နတ်တဲ့ !
----
နတ်ဆိုတဲ့ ဝေါဟာရဟာ ဘယ်က လာတာလဲ ? နတ်ဆိုတာဟာ ဥပမာ - လောကနာထ ဆိုတဲ့ ပါဠိဝေါဟာရသည် လောကနတ် ဆိုတဲ့ မြန်မာစကားဖြစ်လာသလိုပါပဲ ။ နာထ ဆိုတဲ့ ပါဠိစကားကို သတ္တဝါတို့ ကိုးကွယ်ရာ ပုဂ္ဂိုလ်အဖြစ် အနက်ဖွင့်တယ် ။ ဝေါဟာရ လီနတ္တဒီပနီကျမ်းမှာ " ငါတို့ မြန်မာမှာ နာထ သဒ္ဒါကို ယူ၍ နတ် ခေါ်ဝေါ်သည်ဟု ယူရမည် " ဟု ဒီလို ဖေါ်ပြထားပါတယ် ။
နတ်ကိုးကွယ်မှုဟာ ကမ္ဘာဦးအစကတည်းက လူများပေါ်ပေါက်လာတာနဲ့ တစ်ပါးတည်း ပါလာဟန်တူပါတယ် ။ မီးနတ် နေနတ် လေနတ် စတဲ့ သဘာဝဖန်တီးသော အရာတွေကို ကိုးကွယ်ကြတယ် ။ ရှေးဂရိလူမျိုးတို့က သူတို့ ပထမဆုံး ကိုးကွယ်တဲ့ နတ်ကို " ဇု " လို အမည်ပေးတယ် ။ ရောမလူမျိုးများက " ဂျူပီတာ " လို့ အမည်ပေးပြီး ဟူဒီ လူမျိုးတို့က " အဒိုနေ " လို့ အမည်ကိုယ်စီပေးကြပါတယ် ။
လူမျိုးတိုင်းမှာ နတ်ကိုးကွယ်မှု ရှိကြတယ် ။ နတ်တို့ဟာ လူတို့ အကျိုးစီးပွားဖြစ်ထွန်းဖို့ စောင်မကြတယ်လို့ ရှေးယခင်လူမျိုးများက လက်ခံယုံကြည်ကြပါတယ် ။ အဲ့ဒီ့ အယူကိုပဲ ယနေ့ခေတ်အထိတိုင် သယ်ဆောင်လာကြတာဖြစ်တယ် ။ အခုလို အယူအဆမှာ သိပ္ပံခေတ်ကို ရောက်လာပေမယ့်လဲ နတ်ကိုးကွယ်မှုက တစ်စ တစ်စ လျော့နည်းလာပေမယ့် လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးပါဘူး။
နတ်အကြောင်းနဲ့ ပတ်သတ်ပြီး အနည်းငယ်ရေးသားရမယ်ဆိုရင် မြန်မာနိုင်ငံမှာ အနော်ရထာမင်းလက်ထက် ပုဂံခေတ်ကတည်းက ဖယ်ရှားလာခဲ့ပေမယ့် အမြစ်မပျက်သေးတဲ့ ၃၇ မင်းဆိုတဲ့ နတ်တွေအကြောင်းလဲ ဖေါ်ပြဖို့ လိုအပ်လာပါလိမ့်မယ် ။ ထိုအကြောင်းနဲ့ ပတ်သတ်လို့တော့ ဆရာကြီး တက္ကသိုလ်စိန်တင်ရေးသားတဲ့ အိုဘယ့်အနော်ရထာ ကျမ်းမှာ ပါရှိတဲ့ အပိုဒ်ကလေးကို ဆရာကြီး၏ အာဘော်အတိုင်း ရေးသားရမယ်ဆို အင်မတန်မှ ကျေနပ်စရာကောင်းမယ်ထင်ပါတယ် ။ ဆရာကြီး၏ အာဘော်မှာ -
ခက်သည်မှာ နတ်ဆိုတာ တကယ်ရှိကြောင်း သက်သေပြရန်မဖြစ် ။ လူတစ်ယောက်ကို ချစ်ခင်လေးစားပြီဆိုရင် သည်လူသေသော် နတ်ဟု အသိအမှတ် ပြုလိုက်ကြသည် ။ ပန်းပဲ မောင်တင့်တယ်ဆိုလျှင် သူ့ကို တကောင်းဘုရင်က မတရားသတ်ခဲ့သည်ဟု ဆို၍ ပြည်သူကသနားသည် ။ ချစ်သည် ။ အဲ့သလိုနဲ့ ကိုတင့်တယ်တို့ နတ်ဖြစ်သွားပါလေရော ။
ကိုတင့်တယ်တို့များ ကြီးပွါးပါဘိ ။ ခေတ်မီပါဘိ ။ နောင်အခါ ဆွေမျိုးများထဲမှ ရာထူးကြီးတစ်ခု ရလျှင် သား တူ ညီ နှမ ခယ်မ စသည်တို့အလုပ်ရဖို့ မျှော်လင့်ချက်ရှိတာ ဘာဆန်းလို့လဲ ။ လွန်ခဲ့တဲ့ နှစ်ပေါင် ၉၀၀ ကျော်ကလည်း ဒီလိုပါပဲ ။ ကိုတင့်တယ်နတ်ဖြစ်သည်နှင့် သူ့ဆွေမျိုးမိသားစုတွေမှာ နတ်ကုမ္ပဏီ ဖွဲ့ရမလောက်ပဲ ။ ဆက်တိုက် နတ်ဖြစ်ကုန်ကြသည် ။ ကြည့်လေ ။
မိမိနန်းကို လုမည်စိုးရိမ်သဖြင့် တကောင်းဘုရင်က ကိုတင့်တယ်ကို မီးရှိုံ့သတ်တယ် ။ သည်မှာ ကိုတင့်တယ် နတ်ဖြစ်သွားသတဲ့ ။ တကောင်းဘုရင်၏ မယား ကိုတင့်တယ်၏ ညီမအရင်းမှာ မီးပုံထဲ ခုန်ဆင်းသေသည် ။ အစ်ကိုသေမှ နှမလဲ သေမည်ပေါ့ ။ သူလည်း နှမတော်နတ် ဖြစ်လာသည်ဆိုပြီး ကိုးကွယ်ကြပြန်၏ ။
မင်းတုန်မင်းမြို့သူ ရွှေနပေ မှာ ချောချောလှလှကလေး ။ သူသည် နဂါးနှင့် စုလျားရစ်ပတ်လက်ထပ်ခဲ့သည် ။ ထို့နောက် လင်နဂါးက စွန့်ပစ်သွား၍ လင်တရှုးဖြစ်ကာ စိတ္တဇရောဂါနှင့် သေရှာ၏ ။ ကိုတင့်တယ်ကို တကောင်းဘုရင်လိုက်ဖမ်းစဉ်က ဝရမ်းပြေး ကိုတင့်တယ်နှင့် မင်းတုန်းမင်းမြို့သူ ရွှေနပေညားဖူးသည် ။ ယခု နဂါးစွန့်ပစ်၍ စိတ္တဇနှင့် သေသောအခါ ကိုတင့်တယ်၏ မယားဟောင်း ဒေါ်ရွှေနပေမှာ ငယ်ကချစ်တော့ အနှစ်တစ်ရာ မမေ့သာပြီ ။ သို့နှင့် လင်ဟောင်းငယ်ချစ် ကိုတင့်တယ်လို နတ်ဖြစ်လာပြန်ရော ။ ရွှေနပေနတ် တဲ့ ။
ကိုတင့်တယ်ကို တကောင်းဘုရင်က လိုက်ဖမ်းစဉ် ကိုတင့်တယ်၏ နှမ အထွေးဆုံး သုံးပန်လှ ခမျာ ဘုရင်ကောက်ယူမည်စိုး၍ ရခိုင်ပြည်သို့ ပြေး၏ ။ ရခိုင်ဘုရင်က သုံးပန်လှကို သမီးအမှတ်မွေးစားတယ် ။ နောက်တော့ ဥက္ကလာပမင်း သမိန်ထော သို့ သုံးပန်လှကို ဆက်လိုက်တယ် ။ သုံးပန်လှ မိဖုရားဖြစ်လာသည် ။ သုံးပန်လှမိဖုရားနှင့် သမိန်ထောဘုရင်တို့ ပေါင်းသင်းရာမှ သမီးချောကလေး ရှင်နဲမိကို မွေးတယ် ။ သုံးပန်လှမိဖုရားခမျာ ရပ်ရွာက ခွဲခဲ့တာ ကြာပြီမဟုတ်လား ။ ဆွေတွေ မျိုးတွေကို လွမ်းသည် ။ ရွာကို လွမ်းသည် ။ ဒေသကို အောက်မေ့သည် ။ သို့နှင့် သမီးလေး ရှင်နဲမိကို ချီပွေ့၍ တကောင်းပြည်သို့ အလည်ပြန်လာ၏ ။ လှေဖြင့် ဧရာဝတီမြစ်တစ်လျောက် ဆန်တက်လာသည် ။ အင်းဝမြို့အနောက် တပယ်တောက်ရစ်ရွာ ဆိမ့်ကမ်း၌ သုံးပန်းလှမိဖုရား အပြင်းဖျားတော့သည် ။ သည်အဖျားရောဂါနှင့်ပင် သုံးပန်းလှမိဖုရား ကွယ်လွန်ရှာသည် ။ သည်မိဖုရားသည်လည်း သေသည်နှင့် နတ်ဖြစ်သတဲ့ ။ သုံးပန်လှနတ် ။
ပန်းပဲမောင်တင့်တယ်၏နှမ သုံးပန်လှမှာ ရပ်ရွာအပြန် လမ်းခုလတ်မှာ သေဆုံးစဉ်က သူ၏ သမီးချောကလေး ရှင်နဲမိမှာ အသက် ၂ နှင့်အရွယ်ကျန်ခဲ့၏ ။ စကားကလေးမှ မပီသေး ။ တီတီတာတာ ချစ်စရာစကား သင်နေသောအရွယ် ။ သည်သမီးလေး ရှင်နဲမိ၏ အဖဖြစ်သူ ဥက္ကလာပဘုရင် သမိန်ထောမှာ အောက်ပြည်အောက်ရွာ အဝေးကြီး၌ ရှိနေဆဲ ။ ယခု တစ်ရက်တစ်ကျေး၌ မယ်တော် သုံးပန်လှကွယ်လွန်တော့ ရှင်နဲမိမှာ အားငယ်စိတ်ဖြင့် အဖေ့ကို ရှာသည် ။ အမေ့ကို ရှာသည် ။ အဖေမတွေ့။ အမေမတွေ့ ။ ဝမ်းနည်းကျေကွဲစွာ ငိုရင်း ရင်ကွဲနာကျကာ သမီးလေး ရှင်နဲမိမှာ သေရရှာပြီ ။ ရှင်နဲမိမှာ နယ်နယ်ရရမဟုတ် ။ ရှင်ဘုရင့်သမီးလည်းဖြစ်သေး ။ ပန်းပဲမောင်တင့်တယ်၏ တူမအရင်းလည်းဖြစ်တော့ သူလည်း ထောက်ခံစာအပြည့်ဖြင့် နတ်ဖြစ်လာပြန်သည် ။ မနဲလေး နတ်တဲ့ ။
ရွှေနပေနတ်မှာ ကိုတင့်တယ်နှင့် ညား၍ သားတော်နှစ်ပါးရှိ၏ ။ ရှင်ညိုတဲ့ ။ ရှင်ဖြူတဲ့ ။ သည်လူငယ်နှစ်ယောက်ကို ဒွတ္တပေါင်မင်းကြီးထံ ခစားခွင့် ပြုခဲ့သည် ။ သူငယ်နှစ်ယောက်က စကားသွက်သွက် လက်ကလည်း ထက်ထက် လက်ဝှေ့ထိုး အလွန်တော် ။ ဓါးခုတ်လှံထိုး ကျွမ်းသည် ။
မြင်းစီးတော်သည် ။ ကိုယ်ကာယ တောင့်တင်းသန်မာသည် ။ ရုပ်ရည်မှာလဲ ဖျောက်က ဖျောက်ဘိနှင့် ။ အပျိုတွေမြင်လျှင် နောက်က လိုက်ချောင်းကြည့်ရမည့် ရုပ်မျိုး ။ သည်လူငယ်နှစ်ယောက် ဖအေ့သားပီပီ အစွမ်းက ထက်လွန်းတော့ ရှင်ဘုရင်လုပ်သော ဒွတ္တပေါင်မင်းခမျာ စိုးရိမ်စိတ်ဝင်ရပြီ ။ တစ်နေ့ မိမိကို ပုန်ကန်တော်လှန်ရင် အခက် ။ ထို့ကြောင့် သည်လူငယ်နှစ်ဦးကို မြှောက်ပေး၏ ။ မင်းတို့နှစ်ယောက် မနားတမ်း လက်ဝှေ့ထိုးကြ ။ အနိုင်ရသူ စစ်သူကြီးခန့်မည်တဲ့ ။
ကလေးနှစ်ယောက်ကား အသက်က နှစ်ဆယ်မပြည့်သေး ။ မြှောက်ပေးတော့ အဟုတ်မှတ်၍ မရပ်တမ်း မနားတမ်း လက်ဝှေ့ထိုးကြသည် ။ နာရီပေါင်းများစွာ မနားတမ်း လက်ဝှေ့ထိုးကြသောအခါ နှစ်ဦးစလုံး အမောဆို့ပြီး ပွဲချင်းပြီး သေရှာကြသတဲ့ ။ ဘေးမှ ကြည့်ရသော ပြည်သူတွေ မင်းမှုထမ်းတွေမှာ ရှင်ဘုရင်ကို ကြောက်လို့သာ ဘာမှ မပြောဝံ့ ။ ရင်ထဲမှာဖြစ် မချိ ။ လူရည်မွန်ကလေးတွေ သေပွဲဝင်လေတော့ မျက်ရည်ကျရရှာပေါ့ ။ ဟော ! ဒီလူငယ်နှစ်ယောက်လဲ သေပွဲဝင်တော့ နတ်ဖြစ်ကြပြန်သည် ။ ရှင်ညိုနတ် ရှင်ဖြူနတ် ။
ဒီလိုပဲ နတ်တွေက အလွန်ပေါတော့ နေစရာက မရှားလှ ။ ပုပ္ပါးတောင်ကြီး တစ်တောင်လုံး ရှိလေပြီ ။ ဇာတ်ပေါင်းသော် နတ်တွေမှာ စုစုပေါင်း ၃၇ မင်းတောင် ရှိပါသတဲ့ ။ နောက်တော့ နတ်ဦးရည်မှာ မြန်မာ့တန်ခိုးနှင့် နှစ်ဆတိုးကာ ၃၇ မင်းပင် မကတော့ပြီ ။ ထို့ကြောင့် သမဂ္ဂကို ကဏ္ဍနှစ်ခု ခွဲလိုက်ရသည် ။ အတွင်း ၃၇ မင်း ။ အပြင် ၃၇ မင်း ။
ကဲ !နတ်ကဏ္ဍ ဒီလောက်နဲ့ တော်ပါအုန်းစို့ခင်ဗျာ ။
#htoohtoolay

Comments
Post a Comment