Skip to main content

ကမ္ဘာ့အကြီးဆုံးသဲကန္တာရကြီးများ


ကမ္ဘာ့အကြီးဆုံးသဲကန္တာရကြီးများ
-----
ကမ္ဘာပေါ်ရှိ အချို့ဒေသများတွင် သဲအတိ ပြီးသော ကန္တာရများရှိလေသည်။ သဲကန္တာရများမှာ ရှည်လျား ကျယ်ပြန့်သော သဲမြေပြင်များဖြစ်၍ သစ်ပင်များပေါက်ခြင်းမရှိ၊ တိရစ္ဆာန်များလည်း ခိုအောင်းကျက်စားခြင်းမရှိချေ။ သို့သော် ကန္တာရကို ညီညာပြန့်ဖြူးသည့် မြေပြင်အဖြစ်တွေ့ရခဲသည်။

သဲကန္တာရအများ၌ပင် တောင်၊ တောင်ကုန်းနှင့် ကမူများကို တွေ့မြင်နိုင်သည်။ ကန္တာရအတွင်း ခရီးသွားရသည်မှာ လွန်စွာ ဘေးအန္တရာယ် ပေါများလှ၏။ ပင်လယ်ထဲ၌ ခုတ်မောင်းလျက် ရှိသော သင်္ဘောတစ်စင်းမှ လူတစ်ယောက်သည် မိမိ ပတ်ဝန်းကျင်၌ ရေပြင်မှတစ်ပါး အခြားအရာဝတ္ထုများကို မမြင်ရသည့် နည်းတူ ကန္တာရကြီးများအတွင်း၌ ခရီးသွားရသူများသည်လည်း ပတ်ဝန်းကျင်တွင် သဲပြင်ကြီးမှတစ်ပါး အခြားအရာ များကို မမြင်ရချေ။ ထိုကန္တာရကြီးများ၌ ခရီးသွားသူများသည် ကုလားအုပ်ဖြင့် တစ်နေရာမှ တစ်နေရာ သွားလာကြရ၏။

ထိုသို့ သွားလာရာ၌ ညအခါတွင် ကောင်းကင်၌ နက္ခတ်တာရာများကိုကြည့်၍ သွားကြရသည်။ ကန္တာရများအတွင်း၌ လေသည် အတားအဆီး မရှိသည့် အလျောက် တစ်ခါတစ်ရံ အလွန်ပြင်းထန်စွာ တိုက်ခတ်၍ သဲမုန်တိုင်းများ ကျရောက်တတ်သည်။ ထိုအခါမျိုး၌ ခရီးသည်များသည် သဲပြင်ပေါ်တွင် ပြားပြားဝပ်လျက်နေကြရ၏။ တစ်ခါတစ်ရံ အချို့ခရီးသည်နှင့် ကုလားအုပ်များကို သဲများ ဖုံးလွှမ်းသွားတတ်လေသည်။ ဤသို့ပြင်းထန်သော သဲမုန်တိုင်းများ ကျရောက်သောအခါ ပင်လယ်ထဲ၌ လေတိုက်ခတ်သဖြင့် လှိုင်းများပေါ်လာသကဲ့သို့ သဲကန္တာရများအတွင်း၌လည်း သဲလှိုင်းများ ဖြစ်ပေါ်တတ်၏။

အိုအေစစ် ဖြစ်ပေါ်ခြင်း . . .

လေယူဆောင်သွားသော သဲများသည် တစ်နေရာ၌ ကျရောက်စုပုံမိသောအခါ ရိုးကလေးများ၊ တောင်တန်းကလေးများသဖွယ် သဲခုံများဖြစ်ပေါ်လာလေသည်။ ကန္တာရအတွင်း၌ စိမ့်စမ်းများ၊ ရေတွင်းများ၊ မြက်ပင်များ၊ စွန်ပလွံပင်များဖြင့် တန်ဆာဆင်အပ်သော နေရာကလေးများ ရှိ၏။ ထိုနေရာမျိုးကို အိုအေစစ်ဟု ခေါ်သည်။

ရေမွတ်သိပ် လျက် ပင်ပန်းနွမ်းနယ်လာသော ကန္တာရခရီးသည်များသည် ထိုအိုအေးဆစ်ခေါ် ကန္တာရရိပ်သာများ၌ ခေတ္တဝင်နားကြရ၏။ အချို့အိုအေးဆစ်များမှာ ခရီးသည်များအပန်းဖြေရန် စခန်းငယ် မျှသာ ဖြစ်သော်လည်း အချို့မှာမူ လူနေအိမ်ခြေ စည်ကားသော ရွာကြီးများဖြစ်ကြသည်။

ကန္တာရများသည် ယေဘုယျအားဖြင့် လူတို့အတွက် ကောင်းကျိုးချမ်းသာ တစ်စုံတစ်ရာမပေးဟု ဆိုရငြားသော်လည်း အာဖရိကတိုက်ရှိ ဆဟားရားသဲကန္တာရကြီးကို ဖြတ်သန်းတိုက်ခတ်သော လေပူတို့သည် ဥရောပတိုက်၏ အေးမြလှသော ရာသီဥတုကို မျှတညီညွတ်စေလေသည်။

ကန္တာရများအတွင်း သက်ရှိသတ္တဝါဟူ၍ မရှိသလောက် ရှားပါး၏။ သစ်ပင်ဆိုကလည်း အချို့နေရာများ၌သာ ရှားစောင်းပင်များကို တွေ့ရ၏။ လူများသည်လည်း အိုအေးဆစ်ခေါ် ကန္တာရရိပ်သာတို့နှင့် သဲကန္တာရအစွန်အဖျား အရပ်များ၌သာ အိုးအိမ် အတည်တကျနှင့် နေထိုင်ကြသည်။ မြက်အနည်းငယ် ပေါက်ရောက်သော နေရာများ၌ သိုးဆိတ်များကို ထိန်းကျောင်း တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာနေထိုင်ကြသည်။

ကန္တာရအတွင်း၌ အာရပ်လူမျိုး အများဆုံးနေထိုင်ကြ၏။ ကမ္ဘာ့သမိုင်းကို ပြန်ကြည့်လျှင် ကန္တာရအတွင်း၌ နေထိုင်ခဲ့သော အာရပ်လူမျိုးတို့သည် တစ်ခါက အခြားတိုင်းပြည်များစွာကို စိုးမိုးအုပ်ချုပ်၍ ဥရောပတိုက်တောင်ပိုင်း စပိန်နိုင်ငံအထိ အာဏာစက် ဖြန့်ချိခဲ့ဘူးကြောင်း တွေ့ရသည်။

မိုးမရွာခြင်း . . .

ကန္တာရများဖြစ်ပေါ်ရခြင်း၏ ယေဘုယျအကြောင်းရင်းမှာ မိုးနည်းပါးခြင်းကြောင့်ပင်ဖြစ်၏။ ကန္တာရများ၌ မိုးမရွာခြင်းမှာ ကန္တာရနှင့် သမုဒ္ဒရာအကြား၌ တည်ရှိသောတောင်များ ကာဆီး နေသောကြောင့် ဖြစ်၏။ သမုဒ္ဒရာမှ မိုးရေယူဆောင်လာသော လေသည် တောင်များကို ဖြတ်ကျော်သောအခါ မိုကိုရွာချခဲ့ သဖြင့် ကန္တာရအတွင်းသို့ရောက်သောအခါ မိုးရေမပါတော့ချေ။ တစ်နည်းအားဖြင့်ဆိုသော် ပူပြင်းခြောက်သွေ့သော လေ သာလျှင် ကန္တာရကို ဖြတ်ကျော်တိုက်ခတ်လျက်ရှိလေသည်။

ကန္တာရအတွင်း၌ မိုးရေမရသည့်အတွက် သစ်ပင်များ မပေါက်နိုင်ချေ။ စိုက်ပျိုးရေးလည်း မထွန်းကားနိုင်ချေ။ သို့ရာတွင် ယခုအခါ ခေတ်မှီသည့် ဆည်မြောင်းများကို ဖေါက်လုပ် ပေးသဖြင့် ကန္တာရမြေပြင်အချို့တွင် အသီးအနှံစိုက်ပျိုး နိုင်ပေပြီ။

ကန္တာရအတွင်းသို့ ရေလုံလောက်စွာ ပေးသွင်းနိုင်လျှင် သီးနှံပင်များကို အောင်မြင်စွာစိုက်ပျိုးနိုင်ကြပေမည်။ ကမ္ဘာပေါ်ရှိအကြီးဆုံးကန္တာရမှာ အာဖရိကတိုက်မြောက်ပိုင်းရှိ ဆဟားရားသဲကန္တာရဖြစ်၏။ အခြားကန္တာရများများမှာ အာရေဗျကျွန်းဆွယ်၌ အာရေဗျသဲကန္တာရ၊ မြောက်အမေရိကတိုက်၌ ကော်လိုရားဒိုးနှင့် မက္ကဆီကို သဲကန္တာရ၊ တောင်အမေရိကတိုက်၌ အာတားကားမားသဲန္တာရ၊ အာဖရိကတောင်ပိုင်း၌ ကာလာဟာရီ သဲကန္တာရ၊ ဩစတြေးလီးယားတိုက်၌ ဩစတြေးလျ သဲကန္တာရ၊ အာရှတိုက်၌ ဂိုဗီ သဲန္တာရများဖြစ်ကြ၏။ အခြား မထင်ရှားသော သဲကန္တာရငယ်များလည်း ရှိပေသေးသည်။


#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...