မဂ္ဂ ( မဂ်ဖိုလ်အား လေ့လာခြင်း )
----
မဂ္ဂဆိုတာ သာမန်အားဖြင့် လမ်းကြောင်းလို့ အဓိပ္ပါယ်ရပါတယ် ။ လူတွေလျောက်လှမ်းစရာ လမ်းကြောင်း ယာဉ်တွေသွားလာစရာလမ်းကြောင်း တစ်စုံတစ်ခုဘက်ကို ဦးတည်ပြီးသွားနေတဲ့ လမ်းကြောင်းမှန်သမျှကို မဂ္ဂ လို့ခေါ်ပါတယ် ။ မဂ္ဂဆိုတဲ့နေရာမှာ မဂ္ဂ ဟာ မဂ်ဖိုလ် နိဗ္ဗာန်လမ်းနဲ့သာ သက်ဆိုင်တာမဟုတ်ဘူး ။ ငရဲသွားတဲ့လမ်းကြောင်းကိုလည်း မဂ္ဂလို့ ခေါ်တာပါပဲ ။ အပ္ပါယ်ဘုံသွားတဲ့လမ်းကြောင်း အကုသိုလ်ဖြစ်စရာ လမ်းကြောင်းကိုလည်းပဲ မဂ္ဂလို့ ခေါ်တာပဲ ။ ဒီတော့ မဂ် ဖိုလ် ဆိုတာမှာပါတဲ့ မဂ္ဂထက် မဂ္ဂပစ္စယော မဂ္ဂက ပိုပြီးတော့ ကျယ်ပျံ့တယ်လို့ မှတ်ရပါတယ် ။
မဂ္ဂဆိုတာ လမ်းကြောင်းပဲ ။ ဥပမာ - သမထကျင့်စဉ်ကျင့်လို့ ဈာန်ရလာတယ်ဆိုရင် အဲဒီ့ဈာန်တရားဟာ ဗြဟ္မာ့ပြည်သွားဖို့ လမ်းကြောင်းပဲ ။ အဲဒါကိုလည်း မဂ္ဂလို့ပဲ သုံးတာပါပဲ ။ ဒါနကောင်းမှု သီလကောင်းမှု ဘာဝနာကောင်းမှု ဒီကောင်းမှုတွေဟာ နတ်ပြည်ရောက်ကြောင်း သို့မဟုတ် သုဂတိဘုံရောက်ကြောင်း လမ်းကြောင်းသဖွယ်ဖြစ်လို့ ဒီကုသိုလ်တွေကိုလည်း မဂ္ဂလို့ပဲ ခေါ်တာပါပဲ ။ ဒီတော့ မဂ္ဂဆိုတာ တစ်စုံတစ်ခုသောအရပ်သို့ ဦးတည်ပြီးသွားနေတဲ့ လမ်းကြောင်းမှန်သမျှဟာ ဒီနေရာမှာ မဂ္ဂပစ္စယော လို့ ။ လမ်းကြောင်း ပမာ ကျေးဇူးပြုတက်တဲ့သဘာဝတရားဟု ဖွင့်ဆိုရမှာဖြစ်ပါတယ် ။
မဂ္ဂင်ရှစ်ပါးဆိုတာ ဓမ္မစကြာတရားမှာ မြတ်စွာဘုရားက " ဒုက္ခနိရောဓ- ဂါမိနိပဋိပဒါ " လို့ဟောထားပါတယ် ။ ဒုက္ခနိရောဓဆိုတာ ဒုက္ခအားလုံး ကုန်ဆုံးသွားရာဖြစ်တဲ့ နိဗ္ဗာန်ကို ။ ဂါမိနိ- ရောက်စေနိုင်တဲ့ ပဋိပဒါ - အကျင့်တရားတဲ့ ။ အဲဒါလည်းပဲ မဂ္ဂပါပဲ ။ နိဗ္ဗာန်ကို ပို့ဆောင်တဲ့ မဂ္ဂလို့ ဆိုပါတယ် ။
" ဒုက္ခနိရောဓဂါမိနိပဋိပဒါ " လို့ဆိုတဲ့ မဂ္ဂကျတော့ အရိယမဂ္ဂလို့ ဒီလိုသုံးပါတယ်။ "အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ " လို့ဆိုတာ ။ သာမန် မဂ္ဂေါလို့ သုံးတာမဟုတ်ပါဘူး ။ အဲဒါကို သတိထားရပါမယ် ။ သာမန် မဂ္ဂေါလို့ သုံးလို့ရှိရင်တော့ မဂ္ဂဆိုတာ လမ်းကြောင်းအားလုံးနဲ့ သက်ဆိုင်ပါတယ် ။ လမ်းကြောင်းအားလုံးကို ရည်ညွှန်းတာဖြစ်တယ်။ အရိယောဆိုတဲ့ စကားလုံးပါမယ် ။ အဋ္ဌင်္ဂိကော လို့ပါမယ်ဆိုမှ မဂ္ဂင်ရှစ်ပါးကို ရည်ညွှန်းတာဖြစ်တယ် ။
တချို့နေရာမှ စကားလုံးနဲ့ ဆက်စပ်မှုကြည့်ပြီး သို့မဟုတ် နေရာဒေသရဲ့ ဆက်စပ်မှုကိုကြည့်ပြီးတော့ စကားလုံးရဲ့အဓိပ္ပါယ်ကို ကောက်ယူရတာတွေ ရှိတယ် ။ ဒါ ဘယ်ဘာသာစကားပဲဖြစ်ဖြစ်ပါ ။ စကားစပ် ။ စကားလုံးရဲ့ အဓိပ္ပါယ်ကို ဆက်စပ်မှုကြည့်ပြီးဆုံးဖြတ်ရတယ် ။
အခု ဒီနေရာမှာ မဂ္ဂလို့ သာမညပြောရင် လမ်းကြောင်းလို့ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ ။ ဘယ်လမ်းပဲဖြစ်ဖြစ် အရပ်ဒေသတစ်ခုကို ဦးတည်ထားတဲ့ လမ်းကြောင်းမှန်သမျှ မဂ္ဂ ။ သို့သော် ရှေ့က ဝိသေသနပုဒ်နဲ့ ထိန်းလိုက်တယ် ။ အရိယော မဂ္ဂေါ - မြင့်မြတ်တဲ့လမ်းလို့ဆိုတော့ သာမန်လမ်းကြောင်းနဲ့ မဆိုင်တော့ဘူး ။ အရိယောဆိုတဲ့စကားလုံးသုံးလိုက်တာနဲ့ကို ကန့်သတ်ပြီးသားဖြစ်သွားတယ် ။ မြင့်မြတ်တဲ့ လမ်းကြောင်းဖြစ်သွားပါတယ် ။
မဂ္ဂပစ္စယောကျတော့ တစ်ခုတည်းကို ရည်ညွှန်းတာမဟုတ်ဘူး ။ အားလုံးကို ရည်ညွှန်းတယ် ။ လမ်းကြောင်းနှစ်ခု - ကောင်းတဲ့ လမ်းကြောင်းဖြစ်ဖြစ် ။ မကောင်းတဲ့ လမ်းကြောင်းဖြစ်ဖြစ် လမ်းဟာ လမ်းပါပဲ ။ မဂ္ဂပဲ ။ မဂ္ဂဆိုတဲ့အဓိပ္ပါယ်ဟာ အလွန်လေးနက်လှပါတယ် ။ အင်္ဂလိပ်လိုဘာသာပြန်တဲ့အခါ path လို့ သာပြန်ကြတယ် ။ အမှန်ဆို အဲ့ဒီ့ထက် အလွန်လေးနက်လှပါတယ် ။
တရားဓမ္မကို နားလည်ဖို့ရာအတွက် စကားလုံးနဲ့ပတ်သတ်တဲ့ အဓိပ္ပါယ်တစ်ခုပြောရမယ်ဆိုရင် မဂ္ဂဆိုတဲ့ စကားလုံးမှာ အခြေခံစကားလုံး နှစ်ခုရှိပါတယ် ။ အဲဒီ့နှစ်ခုကို ပေါင်းစပ် ပြောင်းလဲထားတာ ။ နှစ်ခုက ဘာကိုဆိုလိုတာလဲဆိုရင် " မရ " နဲ့ " ဂမု " ။ ဒီစကားနှစ်ခုကနေ " မရ " က ရ ကို ဂ အဖြင့် ပြောင်းလိုက်တယ် ။ ဂမု က မ ကို ဖြုတ်လိုက်တယ် ။ မရ ဆိုတာဖျက်ဆီးတာ သတ်ဖြတ်တယ်ဆိုတဲ့အဓိပ္ပါယ်ရတယ် ။ ဂမု ဆိုတာ သွားတာ ။ ဒီတော့ မဂ္ဂကို နှစ်ပုဒ်ခွဲလိုက်တဲ့အခါ မ က ဖျက်ဆီးခြင်း ဖယ်ရှားခြင်း ။ ဂ က သွားရောက်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖေါ်ပြတယ်။ ဒီစကားနှစ်ရပ်ကို ပေါင်းစပ်ဖွဲ့စည်းလိုက်တဲ့အခါမှ မဂ္ဂ ဆိုတာ ဖြစ်လာတာပါ ။
ဒါဖြင့် ဘာကိုဖျက်ဆီးတာလဲ လို့ ထက်မံဆင်ခြင်ကြည့်ရင် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယမ သမ္မာသတိ သမ္မာသမာဓိ လို့ဆိုတဲ့ ဒီရှစ်ခုကို ပေါင်းထားတဲ့ အရိယ မဂ္ဂသည် ကိလေသာတွေကို ဖျက်ဆီးပြီး နိဗ္ဗာန်ကို သွားတယ်။ တစ်ဖက်က ကိလေသာကို ဖျက်ဆီးပစ်ပြီး တစ်ဖက်က နိဗ္ဗာန်ကို ရောက်စေတယ် ။ အဲဒီ့အဓိပ္ပါယ်နှစ်ရပ်ပေါင်းစပ်ပြီး မဂ္ဂဆိုတဲ့ စကားလုံးကို ဖေါ်ဆောင်ထားတာပါ ။နောက်အဓိပ္ပါယ်လည်းရှိသေးပါတယ် ။ အခုက မဂ္ဂအကြောင်းလေးရဲ့စကားအဓိပ္ပါယ်ကို အရင်ရှင်းလင်းခြင်းဖြစ်ပါတယ်။ ဒါက အကျဉ်းပေါ့ ။ အချိန်ရရင် နောက်ထက် တင်ပေးပါအုန်းမယ်ခင်ဗျာ ။
မဂ္ဂအဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကြပါစေ ။
#htoohtoolay

Comments
Post a Comment