ။
လှေကားရင်း ခေါင်မိုးပြန့်ပေါ်တွင်ကား အောက်ပါပုံစံအတိုင်း တည်ဆောက်ထားသော ခေါင်းတိုင်များ တစ်ပုံတစ်ပင်ကြီး ရှိနေကြသည် ။ အောက်ခြေအုတ်ခုံများသည် များသောအားဖြင့် ကတော့ပုံ ဖြစ်ကြပြီး ထုထည် ကြီးမားလှသည် ။ ယင်းတို့၏ အထက်တွင်ကား သေးသေးသွယ်သွယ် ခေါင်းတိုင်များ ရှိကြပြီး သံချေးတက်ကာ မည်းနက်နေကြသည် ။ ခေါင်းတိုင်ထိပ့်တွင်ကား အုပ်ဆောင်း သို့မဟုတ် လေသာပေါက်များ ရှိသည် ။ နှစ်ခုစလုံး ဖြုတ်၍ တက်၍ ရသည် ။ မီးခိုးခေါင်းတိုင်များကို မထူးခြားနားသော ခေတ်ကာလ အမျိုးမျိုးတွင် တည်ဆောက်ထားခဲ့ကြောင်း အောက်ခြေအုပ်ခုံများက ခြားလျက်ရှိသည် ။ သရွတ်ကိုင်ထားသော အင်္ဂတေအရောင်များက အမျိုးမျိုးဖြစ်သည် ။ မကြာမှီကမှ မဆလာကိုင်ထားသော မြေဖြူရောင် ဖွေးဖွေးမှသည် လွန်ခဲ့သော နှစ် ငါးဆယ်က မရမ်းရောင် ညိုညိုများ ဖြစ်သည် ။ ခေါင်းတိုင်များက ထွက်သော မီးခိုးနက်နက်များက ကြောင်လိမ်လှေကား နှင့် ရေစင်တို့ကို မည်းမှောင်နေစေပါသည် ။
ဂီယာကိုမို၏ ပြတင်းပေါက် ညာဘက်တွင်ကား အဆောက်အအုံ သုံးခု ရှိသည် ။ ပထမဆုံးကတော့ အလယ်အဆောက်အအုံဖြစ်သော ရှည် မျောမျော ကင်းစောင့်ရုံဖြစ်သည် ။ အဝါရောင် ရင့်ရင့်ဖြစ်ပြီး တံခါးပေါက်က မီးခံသေတ္တာတံခါးလောက်ပဲ ရှိသည် ။ အဖြူရောင် မှိုင်းမှိုင်း သုတ်ထားသည် ။ အဆောက်အအုံကို မည်သည့်အတွက် ဆောက်လုပ်ထားကြောင်းကို ဂီယာကိုမို တစ်ခါမျှ အဖြေထုတ်၍ မရပါ ။ လက်ဝဲဘက်တွင်ကား ပုံပန်းမကျသော အခန်းတစ်ခန်းဖြစ်သည် ။ ပြတင်းပေါက် တစ်ပေါက်ပင် ရှိသည် ။ သို့သော်အမိုးမပါ ။ အာဏာပိုင်များက ယင်း အဆောက်အအုံကို ဆက်ပီး မဆောက်ရန် တားမြစ်ထားသောအခါ ပိုင်ရှင်သည် အမိုးမိုးချိန် မရရှိလိုက်ခြင်းပင် ဖြစ်သည် ။ သို့ဖြစ် သူတို့သည် ထိုအဆောက်အအုံကို အကာပါသော လသာဆောင်အဖြစ်တာ အသုံးပြုကြတော့သည် ။ ပြတင်းပေါက်မှနေ၍ အထဲကို ကြည့်လျှင် ဥယျာဉ်တစ်ခုထဲတွင် တွေ့မြင်ရတက်သော ဆေးဖြူသုတ်ထားသော သံ ကုလားထိုင်များနှင့် သံ စားပွဲဝိုင်းလေး တစ်ခုတို့ကို တွေ့ရသည် ။ ခွင့်ပြုမရသော အခန်း၏ နံရံများကို ပွမ်ပီယံ အနီရင့်ရင့် သုတ်ထားရာ ယခုအခါ ဆေးများ ကွာကျပြီး အောက်ခံ အင်္ဂတေရောင် ဖျော့တော့တော့များ ပေါ်လွှင်နေသည် ။
လက်ယာဘက်တွင်ကား လေးထောင့်အဆောက်အအုံ တစ်ခုရှိသည် ။ ပုပုကားကားဖြစ်ပြီး သံထည်နှင့် မှန်တို့ဖြစ် ပြုလုပ်ထားသော လိပ့်ခုံးပုံသဏ္ဍာန် အမိုး နိမ့်နိမ့်ရှိသည် ။ အောက်ဘက်ရှိ လှေကားကို ဖုံးအုပ်ထားခြင်း ဖြစ်သည် ။ မှန်ပေါက်များမှ ကြည့်လျှင် ဓါတ်လှေကားဘီးနှင့် ကြိုးတို့ကို ခပ်ရေးရေး တွေ့မြင်ရသည် ။ အကယ်၍ သေသေခြာခြာ ကြည့်ရှုခဲ့လျှင်ကား ဓါတ်လှေကား လှုပ်ရှားနေသောအခါများတွင် ဘီး လည်ပတ်နေပုံနှင့် တုန်ခါသော ကြိုးများကို မြင်ရမည်ဖြစ်ရာ အဆောက်အအုံ အောက်ပိုင်းကို အဝါရောင်သုတ်ထားပြီး ခရမ်းရောင် အကွက်များ ရှိသည် ။ လိပ့်ခုံးမိုး၏ သံထည်များကို အဖြူရောင် သုတ်ထားသည် ။ သံထည်များသည် သံလှေကားကလေးနှင့် ရင်တားလက်ရန်းပုံစံများအတိုင်း ပန်းပွင့်ပုံ ဖြစ်သည် ။
ကင်းစောင့်ရုံ ခွင့်ပြုမိန့်မရသော အခန်းနှင့် လိပ့်ခုံးမိုး စသည့် ဤ အဆောက်အအုံ သုံးခု၏ နောက်ဘက်တွင်ကား ငေါထွက်လာသော အခြား အသိရခက်ခဲသည့် အဆောက်အအုံများကို တွေ့မြင်ရသည် ။ လှေကားငယ်ကလေးများ ရင်တားလက်ရန်းများ အဝါ အနီ မီးခိုး စသည့် အရောင်များဖြင့် ပုံစံ အမျိုးမျိုး ဖြစ်သည် ။ ဂီယာကိုမိုသည် ဤမြို့ မြင်ကွင်းများကို တစ်နေ့လျှင် နာရီပေါင်းများစွာ ငေးစိုက်ပြီး ကြည့်ခဲ့သည် ။ ယင်းတို့၏ လျှို့ဝှက်သော အနှစ်သာရနှင့် ယင်းတို့၏ အတွင်းပိုင်းကို သိလိုသောကြောင့် ဖြစ်သည် ။ သို့သော် သူ ဘာတစ်ခုမှ နားလည်နိုင်စွမ်းမရှိပါ ။ လက်တွေ့အဖြစ် ဤ အဆောက်အအုံများသည် ဘဝ၏ မသိသာနိုင်သော နောက်ခံများဖြစ်သည်ဟု ရံဖန်ရံခါ သူ တွက်ဆမိပါသည် ။ ဘဝဆိုတာ ရှိနေသရွေ့ သူတို့ကို သတိပြုနေမိပါသည် ။ ဘဝချုပ်ငြိမ်းသွားသည်နှင့် တစ်ပြိုင်နက် သူတို့ဘာသာ တည်ရှိနေပါတော့သည် ။
သို့သော် မျက်နှာခြင်းဆိုင် ခေါင်မိုးပြန့်ကို သူ လေ့လာကြည့်ရှုနေစဉ်အတွင်း ယင်းတို့၏ အတိုင်းအတာများကို စိတ်ဖြင့် တွက်ဆ၍ မရနိုင်သဖြင့် စိတ်အနှောက်အယှက် ဖြစ်ရပါသည် ။ ယင်းတို့၏ အမြင့် ယင်းတို့၏ အနံ ယင်းတို့၏ အနက် ယင်းတို့၏ အလျားမီတာ စတုရန်းမီတာ ကုဗမီတာ စသည်တို့ အရာရာကို မနေနိုင် မထိုင်နိုင်တိုက်တာကိုမြင်သည့် အဓိပ္ပါယ်မရှိ သူ၏ စေ့စေ့စပ်စပ် ကြည့်ရှုခြင်းအပေါ် မည်သို့မျှ အထောက်အကူမပြုပါ ။ တကယ်ပင် သူက အဘယ့်ကြောင့် လိပ့်ခုံးမိုး၏ အမြင့်ကို လည်ကောင်း ခေါင်းမိုးပြန့်၏ အလျားကို လည်းကောင်း တိုင်းထွာရသည်နည်း ။ မည်သူမျှ သူ့ထံမှ တိုင်းတာသူ တစ်ဦး၏ အစီရင်ခံစာ သို့မဟုတ် အပေါ်ထပ် အဆောက်အအုံများ၏ ပုံစံ သို့မဟုတ် သူ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းနှင့် ဆက်စပ်သော တွက်ချက်မှုများကို မတောင်းခံပါ ။ တကယ်တော့ သူသည် သူ့အတွက် မလိုအပ်သော ပြီးတော့ ဘယ်အတွက်မှလည်း မလိုအပ်သော အတိုင်းအတာများကို လုပ်ဆောင်နေခြင်းတာ ဖြစ်သည် ။
သူ၏ စာအုပ်စင်ပေါ်တွင် သူ၏ အင်ဂျင်နီယာ လက်စွဲစာအုပ်များနှင့် အတူရှိ စာပေဆိုင်ရာ စာအုပ်အနည်းငယ်တွင် ဂီယာကိုမို ကာဆာနိုဗာ ရေးသားသော " ပွမ်ဘီအကျဉ်းထောင်မှ ထွက်ပြေးခြင်း " အမည်ရှိ စာအုပ်လည်း ပါဝင်သည် ။ ဤ စာအုပ်သည် ထင်ရှားကျော်ကြားသော စွန့်စားသူတစ်ဦး၏ ကိုယ်ရေးမှတ်တမ်းမှ ကောက်နုတ်ချက် ဖြစ်သည် ။ ဗင်းနစ်အကျဉ်းထောင်မှ ထွက်ပြေးလွှတ်မြောက်သည့် အပိုင်းတာ ပါရှိသည် ။ တစ်နေ့တွင် သူသည် အလုပ်လုပ်၍လည်း မရ ။ ခေါင်မိုးများအကြောင်း တွေးတော စဉ်းစားနေခြင်းမှလည်း လွှဲဖယ်လိုသဖြင့် ဂီယာကိုမိုသည် ယင်းစာအုပ်ကို စွဲယူပြီး လွှတ်ပစ်လိုက်သည် ။ သူ့မျက်လုံးများက အောက်ဖေါ်ပြပါ အကြောင်းအရာများအပေါ်သို့ ရောက်ရှိသွားသည် ။
အကျဉ်းထောင် အချုပ်ခန်းများသည် နန်းတော်ကြီး၏ ဟိုဘက်သည်ဘက် အမိုးများအောက်တွင် တည်ရှိသည် ။ အနောက်ဘက် အခန်းသုံးခန်းရှိပြီး တစ်ခန်းကတော့ ကျွန်ပ်၏ အခန်းဖြစ်သည် ။ စတုတ္ထအခန်းက အရှေ့ဘက်တွင် ဖြစ်သည် ။ အနောက်ဘက်ရှိ အမိုးပေါ်မှ ရေဆင်းပြွန်သည် နန်းတော်ဝင်းအတွင်းသို့ စီးဆင်းသည် ။ အခြားတစ်ဖက်ရှိ အရှေ့ဘက်မှ ရေဆင်းပြွန်သည် ရီယိုဒီပလက်ဇိုဟုခေါ်သော တူးမြောင်းအတွင်းသို့ တည့်တည့်ကြီး စီးကျသည် ။ ဟိုမှာဘက်ရှိ အကျဉ်းခန်းတို့သည် အလင်းရောင် အားကောင်းပြီး ကောင်းစွာ မတ်တပ်ရပ်နိုင်သည် ။ ကျွန်ပ်နေရသော အခန်းတွင်ကား ယင်းသို့မဟုတ်ပါ ။ ကျွန်ပ်၏ အခန်းသည် " ယက်မပါသော အကျဉ်းခန်း " ဟု ခေါ်တွင်ပြီး ဧရာမ ယက်မကြီးက အလင်းရောင်ကို ကွယ်ထားပါသည် ။
ဂီယာကိုမို စိတ်ဝင်စားစွာဖြင့် ဆက်လက်ဖတ်ရှုသည် ။ ကာဆာနိုဗာသည် သူ၏ လွတ်မြောက်မှုအတွက် အစီအစဉ်များ ပြုလုပ်လျက်ရှိရာ စာဖတ်သူများကို ဤသို့ လုပ်ဆောင်ရန်အတွက် အခက်အခဲနှင့် အန္တရာယ်များ ရှိသည်ကို သိမြင်စေပါသည် ။ သူ ကွက်ကွက်ကွင်းကွင်း မြင်သာသော အသေးစိတ်များ ရေးသားသည့် အတိုင်းအတာများရော နယ်မြေအနေအထားများရော ဖြစ်သည် ။ ကာဆာနိုဗာ၏ တိကျသော လေ့လာတွက်ချက်မှုများနှင့် မျက်နှာချင်းဆိုင်ရှိ ခေါင်မိုးပြန့်ကို နေ့စဉ် နေ့တိုင်း သူ လေ့လာကြည့်ရှုမှုသည် အတော်ကြီး ဆင်တူကြောင်းကို ဂီယာကိုမို တွေ့ရှိရသည် ။ သို့သော် မတူခြားနားချက်တစ်ခုရှိသည် ။ ကာဆာနိုဗာ၏ ကြည့်ရှုလေ့လာမှုက ရည်ရွယ်ချက် ရှိသည် ။ သူ၏ လွတ်မြောက်မှုအတွက် ဖြစ်သည် ။ ယင်းအတွက်မဟုတ်ပါက စွန့်စားသူသည် ဘာမျှ မဟုတ်သော အရေးမပါသော အရာများကို စိတ်ဝင်စားမိမည် မဟုတ်ပါ ။ ဤမှာ သူ၏ လေ့လာကြည့်ရှုမှုများက ဘာရည်ရွယ်ချက်မျှ မရှိပါ ။ ရှင်းပြနိုင်စရာ အကြောင်း မရှိပါ ။ အဓိပ္ပါယ် မရှိပါ ။ ကာဆာနိုဗာ၏ ဘဝက နိဂုံးပန်းတိုင်သို့ ရောက်ရှိသွားပါသည် ။ သူ့ဘဝက ရပ်တန့်နေပါသည် ။
သူသည် စာအုပ်ကို အတန်ကြာအောင် ဆက်ဖတ်နေသည် ။ ထို့နောက် စာအုပ်ကို ပစ်ချလိုက်ပြီး မျက်နှာချင်းဆိုင် ခေါင်မိုးကို သွားကြည့်သည် ။ လေပူပြင်းတိုက်ခက်နေသော ဖြူဖွေးမှိုင်းဝေသည့် ကောင်းကင်အောက်ဝယ် ယခင်ကထက် ပိုမို ပရမ်ပတာဖြစ်နေပြီး အဓိပ္ပါယ် မဲ့နေပါသည် ။ မကြာမီကာလက စတင်၍ သူ့ဘဝကို တစ်ဖြေးဖြေး ဝါးမြိုလာသော အဓိပ္ပါယ်မရှိ အာရုံစူးစိုက်ခြင်း ရှောင်ဖယ်ရန် နည်းလမ်းကို ဘယ်နည်းနဲ့ ဖြစ်ဖြစ် သူ ရှာဖွေရမည်ဟု ဂီယာကိုမို အတွေးရရှိသည် ။
သို့သော် သူ ဘာလုပ်သနည်း ပထမခဏတော့ စာရွက်နှင့် ဖေါင်တိန်ယူပြီး သူ့ဇနီးထံ စာရှည်ကြီး တစ်စောင် ရေးမည်ဟု စိတ်ကူးမိသည် ။ သူတို့နှစ်ယောက် ခွဲခွါကြကတည်းက သူသည် သံချေးတက်နေသော မီးခိုးခေါင်းတိုင်နှင့် အဆောက်အအုံဟောင်းများကို ငေးမောကြည့်ရှုနေခဲ့ကြောင်း ယင်းအတွက်မှ ယခုတိုင် သူ့ကို ချစ်နေသေးခြင်း / သူမ မရှိဘဲ နေ၍ မရနိုင်ကြောင်း ထင်ရှားသည့် သက်သေဖြစ်ကြောင်း ရှင်းပြသည် ။ သို့သော် အကြံအစည်ကို သူ လက်လျှော့လိုက်သည် ။ တစ်ကြောင်းက ဤစာအုပ်ကို စိတ်ကူးယဉ် ဆန်လွန်းသည်ဟု ယူဆပြီး နောက်တစ်ကြောင်းက သူ့ဇနီးသည် သည်စာကို မည်သို့မျှ နလည်နိုင်မည်မဟုတ်ဘဲ စာပြန်လိမ့်မည်မဟုတ်သည့်အတွက် ဖြစ်သည် ။
နောက်ဆုံးတွင်တော့ သူသည် အတန်ကြာ စဉ်းစားပြီနောက် ဧရာမ စာရွက်တစ်ရွက်ပေါ်တွင် မျက်နှာခြင်းဆိုင် အမိုးပေါ်ရှိ အဆောက်အအုံများ၏ ပုံကြမ်းကို ခဲတံတစ်ချောင်းဖြင့် စတင် ရေးဆွဲပါတော့သည် ။ ရေမျှော်စင်မှ စတင်ပါသည် ။
( Measurement )
ALBERTO MORAVIA
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment