ဘိုးဘိုးအောင်သမိုင်း
-----
ဘိုးဘိုးအောင်သည် ကုန်းဘောင်ခေတ် ဦးပိုင်း နှစ်ပေါင်း နှစ်ရာကျော်ခန့်က ပထမံအတတ်နှင့် ထွက်ရပ်ပေါက်သူဖြစ်သည်
ဟုဆို၏။ ဘိုးဘိုးအောင်တွင် ငယ်သူငယ်ချင်း တစ်ယောက်ရှိသည်။ အမည်က ဦးဝိုင်း ဖြစ်သည်။
တတိယ မြန်မာနိုင်ငံအား ထူထောင်သူ အလောင်းဘုရား ဦးအောင်ဇေယျ၏ စတုတ္ထသားတော် ဘိုးတော်ဦးဝိုင်း(ဘိုးတော်ဘုရား) ဖြစ်သည်။
ပထမံ ဘိုးဘိုးအောင်သည်
ဝ တစ်လုံးက နှစ်လုံးဖြစ်အောင် တတ်နိုင်ရုံမက ဘယ်လိုမှ သတ်၍ မသေဟု ဖေါ်ပြကြသည်။ ဘိုးဘိုးအောင်သည်မသင့်သော
အကြံအစည် ကြံစည်သည်ဟု သံသယရှိသဖြင့် ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း)ကကွပ်မျက်စေသည်။ သို့သော်မသေပဲရှိသည်ဟု
ဆို၏။
ဘိုးဘိုးအောင်သည်ပထမံဘိုးဘိုးအောင်ပင်ဖြစ်သည်။ ပထမံထွက်ရပ်ဂိုဏ်းကြီး၏ အကြီးအကဲခေါင်ချုပ်ပင်ဖြစ်သည်။
ပထမံဂိုဏ်းဆိုသည်မှာလည်း မြန်မာရာဇဝင်တွင် ဘိုးတော်ဦးဝိုင်းအုပ်စိုးစဉ်အချိန်က
အလွန်အစွမ်းထက်သည့် ပထမံဘိုးဘိုးအောင် ပေါ်ပေါက်သည့်အချိန်မှစ၍ ပေါ်ပေါက်လာခဲ့ခြင်း
ဖြစ်ပေသည်။ ဘိုးဘိုးအောင်သီချင်းများ ဘိုးဘိုးအောင်ကိုတင်စားသော တေးသီချင်းများ ပေါ်ပေါက်လာသည်အထိ
မြန်မာတို့အကြား ဘိုးဘိုးအောင်၏ ဩဇာကြီးမားခဲ့သည်။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် ရတနာသုံးပါးတို့ကိုသာ အထွဋ်အမြတ်ထား၊
ကိုးကွယ်ဆည်းကပ်လေ့ရှိတတ်ကြသော်လည်း လူအများက ပထမံဘိုးဘိုးအောင်အား လူကြီးမိဘဆရာသခင်တစ်ဦးကဲ့သို့
ရိုသေလေးစားအားကိုးမှု ရှိကြသည်ဟု ဆိုသည်။
ဘိုးတော်ဦးဝိုင်းသည် ဘိုးဘိုးအောင်ကိုသာမက
နန်းတက်စတွင် ထီးနန်းအန္တရာယ်ကြောင့် မြန်မာ့သမိုင်းတွင်ထင်ရှားသော မြန်မာစစ်သူကြီးဝန်ကြီး
မဟာသီဟသူရ စသောမင်းဆွေမင်းမျိုး မှူးမတ်မှုထမ်းကောင်း အမြောက်အများတို့ကိုသံသယရှိသဖြင့်ပြိုင်ဘက်ဟု
ယူဆသံသယရှိသဖြင့် ကွပ်မျက်သုတ်သင်ခဲ့သည်။
ဘိုးဘိုးအောင်သည်ငယ်သူငယ်ချင်း ဖြစ်သူဘိုးတော်ဦးဝိုင်း(ဗဒုံမင်း)
အား...လူသတ်မှု မကောင်းမှု အစရှိသည့်အကုသိုလ် ကျူးလွန်ခြင်းတို့မှ ရှောင်ကြဉ်ရန်(စွန့်ရန်)
နှင့် ကုလိုလ်ကောင်းမှုပြုခြင်း၏တည်ရာ အကျင့်ဆယ်ပါး(ပုညကြိယဝတ္ထု ဆယ်ပါး)၊ ဗုဒ္ဓဘာသာဝင်များစောင့်ထိန်းအပ်သောကိုယ်ကျင့်တရားများ၊
မင်းကျင့်တရား (၁၀)ပါးကို နားလည်ရန် သိရန် လိုက်နာကျင့်ကြံရန်ဆုံးမတော်မူ၏။
...ဒေါသသည် ဖျက်ဆီးတတ်ဆုံးသောတရားဖြစ်၏၊ မြွေပွေးမြွေဟောက်နှင့်တူ၏၊
ဒေါသနှင့်သေသူ၏လားရာဂတိမှာ ငရဲပြည်ဖြစ်သည်...စသဖြင့်ဆုံးမတော်မူခဲ့လေ၏။
ဘိုးဘိုးအောင်ကို အကြောင်းပြု၍ ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း) သည် ဗုဒ္ဓဘာသာသာသနာရေးဘက်၌အထူးဂရုပြုကာ
ဆောင်ရွက်တော်မူလေ၏။ ပြိုကျပျက်စီးသောထင်ရှားသည့် ဘုရားစေတီတော် များကိုလည်း အသစ်တည်၍
ရွှေထီးထွတ်တင် လှူတော်မူသည်။ အနောက်အိန္ဒိယ မဇ္ဈိမ ဒေသ တိုင်းကြီးအရပ်ရပ်သို့လည်း
မှူးမတ်အရာရှိတို့ကို ပညာ တော်သင်အဖြစ် အကြိမ်ကြိမ် စေလွှတ်၍ လောကီလောကုတ္တရာ ကျမ်းများ၊
ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ အကျင့် သိက္ခာနှင့် စပ်သောကျမ်းစသည်ဖြင့် နာဂရီ၊
သက္ကတ ဘာသာတို့ဖြင့် ရေးသားထားသော ကျမ်းပေါင်း ၁ဝဝ ကျော်ကို ရှာဖွေ စုဆောင်းပြီးလျှင်
မြန်မာဘာသာ ပြန်ဆို စေသည်။
နိုင်ငံတော်အတွင်း အရက်သေစာသောက်စားခြင်း၊ သားကြီး ငါးကြီးတို့ကို
သတ်ဖြတ်ရောင်းချခြင်းတို့ကို တားမြစ်တော်မူသည်။ စစ်ကိုင်း အိမ်တော်ရာရှိ အောင်မြင်လောက
စေတီတော်၊ ဧရာဝတီမြစ်၏ အနောက်ဘက်ရှိ မင်းကွန်းစေတီတော်တို့သည် ဘိုးတော်ဘုရား ၏ ကောင်းမှုတော်များ
ဖြစ်သည်။ မင်းကွန်းစေတီတော်ကြီးမှာ အထုထည် ကြီးမားလွန်းရကား ပြီးဆုံးသည့်တိုင်အောင်
မတည်ဆောက်နိုင် ဖြစ်ခဲ့ရသည်။
မင်းကွန်းစေတီ အနီး၌ပင် ပိဿာ ၅၅၅၅၅ ခန့်(မင်းဖြူမှန်မှန်ပြော) အချိန်ရှိသော မင်းကွန်းခေါင်းလောင်းတော်ကြီး ကိုလည်း ဘိုးတော်ဘုရားက သွန်းလုပ် လှူဒါန်းတော်မူသည်။ တိုင်းပြည်ဝပြောစည်ပင်၍
စာပေနှင့် သာသနာရေး ထွန်းပြောင်ခဲ့လေသည်။
သာယာဝတီမင်း သည် ပုန်ကန်ရန် ကြံစည်သည်ဟု စကြာမင်းသားလေး ကိုသံသယရှိသဖြင့် ရေချကွပ်မျက်ခဲ့သော်လည်းပထမံဘိုးဘိုးအောင် ကယ်တင်သဖြင့် မသေ ဟုဆို၏။ ညောင်ရမ်းမင်းသား(စကြာမင်းသား)၏ ကယ်တင်ရှင်အဖြစ်
ပထမံဘိုးဘိုးအောင် ကို ယုံကြည်ကြသည်။ ဘိုးတော်ဘုရား (ဘိုးတော်ဦးဝိုင်း)၏ မြစ်တော် စကြာမင်းသားသည် ဘိုးမင်းခေါင်၏ ဘဝဟောင်းပုံရိပ်ဖြစ်သည်ဟုဆိုသည်။
#htoohtoolay

Comments
Post a Comment