ဂျူးဘာသာ
-----------
သမိုင်း၌ ဂျူးတို့သည် နှောင်းပိုင်းမှဝင်ရောက်လာကြသူများဖြစ်ပြီး ဘီစီ ၃၀၀၀ ကပင် အီဂျစ်တို့မှာ ပီရမစ်များကို ဆောက်လုပ်နိုင်ခဲ့ပြီး မိမိတို့၏ ယဉ်ကျေးမှုကိုအခြေချနိုင်ပြီးဖြစ်သည် ။ ဆူးမားတို့သည် ကမ္ဘာ့အင်ပါယာကို တည်ထောင်ခဲ့သူများဖြစ်သည် ။ ဘီစီ ၁၀၀၀ လောက်တွင် ဖွန်နီးရှားတို့သည် ကိုလိုနီနယ်များ ရရှိနေပေပြီဖြစ်ပြီး ဂျူးများမှာ အဘယ်သို့ ရောက်နေမှန်းပင် မသိရှိရသေးပေ ။
ဂျူးလူမျိုးများရှိနေခြင်းသည် ထာဝရဘုရားသခင်ရှိနေကြောင်း သိနိုင်သည့် အထင်ရှားဆုံး သက်သေခံပင်ဖြစ်သည် ဆိုသောမှတ်ချက်ကို ဖရတ်ဒရစ်သဂရိတ်နှင့် နပိုလီယန်လိုပုဂ္ဂိုလ်ကြီးနှစ်ဦးစလုံးက ပြောကြားခဲ့သည့်ဟုဆိုလေ၏ ။ တစ်ဆူတည်းသော ထာဝရဘုရားသခင်နှင့် လူသားတို့အကြား အဆက်သွယ်ရှိကြောင်းကို ပြဆိုနိုင်သူများအဖြင့် ဂျူးများကို လက်ခံထားခဲ့ကြကြောင်းဖြစ်သည် ။ဂျူးဘာသာမှ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်နှစ်ခုပေါက်ပွားလာခဲ့ပြီး ဂျူးဘာသာအခြေခံ ဝတ်ပြုရာတွင် ရှာမာယိဇရေးခေါ် ဝတ်ပြုစာကို သီဆိုရ၏ ။
ခရစ်ယာန်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များထက် ဂျူးဘာသာဝင်များမှာ လူဦးရေအနည်းသာဖြစ်ကြောင်းတွေ့ရှိရသည် ။ ကမ္ဘာတစ်ခုလုံးရှိ ဂျူးလူဦးရေသည် ၁၃ သန်းခန့်သာရှိလေ၏ ။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ အတွင်း ကမ္ဘာအရပ်ရပ် နေရာတိုင်းလိုလို၌ အစိုးရများသည် ဂျူးများအား ရက်စက်စွာ နှိပ်စက်ကလူ ပြုခဲ့ကြလေသည် ။
ဂျူးဘာသာတွင် အဖိုးတန်သောအမွေအနှစ်ကား ထိုရာ ခေါ် ကျမ်းစာပင်ဖြစ်သည် ။ ဓမ္မဟောင်း ကျမ်းစာလာ ပထမငါးကျမ်းကို ဂျူးတို့က ထိုရာဟု ခေါ်သည် ။ ထိုရာကျမ်းသည် ထာဝရဘုရားသခင်က မောရှေကိုပေးသော ဗျာဒိတ်စကားများကို ရေးမှတ်ထားသည့် ကျမ်းပင်ဖြစ်၏ ။ လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ ကျော်က ဆိုင်းနိုင်းတောင်ပေါ်တွင် ဘုရားသခင်သည် မောရှေမှတစ်ဆင့် ဂျူးလူမျိုးများကိုပေးခဲ့သော ဗျာဒိတ်စကားပင်ဖြစ်၏ ။
ဂျူးတို့၏ ကျမ်းစာအရ ဘုရားသခင်ကို မောရှေတစ်ဦးတည်းသာလျှင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်ဟု ဆိုလေသည် ။ ထိုရာကျမ်းတွင် ဘုရားသခင်၏ ပညတ်တော်ပေါင်း ၆၁၃ ခုပါဝင်လေရာ ရုပ်ထုလုပ်၍ မကိုးကွယ်ရ ။ သူတစ်ပါးအသက်ကို မသတ်ရ ။ သူတစ်ပါး သားမယားကို မကျူးလွန်ရ စသည့် အခြေခံ ပညတ်များမှအစ ယုန်သားမစားရ စသည်ဖြင့် အသေးဖွဲများပါအထိ ပညတ်ထားကြောင်း တွေ့ရှိရလေ၏ ။
ဂျူးများသည် ဘုရားသခင်၏ ပညတ်တော်အတိုင်း နေထိုင်ကြလေသည် ။ ဘုရားသခင်၏ အလိုဆန္ဒအတိုင်း နေထိုင်ရသည်ဟုပင် ကျေနပ်နှစ်သက်ကြ၍ အချို့နေရာများသည် ဘုရားသခင်သာ နားလည်သော ကိစ္စရပ်များလည်း ပါရှိကြောင်းဆို၏ ။ ဂျူးများသည် ကျမ်းစာအဆိုကိုသာ တသွေမတိမ်း လိုက်နာ ယုံကြည်ကြ၍ ခေတ်အတွေး ခေတ်အယူအဆများနှင့် ခေတ်သစ်သိပ္ပံတွေ့ရှိချက်များမှာ ထိုရာကျမ်းနှင့် မကိုက်ညီမှုများတွေ့ရှိရပါလျှင်မူ ကျမ်း၏ ချွတ်ချော်မှုမဟုတ်ပဲ လူသားများက သဘောပေါက်လွှဲမှားခြင်းသာ ဖြစ်ကြသည်ဟု ယူဆကြ၏ ။
ထိုရာသည် ဂျူးဘာသာ၏ အခြေခံကျမ်းဖြစ်ပြီး ဓမ္မဟောင်းကျမ်းတွင် ပါရှိသော ဗျာဒိတ်ကျမ်းများ သမိုင်းကျမ်းများနှင့် ဆုံးမစာကျမ်းများလည်း ရှိသေးသည် ။ ဤကျမ်းများမှာ ခရစ်တော်မပေါ်မီ ကာလကပင် စုဆောင်းထားသော ကျမ်းများဖြစ်သည် ။ ဟေရှာယ အနာဂတ္တကျမ်းများသည် ထိုရာကျမ်းများဖြစ်ကြ၍ ဂျူးဘာသာ၏ အရေးကြီးဆုံး ကျမ်းဖြစ်လေသည် ။
တောမွတ်ကျမ်းကို ရေးသားသူလူပုဂ္ဂိုလ် ၂၀၀၀ ခန့်ရှိပြီး စာအုပ်ပေါင်း ၆၃ အုပ်ပါရှိသည် ။ စုစုပေါင်း စာလုံးပေါင်း ၃ သန်းခန့်ရှိ၏ ။ ရှေ့ခေတ်က ဥရောပ အရှေ့ပိုင်းဒေသမှ ပညာရှင်တို့မှာ ဤကျမ်းကို နှုတ်တိုက်ရရှိခဲ့ကြသည်ဟု ဆိုလေသည် ။ တောမွတ်ကျမ်းတွင် ယောက်ျားတစ်ယောက်သည် မိန်းမအများအပြား ယူနိုင်သော ဓလေ့ကို လက်ခံထားကြောင်း ရေးသားထား၏ ။
ဘာသာရေးဆိုင်ရာဥပဒေအရ ဂျူးတစ်ယောက်ဖြစ်ကြောင်းကိုသတ်မှတ်ပုံသည် သာမန်အားဖြစ် ဂျူးမိခင်မှ မွေဖွားလာသောသူကိုသာ ဂျူးအဖြင့် ဆက်ခံနိုင်ခွင့်ရှိရပြီး အမိနှင့် အဖတွင် အဖကိုသာလျှင် အဓိကပေးသော ဂျူးဘာသာအရ ဤနေရာတွင် အမိကို ဦးစားပေးကြောင်း ဆိုလေ၏ ။
ဂျူးတို့၏ ဥပဒေအရ ယောက်ျားလေးကို မွေးဖွားပြီး ရှစ်ရက်မြောက်တွင် အရေပြား လှီးရ၏ ။ ထိုအရေပြားလှီပွဲတွင် ကလေးကို ဘာသာရေးအမည်တစ်ခုပေးရပြီး ထိုအမည်ဖြင့်ပင်နောင်သောအခါ သူ့ကို ထိုရာ၌ ခေါ်ဆောင်ခြင်းခံရလိမ့်မည်ဟုဆိုလေ၏ ။ သူ၏ လက်ထက်ထိန်းမြှားမင်္ဂလာ လက်မှတ်တွင်လည်း ဤအမည်ကို ဟီဘရူးဘာသာဖြင့် ရေးသားဖေါ်ပြရပြီးး ကွယ်လွန်သောအခါတွင်လည်းဤ အုတ်ဂူတွင် ဤအမည်ဖြင့် ကမ္ဗည်းထိုးရ၏ ။
အကြမ်းဖက်လူသတ်မှု စစ်မက်တိုက်ခိုက်ခြင်းနှင့် တိရိစ္ဆာန်များအပေါ် သနားကြင်နာခြင်းကင်းစွာ သတ်ဖြတ်ခြင်းကို ဂျူးဘာသာက ခွင့်မပြုချေ ။ သို့သော် မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် မူ သတ်ခွင့်ပြုထားလေ၏ ။ ဖိုမဆက်ဆံရေးကိုလည်း ဂျူးဘာသာက အယုတ်မလွန် လက်ခံကျင့်သုံးကြသည် ။ ဂျူးတို့သည် ပဋိသန္ဓေတားခြင်းကို လက်မခံကြပေ ။ ဂျူးလူမျိုးတို့၏ လူဦးရေကို တိုးပွားအောင် လုပ်ဆောင်ရမည်ဟု ဘုရားသခင်၏ ပညတ်ရှိကြောင်း ဆို၏ ။
ခေတ်တစ်လျောက်လုံးနှင့် နေရာဒေသ အနှံ့အပြားတို့တွင် ဂျူးဘာသာမှတစ်ဆင့် ကူးပြောင်းသွားမည့်ဘာသာရှိမည်ဟု ဆိုသောကျမ်းလာအရ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်က ခရစ်ယာန်ဘာသာတိုးတက်ကျယ်ပျံ့လာချိန်တွင် ဤအချက် အထူးမှန်ကန်ကြောင်း တွေ့ရှိနိုင်ပေသည် ။ ထိုစဉ်က ဂျူးဘာသာ၏ ဗဟိုတည်နေရာမှာ ယခုအခါကဲ့သို့ပင် ပါလက်စတိုင်းဒေသတွင် ရှိနေခဲ့ပါသော်လည်း ဂျူးများမှာ ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့ရာ မြေထဲပင်လယ်ဒေသ၌သာမက ထိုထက်ဝေးသောနေရာများသို့တိုင် ရောက်ရှိသွားကြသည် ။ဂျူးဘာသာဘုရားရှစ်ခိုးကျောင်းများမှာလည်း စောစောပိုင်းကာလ ခရစ်ယာန်ဘာသာသာသနာပြု ဆရာများ၏ အခြေခံစခန်းအဖြင့် အသုံးချခဲ့ရသည် ။
ထိုခေတ်ဂျူးတို့၏ အလိုအရ ခရစ်ယာန်ဘာသာမှ ယေရှုသည် ဂျူးဗျာဒိတ်ကျမ်း၌လာရှိသော ထူးဆန်းအံ့သြဖွယ်ကောင်းသည့် ကယ်တင်ရှင်မဟုတ်သည့်အပြင် ဘုရားသခင်လည်းမဟုတ်ပေ ။ တစ်နည်းအားဖြစ်ပြောရလျှင်မူ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာတို့သည် ဘုရားသခင်၏ အစီမံကြောင့် ပေါ်ထွက်လာရခြင်းဖြစ်သည်ဟု ဆိုလေ၏ ။
ခရစ်ယာန်ဘုန်းကြီးများကဲ့သို့ ဂျူးဘုန်းတော်ကြီးများမှာ ယခုအခါမှသာလျှင် လစာငွေရရှိကြ၏ ။ ရှေးယခင်ကမူ ဘုန်းတော်ကြီးများမှာ အလုပ်များကို လုပ်၍ အသက်မွေးမြူရ၏ ။ တရားဟောခြင်းသည်သာဂျူးဘုန်းတော်ကြီးများအတွက် အဓိက အလုပ်တစ်ခုဖြစ်လေသည် ။
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ က ဂျေရှစလင်မြို့ရှိ ဘုရားသခင်၏ ဒုတိယမြောက် ဗိမာန်တော်ကို ဖျက်ဆီးခြင်းမခံရမီအချိန်က အစဉ်အလာဘုန်းကြီးများကျင့်သုံးခဲ့သော ဓလေ့ထုံးစံ အကြွင်းအကျန်များကို ယနေ့ရှေးဟောင်းအစဉ်အလာလိုက်၍ ဂျူးများ၏ ဘဝတွင် တွေ့ရှိနိုင်သေး၏ ။
အေဒီ ၇၀ ခုနှစ်တွင် ရောမတို့ဖျက်ဆီး၍ ပျက်ီးခဲ့ရသော ဂျေရုစလင်မြို့ရှိ ဘုရားသခင်ဗိမာန်တော် ဆုံးရှုံးမှုကို ဝမ်းနည်းသည့်အမှတ်ဖြင့် ကျင်းပသည့်ပွဲသည် ဇူလိုင်နှင့် သြဂုတ်လလောက်တွင် ကျရောက်၏ ။
၁၉ ရာစုအတွင်းက ဂျေရုစလင်မြို့တွင် တိရိစ္ဆာန်များကိုသတ်၍ ယဇ်ပူဇော်ပွဲကို ပြန်လည်အသတ်သွင်းရန် ကြံစည်ခဲ့ကြသော်လည်း ဂျူးဘုန်းကြီးအများစု၏ သဘောထားမှာ ယဇ်ပူဇော်ခြင်းသည် သူ့အသတ်ကို သတ်ခြင်းနှင့်ဆိုင်သည့် မကောင်းမှုသာဖြစ်သည်ဟု ယူဆကြ၍ ဗိမာန်တော်ကိုကယ်တင်ရှင်လာရောက် မှသာပြန်လည် စတင်မည်ဟု ဆို၏ ။ ဂျူးတို့၏ သမိုင်းခေတ်တစ်လျောက်တွင် ကယ်တင်ရှင်ခေတ်ရောက်လာပြီဟု ဆိုကြသည့်အခါအပေါင်းမှာလည်း မနည်းလှပေ ။
လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ခန့်ကလည်း လောကီပညာကိုကျွမ်းကျင်သော ဝိဇ္ဇာဆရာတစ်ဦးဖြစ်သူ ဆာဘာတိုင်ဗွီဆိုသူသည် သူ့ကိုယ်သူ ကယ်တင်ရှင်ဟုဟဆိုပြန်ရာ ဥရောပတိုက်ရှိဂျူးများမှာ လှုပ်လှုပ်ရွရွဖြစ်ခဲ့ဖူးလေသည် ။ ၁၉ ရာစုတွင် ဥရောပ အနောက်ပိုင်းရှိ နိုင်ငံများမှ ဂျူးလူမျိုးများမှာ အကန့်အသတ်အချုပ်အချယ်တို့မှ လွတ်မြောက်လာကြပြီး နိုင်ငံသားတစ်ဦး၏ တန်းတူညီတူ အခွင့်အလမ်းများ ရရှိလာကြသဖြင့် ကယ်တင်ရှင်ခေတ်ကို ရောက်လာပြီဟု ဆိုကြပြန်လေသည် ။ ( ကျွန်ပ်၏ ဖြည့်စွတ်ချက် - ဂျူးများမှာ အနှိပ်စက်အဖိခံဘဝကို အချိန်ကြာမြင့်စွာ ရက်ရက်စက်စက်ခံစားနေခဲ့ရသောကြောင့် လည်းကောင်းကဲ့သို့ လွတ်လပ်ခွင့်များရရှိလာခြင်းသည် ထိုသူတို့အတွက် အလွန်မှ ကောင်းမွန်သော ခေတ်တစ်ခုဖြစ်ခဲ့လေသည် ။ ရှင်းဒလား၏ ကယ်တင်မှုကို ကျွန်ပ်လွန်စွာ ချီးကျူးဝမ်းမြောက်မိပါ၏ )
လူသားအားလုံးသည် ထာဝရဘုရားသခင်ကို အသိအမှတ်ပြုလာကြမည်ဖြစ်ပြီး ဂျူးလူမျိုးများက ဘုရားသခင်၏ တရားဟောဆရာအဖြင့် ဆောင်ရွက်ကြရလိမ့်မည် ။ အခြေအနေအသေးစိတ် မည်သို့ဖြစ်ပေါ်လာမည်ကို မည်သူမျှမပြောနိုင်သော်လည်း တစ်နေ့တွင် ခေတ်ကောင်းနှင့် ကြုံတွေ့ရမည်ကိုကား မြေကြီလက်ခပ်မလွှဲယုံကြည်ကြကြောင်း သမိုင်းအထောက်အထားများကိုဆက်စပ်၍ ရေးသားတင်ပြလိုက်ရပါတော့၏ ။
ဗဟုသုတ ရရှိနိုင်ကြပါစေခင်ဗျာ ။
#htoohtoolay

Comments
Post a Comment