သောတပန် လူထွက် !
-----
တစ်ခါက ဒကာတစ်ယောက်ဟာ ဘုန်းကြီးထံ လျောက်ထားဖူးတယ် ။ အဲ့ဒီ့ဒကာဟာ အောက်တန်းစားဒကာ မဟုတ်ပါဘူး ။ ခေတ်ပညာလဲ တက်တယ် ။ ဗဟုသုတလဲ အတော်အတန်ပြည့်စုံတဲ့ အထက်တန်းစား ဒကာတစ်ယောက်ပါပဲ ။ သူက ကမ္မဋ္ဌာန်းဆရာ တစ်ယောက်ထံမှာ တရားအားထုတ်ပါသတဲ့ ။ အားထုတ်ပြီးတဲ့အခါမှာ သူ့ကို သောတပန်ဖြစ်ပြီလို့ ဆုံးဖြတ်ပေးပါသတဲ့ ။ အရိယာတရားနဲ့ စပ်ပြီး ဒီလိုဆုံးဖြတ်ချက်မျိုးကို ဘုရားမှတစ်ပါး ဘယ်ရဟန္တာ ဘယ်မထေရ်ကမှ ပေးဖူးတယ်ဆိုတာ ပိဋကတ်စာပေမှာ မရှိပါဘူး ။ ဘုန်းကြီးတို့ကတော့ ဒီလို မဆုံးဖြတ်ကောင်းဘူးလို့လဲ အမြဲတမ်း ပြောပြနေပါတယ် ။ အဲ့ဒီ့ ညာဏ်စဉ်တရားနဲ့ တိုက်ဆိုင်ပြီး သူ့ဟာသူပဲ ဆုံးဖြတ်ဖို့ တာဝန်ပေးထားပါတယ် ။ ခုနကပြောထားတဲ့ဒကာကတော့ သူ့ဆရာက သောတပန်ဖြစ်ပြီလို့ ဆုံးဖြတ်ပေးလိုက်တာနဲ့ သူကလဲ သောတပန်ဖြစ်ပြီလို့ ယုံကြည်ယူဆပြီးတော့ ငါးပါးသီလကိုလဲ လုံအောင် စောင့်ထိန်းနေပါသတဲ့ ။ တစ်နေ့သောအခါကျတော့ သူကိုးကွယ်တဲ့အခြားသောဆရာတော်ကြီးတစ်ပါးထံသွားပြီးတော့ သူတရား အားထုတ်ခဲ့ပုံ တွေ့မြင်ပုံနဲ့တကွ သောတပန်ဖြစ်ပြီလို့ ဆုံးဖြတ်ပေးပုံကို လျှောက်ထားပါသတဲ့ ။ အဲ့ဒီ့ဆရာတော်ကြီးက ဘုန်းကြီးနဲ့လဲ ရင်းပါတယ် ။ ဆရာလိုပဲ ဖြစ်နေပါတယ် ။ ပိဋကတ်စာပေမှာ ကောင်းကောင်းတက်ကျွမ်းတဲ့ ဆရာတော်ကြီးတစ်ပါးပဲ ။ ယခုထက်ထိလဲ ရှိနေပါသေးတယ် ။ အသက်တော်ကတော ၈၀ ကျော် ၉၀ နီးပါးရှိနေပါပြီ ။ အဲ့ဒီ့ဒကာရဲ့ လျှောက်ထားပုံက -
တပည့်တော်ဘုရား ! တရားအားထုတ်ထားပါတယ် ။ ကိုယ်ထဲမှာ ရှုလိုက်ရင် ဓါတ်တွေ သဘောတရားတွေ တရွရွ တမွမွနဲ့ ပေါ်နေပါတယ် ။ ဆရာကလဲ သောတပန်ဖြစ်ပြီလို့ ဆုံးဖြတ်ပါတယ် ။ တပည့်တော်ကလဲ သောတပန်ဖြစ်ပြီလို့ ယုံကြည်နေပါတယ် ဘုရားလို့ ဒီလိုလျှောက်တယ် ။
ဒီတော့ အဲ့ဒီ့ ဆရာတော်ကြီးက ဘယ့်နှယ်ပြောသလဲဆိုရင် -
မင်းဟာ ! ဘာမှ မဟုတ်ဘူးတဲ့ ။ မင်းဟာ တရားကို မဟုတ်သေးဘူး သောတပန်ဖြစ်ဖို့ဆိုတာကတော့ အဝေးချည်းပဲ ။
မင်းဥစ္စာ ဘာမှ မဟုတ်သေးဘူး လို့ အဆုံးအဖြတ်ပေးလိုက်သတဲ့ ။ ပြီးတော့ ဒီဒကာက သူ့ဖြစ်ပုံကို ဆက်ပြီးပြောပါတယ် ။
ဒါနဲ့ဘုရား အဲ့ဒီ့ကတည်းက စပြီးတော့ မင်းဟာ ဘာမှမဟုတ်သေးဘူးလို့ ဆရာတော်ကြီးက ပြောလိုက်တဲ့အတိုင်း တပည့်တော်ဟာ ဘာမှမဟုတ်သေးပဲ ဖြစ်နေပါတယ် ။ အစတုန်းကတော့ တပည့်တော်ဟာ သောတပန်ဖြစ်နေတယ်ဆိုတာနဲ့ သောတပန်အကျင့်နဲ့ ညီအောင် ငါးပါးသီလကို လုံလုံခြုံခြုံနဲ့ စောင့်နေခဲ့ပါတယ် ။ ယခုတော့ ဆရာတော်ကြီးက ဘာမှမဟုတ်သေးဘူးလို့ ပြောလိုက်တာနဲ့ တပည့်တော်ဟာ ငါးပါးသီလတောင် မလုံတော့ဘူးဘုရားလို့ အဲ့ဒီ့ဒကာက ပြောတယ် ။
အဲ့ဒီတော့ ဘုန်းကြီးက သူ့ကို အားပေးလိုက်ရသေးတယ် ။
ဟာ ! ဒကာ အဲ့ဒီလို မလုပ်နဲ့ ။ အစက ကိုယ့်ဟာကိုယ် သောတပန်ဖြစ်နေမှတော့ ဘယ်သူက ဘာပြောပြော ဖြစ်မြဲသာ ဖြစ်နေ ။ နောက်ပြန်မဆုတ်နဲ့ ။ ငါးပါးသီလလဲ စောင့်မြဲ စောင့်နေပေါ့ လို့ ဘုန်းကြီးက အားပေးစကားပြောလိုက်ရသေးတယ် ။ အဲ့ဒီ့ ဒကာလို သောတပန်လူထွက် မဖြစ်ဖို့ အရေးကြီးပါတယ် ။
( မဟာစည်ဆရာတော်ဘုရားကြီး )
#htoohtoolay

Comments
Post a Comment