တိုက်တန်းနစ် တရား
----
ကျွန်တော် ဗုဒ္ဓဂါယာမှာ ဘုန်းကြီး ကိုးရက်ဝတ်ခဲ့တယ် ။ အဲ့ဒီ့တော့ ဗုဒ္ဓဂါယာမှာရှိတဲ့ ရဟန်းများနဲ့ ခင်မင်ခဲ့ပါတယ် ။ စကားပြောခွင့်လဲ ရခဲ့တယ် ။ကျွန်တော်တို့အဖွဲ့ဟာ တစ်နေရာတည်း တိုင်း ကိုယ်တည်းခိုတဲ့ ကျောင်းမှာ ကိုယ်တက်နိုင်တာကို လှူကြပါတယ် ။ ရေစက်ချကြတယ် ။ ကျောင်းထိုင်ဘုန်းကြီးများက တရားပေးကြတယ် ။ သူတို့ပေးတဲ့ တရားတွေထဲမှာ ထူးထူးဆန်းဆန်း တရားတစ်ပုဒ်ပါလာပါတယ် ။ အဲ့ဒါကတော့ တိုက်တန်းနစ် တရားတဲ့ ။
ဗုဒ္ဓဂါယာရှိ မဟာအောင်မြေ ရခိုင်ဘုန်းကြီးကျောင်းမှာ ကျွန်တော်တို့ တည်းကြပါတယ် ။ အဲ့ဒီ့မှာပဲ ကျွန်တော် သိမ်ဝင်ပါတယ် ။ သိမ် အဆင်း နေ့ဆွမ်း ဘုဉ်းပေးအပြီးမှာ ကျောင်းထိုင်ဘုန်းကြီးက ရခိုင်အသံနဲ့ဒီ တိုက်တန်းနစ် တရားကို ပေးပါတော့တယ် ။
ဘုရားဖူးအဖွဲ့မှ ဒကာ ဒကာမအပေါင်းတို့ ။ သင်တို့ဟာ သင်တို့နေတဲ့ နေရာမှာ အကျော်အမော်တွေ ဖြစ်မှာသေခြာတယ် ။ ငွေကြေး သုံးစွဲနိုင်လို့လဲ ဒီနေရာကို ရောက်လာကြတာကိုး ။ နှယ်နှယ်ရရ ပုဂ္ဂိုလ်တွေတော့ ဟုတ်ဟန်မတူဘူး ။ ဒီတော့ သင်တို့စရိုက်နဲ့ ကိုက်ညီတဲ့ တရားပေးမယ် ။ ဒီတရားကို တိုက်တန်းနစ် တရားလို့ မှတ် ။ ကဲ ! တိုက်တန်နစ် ရုပ်ရှင်ကို ကြည့်ဖူးကြတယ်မဟုတ်လား ။
ကျွန်တော်တို့ထဲက ဆန်ကုန်သည်က အသက်အကြီးဆုံးဆိုတော့ သူကပဲ ဦးဆောင်ပြီး ဖြေပါတယ် ။
ကြည့်ဖူးပါတယ်ဘုရား ။
ကဲ ဒါဆို ဇာတ်လမ်းအကျဥ်းပြောစမ်း ။
ကိတ်ဝင်းစလတ်နဲ့ လီယိုနာဒိုရဲ့ အချစ်ဇာတ်လမ်းပါ ။
ဒကာကြီးက အချစ်သဘောနဲ့ ကြည့်တာကိုး ။ တရားသဘောနဲ့ ကြည့်စေချင်တာ ။ ကဲ ! ဘုန်းကြီးပဲ ပြောမယ် ။ တိုက်တန်းနစ်သင်္ဘောဆိုတာ သူဌေးတွေမှ စီးနိုင်တာနော် ။ သင်္ဘောပေါ်မှာ သူဌေးတွေချည်းပဲ ပါတယ် ။ ဘားခန်းထဲမှာ အရက်သောက်သူက သောက် ။ ကာစီနိုဝိုင်းမှာ လောင်းကစားတဲ့သူက ကစား ။ စားသောက်ခန်းထဲမှာ ကတဲ့သူက က ။ သုံးလိုက်ဖြုန်းလိုက်နဲ့ ပျော်နေလိုက်ကြတာ ။ အချစ်အတွက် စွန့်စားတဲ့ သူနဲ့ ။ အချစ်အတွက် ဒေါသဖြစ်နေတဲ့ သူနဲ့ ။ တိုက်တန်းနစ် သင်္ဘောကြီးဟာ မကြာခင်မှာ ရေခဲတောင်နဲ့ တိုက်ပြီး ပင်လယ်ထဲ ဆုံးဆုံးမြှပ်တော့မယ်ဆိုတာ ဘယ်သူမှ မသိကြဘူး ။ စဉ်းလည် မစဉ်းစားကြဘူး ။ ဒီလောက်ခိုင်ခန့်ပြီး နည်းပညာအပြည့်နဲ့ တည်ဆောက်ထားတဲ့ သင်္ဘောကြီးကို အားလုံးက ယုံကြည်ကြတယ် ။ အဲ့ဒီ့ သင်္ဘောကြီးက လူတွေဟာ ဘယ်သူတွေနဲ့ တူလဲ စဉ်းစားကြစမ်း ။
ဒီတစ်ခါ ဘဏ်လုပ်ငန်းရှင်က ဖြေတယ် ။
အကုသိုလ်များတဲ့ သူတွေပါ ဘုရား ။
ဘယ်က ဟုတ်ရမှာတုံး ။ တိုက်တန်းနစ်သင်္ဘောပေါ်က လူတွေက ဘုန်းကြီးတို့ ဒကာတို့နဲ့ အတူတူပါပဲ ။
ကျွန်တော်တို့ တစ်ဖွဲ့လုံး တစ်ဝါးဝါးနဲ့ ရယ်မိကြပါတယ် ။
ဟုတ်တယ် ။ ဘုန်းကြီးတို့ ဒကာတို့ဟာ မသေခြာတဲ့ ခရီးသွားတွေ ။ မရေရာတဲ့ မနက်ကို မေ့ပြီး အတ္တတွေ ပြိုင် ။ လောဘတွေ ပြိုင် ။ ဒေါသတွေ ပြိုင်ပြီး မောဟစိတ်နဲ့ အသက်ရှင်နေကြတာ ။ မတွေးမိကြလို့ ။ မကြာခင်မှာ ရေခဲတောင်နဲ့ တိုက်ပြီး ပင်လယ်ထဲမြှပ်တော့မယ့် ကိုယ့်အခြေနေကို မေ့နေကြတဲ့ သူတွေပါ ။ သေဖို့ ဘာမှ မပြင်ဆင်ရသေးတဲ့ သူတွေ ။ ဟုတ်ရဲ့လား ဒကာကြီး ။
ကျွန်တော်တို့ တစ်ဖွဲ့လုံး ငြိမ်နေကြသည် ။ ရခိုင်ဘုန်းကြီးပြောမှပဲ စဉ်းစားမိတော့တယ် ။ ဘုန်းကြီးက ဆက်ပြောတယ် ။
ဒီနေရာမှာ မေးစရာရှိတယ် ။ မနက်ဖြန်ကို မသိသူအချင်းချင်း ပျော်နေကြတာ မကောင်းဘူးလားလို့ ။ ပျော်ပျော်နေတာထက် သတိနဲ့နေတာ ပိုကောင်းတယ် ။ မြတ်ဗုဒ္ဓကပြောတယ် ။ သတိ ဆိုတဲ့ စကားပါပဲ ။ တကယ်တော့ သတိနဲ့ နေပါဆိုတာက ညာဏ်နဲ့ နေပါလို့ ပြောတာ ။ ညာဏ်နည်းတဲ့သူဟာ သတိမဲ့ပြီး ပျော်နေကြတာ ။ ညာဏ်ရှိတဲ့သူတွေဟာ သတိနဲ့ ပျော်တက်ကြတယ် ။
ကျွန်တော်တို့အားလုံး သဘောပေါက်သလိုတော့ ရှိလာသည် ။
ကဲ ! ဟို ဆန်ကုန်သည်ဒကာကြီးက အသက်အကြီးဆုံးဆိုတော့ ဒကာကြီးရဲ့ဘဝမှာ ဘယ်လိုပျော်ခဲ့သလဲ ။ စဉ်းစားကြည့်စမ်း ။ သတိနဲ့ ပျော်ခဲ့တာလား ။ သတိမဲ့ ပျော်ခဲ့တာလား ။ ညာဏ်နဲ့ ပျော်ခဲ့တာလား ။ ညာဏ်မဲ့ ပျော်ခဲ့တာလား ။
သတိမဲ့ ပျော်ခဲ့တာပါ ဘုရား ။
ဘုန်းကြီးတရားမပြီးသေးဘူး ။ သာဓုမခေါ်နဲ့အုန်း ။ ဘုန်းကြီး နောက်ဆုံး မေးခွန်းတစ်ခုမေးမယ် ။ ဒီ တိုက်တန်းနစ် သင်္ဘောကြီးပေါ်မှာ ရှိတဲ့ သူတွေအားလုံးဟာ မသေခင်အချိန်ထိ ပျော်နေခဲ့ကြတယ် ။ ရေခဲတောင်နဲ့ တိုက်မိမှ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး ဒုက္ခနဲ့ တွေ့မှ ပြာယာခတ်ကုန်ကြတယ် ။ ဒီသင်္ဘောပေါ်မှာ မပျော်တဲ့ လူတစ်ယောက်ရှိတယ် ။ ဘယ်သူတုံး ပြောကြစမ်း ။
အားလုံးစဉ်းစားနေကြတယ်။ အဖြေထွက်မလာဘူး ။
ကဲ ! ဘုန်းကြီးပဲ ဖြေမယ် ။ သင်္ဘောကြီး ရေခဲတောင်နဲ့ တိုက်မိသည်ဖြစ်စေ မတိုက်မိသည်ဖြစ်စေ ။မပျော်တဲ့ သူတစ်ယောက်ရှိတယ် ။ အချိန်တိုင်း စိုးရိမ်စိတ်နဲ့ သောကရောက်နေတဲ့ သူတစ်ယောက်ရှိတယ် ။ ပျော်ချင်တိုင်း ပျော်ခွင့်မရတဲ့ သူပေါ့ ။
ဒီနေရာမှာ ပန်းချီဆရာက ဝင်ပြောတယ် ။
လီယိုနာဒိုလား ဘုရား ။
ဘယ်ကဟုတ်ရမှာလဲ ။
ဒါဆို ကိတ်ဝင်းစလက်လား ဘုရား ။
မဟုတ်ဘူးဒကာကြီး ။ ပန်းချီဆရာ ပီပီ အနုအရွကို တယ်စဉ်းစားတကိုး ။
ကျွန်တော်လဲ စဉ်းစားနေမိသည် ။ သင်္ဘောပေါ်မှာ ပျော်စရာတွေ ကြည်နူးစရာတွေ ရင်ခုန်စရာတွေ ကြားထဲမှာ စိတ်ညစ်နေတဲ့သူ ။ ပျော်ဖို့ မေ့နေတဲ့သူကော ရှိနေနိုင်လို့လား ။ ရှိခဲ့ရင်ကော ဘယ်သူဖြစ်မလဲ ။ ရခိုင်ဘုန်းကြီးကပြုံးပြုံးကြီး ဖြေလိုက်ပါတော့တယ် ။
ဒီသင်္ဘောပေါ်မှာ အချိန်တိုင်း စိုးရိမ်စိတ်နဲ့ သောကရောက်နေတဲ့သူဟာ တိုက်တန်းနစ် သင်္ဘောပိုင်ရှင်တွေပေါ့ကွ ။ ဒီတော့ အခု ဒကာ ဒကာမတွေဟာ ဗုဒ္ဓဂါယာကို ဘုရားဖူးထွက်လာတာ နောက်ဆံတင်းနေရတဲ့ တိုက်တန်းနစ်ပိုင်ရှင်တွေလား ။ ဒါမှမဟုတ် မေ့မေ့လျော့လျော့နဲ့ ပျော်ချင်တိုင်း ပျော်နေကြတဲ့ သတိမဲ့ ညာဏ်မဲ့ သံသရာခရီးသွားတွေလား ။ စဉ်းစားကြ ။ သေဖို့အတွက် ဘာတွေ ပြင်ဆင်ပြီးပြီလဲ ။ ကဲ ဘုန်းကြီးတရားပြီးပြီ ။
ရွှေမန္တလေးဂျာနယ်-
အမှတ်စဉ် ၂၂၅ ( ၂၈. ၇ . ၂၀၀၇ ) အား မှီငြမ်းရေးသားသည် ။
#htoohtoolay

Comments
Post a Comment