Skip to main content

နက္ခတ်ဗေဒင်သမိုင်း

နက္ခတ်ဗေဒင်သမိုင်း
-----
နက္ခတ်ဗေဒင် ဆိုင်ရာလေ့လာတွေ့ရှိချက်များနှင့် ကမ္ဘာမြေပြင်ဆိုင်ရာ ဖြစ်ရပ်များအကြား တိုက်ရိုက်အချိုးကျ ဖြစ်ပျက်မှုများသည် လူတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှု အစိတ်အပိုင်းများ အပါအဝင် လူ့သမိုင်း၏ ရှုထောင့်အမျိုးမျိုးအပေါ် လွှမ်းမိုးချယ်လှယ်လျက်ရှိသည် ။ အင်ဒို - ဥရောပ လူမျိုးများအနေဖြင့် နက္ခတ်ဗေဒင်သည် ဘီစီ ၃ ထောင်စုလောက်မှစတင်ကာ ရာသီအလိုက် ပြောင်းလဲမှုများကို ခန့်မှန်းရန် ကောင်းကင်ဆိုင်ရာ အဖြစ်အပျက်များအား ဘုရားသခင်၏ ဆက်သွယ်မှုအနေဖြင့် ယုံကြည်ကြလျက် ထိုအချက်ကို အခြေခံ၍ ပြကဒိန်များ ဖန်တီးခဲ့ကြကြောင်း တွေ့ရသည် ။
၁၇ ရာစုတိုင်အောင် နက္ခတ်ဗေဒင်ကို ပညာရပ်ဆိုင်ရာအစဉ်အလာအဖြစ် သတ်မှတ်ခဲ့ကြပြီး နက္ခတ္တဗေဒ ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခဲ့သည်။ ထိုနောက် နက္ခတ္တဗေဒ နှင့် ပတ်သတ်၍ မိုးလေဝသနှင့် ရိုးရာဓလေ့များကို လေ့လာမှုများ၌ ထို ဗေဒင်ဆိုင်ရာ ပညာရပ်များကို အသုံးပြုခဲ့ကြသည် ။ ၁၇ ရာစု အကုန်လောက်တွင်တော့ ထို နက္ခတ်ဗေဒင် ဆိုင်ရာ အခြေခံ အချက်များသည် သိပ္ပံတွေ့ရှိချက်များ၏ အားကောင်းမှုတို့ကြောင့် ထိုပညာရပ်မှာ မှေးမှိန်သွားရတော့သည် ။
ဤသို့ဖြင့် ၂၀ ရာစုအရောက်တွင်တော့ သတင်းစာများအတွင်း ထိုပညာရပ်ဆိုင်ရာ ဗေဒင်များအား အခန်းပျက်နှင့် ရိုက်နှိပ့်ထည့်သွင်းလာမှုတို့ကြောင့် လူအများအကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏ ။ ထိုကဏ္ဏကို လူအများက ကြိုက်နှစ်သက်ကြ၍ လက်ခံခဲ့ကြရာမှ ယနေ့ထိတိုင် သတင်းစာများအတွင်း ဗေဒင်ကဏ္ဏသည် ပါဝင်လာလျက် ရှိလေသည် ။
နက္ခတ်ဗေဒင် ၏ အနက်မှာ ကောင်ကင်ပြင်၌ လူသားတို့၏ ဘဝအဓိပ္ပာယ်ကို ရှာဖေွရန် ဖြစ်သည် ။ ၎င်းသည် ယေဘူယျနှင့် တိကျသော လူ့အပြုအမူ အဖြစ်အပျက်များကို နားလည်ရန်အတွက် ဂြိုလ်များ၏ အသွားအလာ လွှမ်းမိုးမှုကို နားလည်ရန်လိုကြောင်း ဖွင့်ဆိုသည် ။ လူသားများသည် နက္ခတ္တဗေဒ ၏ သံသရာကို ကိုယ်စားပြုသည် ။ ရာသီဥတု ပြောင်းလဲခြင်းကို တိုင်းတာရန်၊ မှတ်တမ်းတင်ရန်နှင့် ကြိုတင်ခန့်မှန်းရန် ကြိုးစားမှုများပြုလုပ်သည်နှင့်အမျှ နက္ခတ်ဗေဒင်သည် လေ့လာမှုတစ်ခုအနေဖြင့် စတင်ကာ သုတေသီများအကြား အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြ၏ ။
ထိုကဲ့သို့အပြုအမူများကို လူသားတို့သည် မည်သည့်အချိန်လောက်က လိုက်စားခဲ့သည်ကို လေ့လာကြည့်သောအခါ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀၀ ခန့်က ကျောက်ဂူများအတွင်း ဂြိုလ်သွားလမ်းကြောင်းများအား ရေးခြစ်ထားသည်ကို တွေ့ရှိရကြောင်း ဆိုသည် ။
ဒီရေတက်ချိန်နှင့် လတို့၏ ဆက်စပ်မှုကို သတိထားမိကြရာမှ နှစ်စဉ် ရာသီ သုံးမျိုးကို လိုက်၍ ပြကဒိန်များ ဖြစ်ပေါ်လာရန် ခြေလှမ်းအစများ ဖြစ်လာခဲ့ရသည် ။ ထို့နောက် ကြယ်စုများ၏ သွားလမ်းကိုကြည့်၍ လိုအပ်ချက်များကို ဖြည့်စွက်ကာ အသိပညာများ တစ်စ တစ်စ တိုးတက်လာသည်နှင့်အမျှ လူသားတို့၏ ယဉ်ကျေးမှုသည်လည်း တစ်ဖြေးဖြေး တိုးတက်ပြောင်းလဲ လာခဲ့တော့လေသည် ။ သုံးရာသီကို ခန့်မှန်းလာသည်နှင့်အမျှ စိုက်ပျိုးရေးလုပ်ငန်းများ ထွန်းကားလာခဲ့တော့သည် ။ ဂြိုလ်သွားလမ်းကိုကြည့်၍ ကမ္ဘာမြေ၏ အပူ ၊ အအေး ၊ မိုးများ ၊ မိုးခေါင် စသည့် သဘာဝ အဖြစ်အပျက်များအား အတိအကျနီးပါး ခန့်မှန်းနိုင်ကြသည့် ဗေဒင်ပညာများ ပေါ်ပေါက်လာခဲ့တော့လေသည် ။ ထိုသူများကို မှော်ဆရာများအဖြင့် ထိုအချိန်က သက်မှတ်ခဲ့ကြ၏ ။
နက္ခတ်ဗေဒင်ပညာ (Astrology) ၏ မူလဘူတသည် ရှေးယခင်က ဘာရတဟု သိကြသည့် အိန္ဒိယတိုင်းပြည်ပင်ဖြစ်သည်။ အနှစ်ရှစ်ထောင်ကျော် သမိုင်းသက်တမ်း ရှိခဲ့ပြီ။ နက္ခတ္တ ပညာရပ်နှင့် စပ်လျဉ်းသည့် မှတ်တမ်းမှတ်ရာများကို နိုင်ငံအများတွင် ယဉ်ကျေးမှု အမွေအနှစ်၌ တွေ့မြင်ရသည်။ အိန္ဒိယနိုင်ငံ၏ ဝေဒကျမ်းဂန်များမှတပါး ရှေးအကျဆုံးသော နက္ခတ်ဗေဒင် ပညာရပ်များကို တရုတ်နိုင်ငံတွင် တွေ့ရှိရသည်။ တရုတ်တို့သည် အိန္ဒိယမှ ဟိန္ဒူများကဲ့သို့ပင် ကျမ်းဂန်များကို ထိမ်းသိမ်းစောင့်ရှောက်ရာ၌ စေ့စပ်သေချာမှု ရှိသည်။
ချေလ်ဒီယာဆိုသည်မှာ ဘေဘီလုံတို့ ကြီးဆိုးခဲ့သော ဒေသဖြစ်ပြီး ယခုခေတ် အီရတ် တောင်ပိုင်းဘက် ဒေသဖြစ်သည်။ ချေလ်ဒီယာမှ နှောင်းပိုင်း နက္ခတ်ဗေဒင် ပညာရှင်များက ဘီစီ ၃၀ဝ၀ က ပေါ်ခဲ့သော ပညာရှင် ဘီရိုဆပ် (Berosus) အကြောင်းကို ရေးသားမှတ်တမ်းတင်ခဲ့ကြသော်လည်း ဘီရိုဆပ်၏ ကျမ်းဂန်အစစ်အမှန်များကို တွေ့ရန်ခက်သည်။ သို့သော် ရှေးခေတ် ချေလ်ဒီယာသားများသည် နက္ခတ်ဗေဒင် ကို သုံးစွဲခဲ့ကြသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ဂရိနှင့် ရောမတို့၏ နက္ခတ်ဗေဒင်သည် ၎င်းတို့ထံမှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။
ဘေဘီလုံတို့ နက္ခတ်ဗေဒင်ကို အသုံးပြုခဲ့ကြောင်း ခြေရာခံ၍ ရသည်မှာ ဘီစီ ၂၅၀ဝ ခန့်က ဖြစ်သည်။ သို့သော် ဘေဘီလုံသားတို့ ရေးသားခဲ့သော ကျမ်းဂန်အထောက်အထားများကို မတွေ့ရှိရပေ။
အီဂျစ်တို့သည် နက္ခတ်ဗေဒင်ကို နားလည် အသုံးချခဲ့သည်မှာ ခရစ်တော် မပေါ်မီ နှစ်ထောင်ပေါင်းများစွာကပင် ဖြစ်ကြောင်း အထောက်အထားတွေ့ရသည်။ ရှေးအကျဆုံးသော အီဂျစ် နက္ခတ်ဗေဒင်ပညာရှင်များမှာ ဘီစီ ၈၀ဝ ခန့်က နီဆပ်ပဆို (Nicepsos) အုပ်စိုးစဉ်ကာလက ဘုန်းတော်ကြီး ပီတိုဆီရစ် (Petosiris) ဟု သိရသည်။ ပီတိုဆီရစ်သည် နက္ခတ်ဗေဒင်ကျမ်းဂန်များ ရေးမရေး မသိရပေ။ အထောက်အထားလည်း မတွေ့ရပေ။
ယနေ့တိုင် တွေ့ရှိနိုင်သော နက္ခတ်ဗေဒင်ကျမ်းများကို ရေးခဲ့သူ အစောဆုံး အီဂျစ် နက္ခတ္တပညာရှင်မှာ ကလော်ဒီယပ်စ် တိုလမီ (Claudius Ptolemy) ဖြစ်သည်။ ယနေ့ အနောက်နိုင်ငံ၏ ခေတ်သစ် နက္ခတ်ဗေဒင်သည် တိုလမီ၏ ကျမ်းများကို အခြေခံသည်။ တိုလမီကို အီဂျစ်နိုင်ငံ၊ ပယ်လူဆီယမ် (Pelusium) မြို့၌ မွေးဖွားပြီး အလက်ဇန်းဒရီးယား ကျောင်းတော်၌ ပညာသင်သည်။ ယနေ့ခေတ်အထိ တည်ရှိနေသော နည်းနာများထဲမှ အမှားများမှာ ယင်း၏ တက်ထရာ ဘိုင်လော့ (Tetrabilos) ကျမ်းကြောင့်ဖြစ်သည်။
ရှေးအကျဆုံး ပါရှန် နက္ခတ်ဗေဒင်ပညာရှင်မှာ အယ်လ် ဟာကင်မ် (Al Hakim) ဖြစ်သည်။ ဒါရီယပ်စ် (Darius) ခေတ်တွင် ကျော်ကြားသော နက္ခတ္တပညာရှင်ဖြစ်သည်။ အယ်လ် ဟာကင်မ်သည် ကျမ်းများစွာ ရေးသားခဲ့ပြီး နှောင်းလူတို့ အများဆုံး ဖော်ပြကိုးကားသည့်ကျမ်းမှာ ဂျူဒီရှာ ဂီမာစပီယာ (Judicia Gimaspia) ဖြစ်သည်။ အယ်လ် ဟာကင်မ်၏ ကျမ်းအများစုမှာ ပျောက်ပျက်ကုန်သည်။ သို့သော် အံ့ဖွယ် ဟောကိန်းများကြောင့် အယ်လ် ဟာကင်မ်သည် ထင်ရှားကျော်ကြားခဲ့သည်။ သူ၏ အထင်ရှားဆုံးဟောကိန်းမှာ ယေရှုမွေးဖွားမည့်အကြောင်း ဖြစ်သည်။
နက္ခတ်ဗေဒင်တွင် အာရပ်များသည် ထူးချွန်ထက်မြက်သူများဖြစ်ကြသည်။ အာရေဗျသည် နက္ခတ္တပညာရှင် အကျော်အမော်များ ထွက်ပေါ်ရာဒေသဖြစ်သည်။ သူတို့၏ ကျမ်းစာ၊ ပညာများသည် ဂရိနှင့် ရောမမှတဆင့် အနောက်နိုင်ငံများအထိ ရောက်သည်။ သို့သော် ယခုအခါ တစွန်းတစသာ တွေ့ရှိရသည်။ ထိုထိန်းသိမ်းထားသော တစွန်းတစများသည်ပင် အာရပ်တို့၏ နက္ခတ္တဗေဒ အဆင့်မြင့်ကြောင်း သက်သေအထောက်များ ဖြစ်ကြသည်။ ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်ကြသော လူမျိုးများဖြစ်၍ ကျမ်းဂန်အထောက်အထား ရရန်ခက်သည်။
ဘီစီ ၆၅၀ဝ မှစ၍ နက္ခတ္တဗေဒ ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း အိန္ဒိယတွင် ခိုင်မာသော အထောက်အထားများ တွေ့ရသည်။ စစ်မှန်သည်ဟု ယူဆရသော ဘီစီ ၃၇၀ဝ ခန့်မှပြုစုခဲ့သည့် ကျမ်းများလည်း တွေ့ရသည်။ မူရင်းကျမ်းများမှာ ပျက်စီး၊ ပျောက်ဆုံးကုန်သော်လည်း နက္ခတ်ဗေဒင် ပညာရှင်များက အဆက်ဆက်ကူးယူ ထိန်းသိမ်းခဲ့ကြသည်။ ယင်းကျမ်းဂန်များကို အိန္ဒိယပြည်နယ်များရှိ စာကြည့်တိုက်များတွင် တွေ့နိုင်သည်။ ဘီစီ ၆၅၀ဝ မှစ၍ နက္ခတ္တကို အသေးစိတ် မှတ်သားပြုစုလာခဲ့ကြသည်။
ဝေဒ နက္ခတ္တပညာကို ရေးသားခဲ့သော အစောဆုံး ပညာရှင်မှာ ပီတ မဟာဖြစ်သည်။ သူသည် ပီတ မဟာ သိဒ္ဒန္တ (Pita Maha Siddhanta) ခေါ် ကျမ်းကို ပြုစုခဲ့ပြီး ယနေ့တိုင် ယင်းမူများကို တွေ့နိုင်သည်။ ပီတ မဟာသည် ထိုကျမ်းကို ဘီစီ ၃၀ဝ၀ ခန့်တွင် ရေးသားပြုစုခဲ့သည်။ နောင် အနှစ် ငါးရာ အကြာတွင် ဝါရှီသျှတြ (Vashishttha) ခေါ် နက္ခတ္တပညာရှင် ပေါ်ပေါက်လာပြီး နက္ခတ္တဗေဒ (Astronomy)၊ နက္ခတ်ဗေဒင် (Astorology)၊ ဒဿန (Pholosophy) ကျမ်းစာ အများအပြားရေးသားပြုစုခဲ့သည်။ သူ၏ အရေးအပါဆုံး ကျမ်းမှာ ဝါရှီသျှတြ သိဒ္ဒန္တ (Vashishttha Siddhanta) ဖြစ်သည်။
သူ၏ အခြားကျော်ကြားသော ကျမ်းများမှ ပဉ္စ သိဒ္ဒန္တကောသ၊ သူရိယ သိဒ္ဒန္တ၊ နိတျာနန္ဒ၊ ဘာရတဇာတက၊ အရိယဘာတ၊ မံသဂါရိ၊ ရန္နဝီရနှင့် လဂဟု ပရသျှာရတို့ ဖြစ်သည်။ အီး.အမ်.ပလန်ကက် (E.M.Plunkett) က သူ၏ “ရှေးဟောင်း မှတ်တမ်းနှင့် ပုဂ္ဂိုလ်ကျော်များ” စာအုပ်တွင် “ခရစ်နှစ်အစ ဂရိကျမ်းများကို အိန္ဒိယ နက္ခတ္တဗေဒက များစွာအထောက်အကူ ပြုခဲ့ဟန်ရှိသည်၊ ဖီလိုစထရေးတပ်စ် (Philostratus) ရေးသားခဲ့သော ဂရိဒဿနဆရာ၊ နက္ခတ္တဆရာ ‘အပိုလိုနီးယပ်၏ ဘဝ’ ကျမ်းတွင် အပိုလိုနီးယပ်စ်သည် နက္ခတ္တဗေဒနှင့် နက္ခတ်ဗေဒင်ကို အိန္ဒိယ သူတော်စင်များထံ၌ လေ့လာသင်ယူခဲ့သည်” ဟု ဖော်ပြထားသည်။
ကိုင်ရိုကဲ့သို့ပင် ကျော်ကြားသော ကောင့် လူးဝစ် ဟာမွန် (Count Louis Hamon) က သူ၏ “သင်နှင့် သင့်လက္ခဏာ” အမည်ရှိစာအုပ်တွင် “ရှေးလူတို့၏ ဉာဏ်ပညာကို အထင်သေးသူတို့သည် ရှေးအိန္ဒိမှ မြင့်မြတ်သော ပုဂ္ဂိုလ်များနှင့် ဒဿန ပညာရပ်များကို မမေ့နေကြ၍ဖြစ်သည်။ ယင်းတို့ကို ယနေ့ယဉ်ကျေးမှုများက မလှန်နိုင်သေးပေ၊ လက်ခံနေရသည်သာ။ ယင်းတို့ ထုတ်ခဲ့သော သီအိုရီများကို ယနေ့ နက္ခတ်ပညာရှင်များ အံ့ဩကြရသည်။ ခေတ်သစ်တွင် နောက်ဆုံးပေါ် ပစ္စည်းများသုံး၍ လေ့လာ ကြည့်သည့်တိုင် ရှေးပညာရှိတို့၏ တွေ့ရှိမှုကို မကျော်နိုင်သေး။ အိန္ဒိယရှေးပညာရှိတို့ မည်သို့ရှာဖွေ ကြံဆခဲ့သည်ဆိုသည်မှာ အထူးအဆန်းဖြစ်နေသေးသည်” ဟု ရေးခဲ့သည်။

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...