မယာလူမျိုးတို့၏ နတ်ဘုရားများနှင့် သူတို့၏ ယုံကြည်မှု
-----
မာယာလူမျိုးများသည် သဘာဝနတ်ဘုရားများကို ကိုးကွယ်ကြသည်
။ ၎င်းတို့ထဲ၌ အရေးကြီးသော ဘုရားမှာ Itzamna
ဘုရားဖြစ်သည် ။ သူသည် ကမ္ဘာမြေကို ဖန်ဆင်းသော မီးနတ်ဘုရားဖြစ်သည် ။ သူသည်
ကောင်းကင်ကို နေ့ရောညပါ အုပ်ချုပ်လျက် မာယာတို့က သူတို့အတွက် ပြကဒိန်ကို ၎င်းက
ဖန်တီးပေးသည်ဟု ယုံကြည်ကြသည် ။ သူ့အမည်၏ အဓိပ္ပာယ်မှာ “ အိမ်မြောင်အိမ် ” ဟု
သိရသည် ။
နောက်ထပ်
နတ်ဘုရားတစ်ပါးမှာ Kukulkan ဟုခေါ်သော မြွေနတ်ဘုရားဖြစ်ကာ သူ့အား မြွေဆိုးဟု
အဓိပ္ပာယ်ရသော အမည်ကို ပေးထားကြ၏ ။ သူသည် နောက်ပိုင်း၌ မာယာလူမျိုးများအတွက် အဓိက
အရေးပါသော နတ်ဘုရားတစ်ပါး ဖြစ်လာကာ နဂါးနှင့် သူ၏ ရုပ်ထုကို ပုံဖော်လာကြ၏ ။
နောက်နတ်ဘုရားမှာ Bolon Tzacab
ဖြစ်သည် ။ သူသည် မုန်တိုင်းနှင့် လေကြီးမိုးကြီးဖြစ်ပေါ်စေကြောင်း ဘုရားဖြစ်သည် ။
မာယာ ဒဏ္ဏာရီလာအရ မာယာလူမျိုးများသည် သူတို့၏ နတ်ဘုရားများကို စိတ်ဆိုးစေမည့်
အပြုအမူများ လုပ်မိကြသောအခါ ၎င်း နတ်ဘုရားသည် လေကြီး ၊ မိုးကြီးများ ဖြစ်ပေါ်စေလျက်
မာယာလူမျိုးများအပေါ် အမြက်ဒေါသ ထွက်လာသည်ဟု ဆို၏ ။ သူ့ကို ခြေထောက်တစ်ချောင်းဟု
အဓိပ္ပာယ်ရသော အမည် ပေးထားသည် ။
မိုးရေနှင့် မိုးကြိုးကို အုပ်စိုးသော နတ်ဘုရားလည်း
ရှိသေးသည် ။ သူ့အား မာယာလူမျိုးများက Chaac ဟု ခေါ်ကြ၍ သူ့တွင်
လင်းလတ်နေသော ပုဆိန်ရှိကာ ထိုပုဆိန်ဖြင့် မိုးတိမ်နှင့် မိုးများကို ဖြစ်ပေါ်စေသည်ဟု
ယုံကြည်ကြ၏ ။
မာယာလူမျိုးများ၏ ဘုရင်များမှာ လူသားနှင့် ဘုရားအကြားမှ
တမန်တော်များ ဖြစ်ကြကာ နတ်ဘုရားများနှင့်ပတ်သတ်သော လုပ်ငန်းဆောင်တာများကို ၎င်းတို့က
လုပ်ဆောင်ပေးရလေသည် ။ တစ်နည်းအားဖြင့်ဆိုလျှင်မူ ၎င်းတို့သည် သက်ရှိထင်ရှားရှိသော နတ်ဘုရားများဟု
မိမိကိုယ်ကို ခေါ်ဆိုကြ၏ ။
ဘုရင်များပြီးလျှင် ယဇ်ပရောဟိတ်များလည်း ရှိသေး၏ ။
သူတို့၏တာဝန်မှာ လူသားများအား နတ်ဘုရားများက မျက်နှာသာပေးမှုကို ခံရစေရန်အတွက် ထုံးတမ်းစဉ်လာများကို
လုပ်ဆောင်ရန်အတွက်သာ ဖြစ်သည် ။ တစ်နည်းဆိုရသော် ဘာသာရေး ခေါင်းဆောင်များ နည်းတူဖြစ်၏
။ မာယာများမှာ ၎င်းတို့အား ရိုသေလေးစားရ၏ ။ ထိုသူတို့၏ လုပ်ငန်းဆောင်တာအသေးစိတ်ကို
သူတို့၏ယဇ်ပရောဟိတ်စာအုပ်တွင် ဖော်ပြထားသည်ဟု
ဆိုသည် ။ သူတို့၏ အချို့တာဝန်များလည်း ရှိသေးသည် ။ ၎င်းတာဝန်များမှာ -
-
နတ်ဘုရားများအဖြင့် အယောင်ဆောင်ခြင်း၊
-
အနာဂတ်ကို ခန့်မှန်းရခြင်း ၊
-
အံ့ဖွယ်အမှုများပြုလုပ်ပြရခြင်း ၊
-
နေကြတ်ရာ၌ ပွဲတော်စီမံရခြင်း ၊
-
ငတ်မွတ်ခေါင်းပါးခြင်း၊ မိုးခေါင်ခြင်း၊ ကပ်ရောဂါနှင့်မြေငလျင်များကို
နတ်ဘုရားအား တိုင်တည်၍ ကာကွယ်ရခြင်း ၊
-
တိုင်းပြည်အတွက် လုံလောက်သောမိုးရေချိန်ကို ရရှိရပါမည်ဟု အာမခံနိုင်ရခြင်း တို့ဖြစ်သည်
။
နောင်ဘဝနှင့်
ပတ်သတ်၍ မာယာလူမျိုးတို့၏ အယူအဆမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော အမှောင်ထုကြီးသည် ရှိ၏
။ လူများသည် သေလွန်သောအခါ ၎င်းအမှောင်ထုအတွင်းကို
ဖြတ်သန်းသွားရမည် ။ ထိုအမှောင်ထုအတွင်းဤ အမှောင်နတ်ဘုရားများ ရှိနေသည် ။ သူတို့က ရောက်လာသော
သေလူများကို ညဉ်းပန်းနှိမ်စက်ကြ၏ ။ ဤကဲ့သို့ နောက်ဘဝသည် အထင်အရှားရှိနေသည် ။ ထိုသို့
ကြောက်မက်ဖွယ်ကောင်းသော အမှောင်ထုအတွင်းသို့ သေလူများအားလုံး ဖြတ်သန်းသွားရမည်ဖြစ်သည်
။ သို့သော် ကလေးငယ်များ နှင့် ကလေးမွေးဖွားစဉ် သေဆုံးသွားရသော အမျိုးသမီးများ ၊ ယဇ်ပူဇော်ခံရသူများသည်
၎င်း အမှောင်ထုကို ဖြတ်သန်းရမည်မဟုတ်ပဲ ကောင်းကင်သို့ တိုက်ရိုက်သွားရမည်ဟု ယုံကြည်ကြသည်
။
မာယာလူမျိုးဟူ၍
ကမ္ဘာက သိရှိရသော အကြောင်းအရာတစ်ချက်မှာ သူတို့၏ ပြကဒိန်သည် အလွန်အရေးပါသော အခန်းကဏ္ဏတစ်ခု၌
တည်နေ၏ ။ အချို့နေ့များကို ကံကောင်းစေသော နေ့များအဖြင့် သတ်မှတ်စေပြီး အခြားရက်များကို
ကံဆိုးစေသည့် ရက်များအဖြင့် ပုံဖော်ထားခဲ့ပြန်သည် ။ သူတို့၏ ဘာသာရေး အခမ်းအနားနှင့်
ပွဲတော်ရက်များကို ၎င်းပြကဒိန်ဖြင့် သတ်မှတ်ကြသည် ။ ယင်းတို့အသုံးပြုသော ပြကဒိန်မှာ
ဂြိုလ်ပတ်လမ်းများအား သိပ္ပံနည်းကျအတိုင်း အတိအကျ ဖော်ပြနိုင်ခြင်းကြောင့် တစ်မူထူးခြားလျက်
ရှိနေရ၏ ။
၎င်းတို့သည်
အီဂျစ်ကဲ့သို့ ပိရိမစ်များကိုလည်း တည်ဆောက်ခဲ့ကြသည် ။ မာယာပိရိမစ်များမှာ သူတို့နတ်ဘုရားများ၏
အထိမ်းအမှတ်ကို ရည်စူးတည်ဆောက်ထားခြင်းဖြစ်သည် ။ ပိရိမစ်၏ ထိပ်ပိုင်းတွင် ဗိမ္မာန်တော်အတွက်
နေရာတစ်ခုရှိ၏ ။ ယဇ်ပရောဟိတ်များသည် နှစ်ဖက်စလုံးမှ လှေကားများကိုအသုံးပြုကာ ပိရိမစ်၏
ထိပ်သို့ တက်ကြသည် ။ သူတို့သည် ဝတ်ပြုခြင်းနှင့် ကိုးကွယ်ခြင်း ၊ ယဇ်ပူဇော်ခြင်းများကို
၎င်းထိပ်ဆုံးရှိ ဝတ်ပြုရာ ဗိမ္မာန်အတွင်း၌ ပြုလုပ်ကြလေ၏ ။
မာယာလူမျိုးတို့သည်
ကမ္ဘာကြီးကို ဘီစီ ၃၁၁၄ တွင် ဖန်ဆင်းခဲ့သည်ဟု ယုံကြည်ကြသည် ။ ဤသည်က ၎င်းတို့ပြကဒိန်အတွက်
သုညရက်စွဲ ဖြစ်ခဲ့သည် ။ မာယာဘာသာ၏ အချို့သွင်ပြင်ပညာရပ်များကို ယနေ့ထက်တိုင် ကမ္ဘာအရပ်ရပ်၌
ကျင့်သုံးနေကြစဲဖြစ်သည် ။ သူတို့သည် လူသားများအား ပြောင်းဖူးဖြင့် ပြုလုပ်ခဲ့ကြသည်ဟု
ဆိုသည် ။ ထိုဇာတ်လမ်း၌ နတ်ဘုရား ၆ ပါးသည် ပြောင်းဖြစ် လူသားများမဖန်တီးမီ၌ သစ်သား ၊
မြေကြီး စသည်တို့ဖြင့် အမျိုးမျိုး ပုံဖော်ခဲ့သည်ဟု ဆို၏ ။ သို့သော် စိတ်တိုင်းမကျရကား
နောက်ဆုံး၌ ပြောင်း အဖြူနှင့် အဝါကို အသုံးပြုကာ လူသားတစ်စုံကို ဖန်တီးရာမှ စိတ်တိုင်းကျခဲ့သည်ဟု
ဆိုကြ၏ ။ ထို့ကြောင့် မာယာလူမျိုးများအတွက် လူသားတို့၏ အစပထမ ဘိုးဘွားဘီဘင်များမှာ
ပြောင်းဖူးများ ဖြစ်ကြသည်ဟု ယုံကြည်ကြ၏ ။ ပြောင်းဖူးသည် ကျွန်ုပ်တို့အတွက် မြင့်မြတ်သောအရာဖြစ်၍
ကျွန်ုပ်တို့၏ ဘိုးဘေးများနှင့် ဆက်နွယ်နေသည်ဟု သိထားရမည်ဆို၏ ။ ပြောင်းဖူးသည် ၎င်းတို့၏
ရှင်သန်ရာပင် ဖြစ်လေတော့သည် ။ မာယာပြကဒိန်၌ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင်
သဘာဝဘေးအန္တာရာယ်များ ကျရောက်မည်ဟု ဖော်ပြပါရှိထားခဲ့သည် ။
#htoohtoolay

Comments
Post a Comment