Skip to main content

တိရိစ္ဆန်တို့၏ အသားသည် လူသားတို့အတွက် အမှန်စင်စစ် လိုအပ်သောအဟာရဖြစ်သလော ! ယဇ်ပူဇော်ခြင်းမှရသော အသားကရော တကယ် အကျိုးပြုပါသလော ! 

တိရိစ္ဆန်တို့၏ အသားသည် လူသားတို့အတွက် အမှန်စင်စစ် လိုအပ်သောအဟာရဖြစ်သလော ! ယဇ်ပူဇော်ခြင်းမှရသော အသားကရော တကယ် အကျိုးပြုပါသလော !
--------------
အသားစားခြင်းနှင်းပတ်သတ်၍ ယခုခေတ်အခါတွင် ခန္ဓာကိုယ်အတွက် လိုအပ်သောအဟာရကို အပြည့်အဝ ပေးစွမ်းနိုင်ခြင်းရှိခြင်း မရှိခြင်းနှင့်ပတ်သတ်၍ ငြင်းခုံဝေဖန်မှုများမှာ ရှေးယခင်ကလို များပြားခြင်းမရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် အသားဓါတ်သည် ခန္ဓာကိုယ်အတွက်လိုအပ်သောအဟာရကို ပေးစွမ်းနိုင်ခြင်းမရှိပုံနှင့် အဆိပ်တစ်မျိုးပင်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက အတည်ပြုဖေါ်ထုတ်ခဲ့သလို ယင်း၏ ထောက်ပံ့အကျိုးပြုပုံများကိုလည်း လက်တွေ့ခွဲခြမ်းစိစစ်ပြ၍ တရားဝင် ထုတ်ပြန်ခဲ့ကြပြီးဖြစ်သောကြောင့်ပင်ဖြစ်၏ ။

အနည်းငယ် လေ့လာမှုတစ်ရပ်ကိုဖေါ်ပြရပါလျှင်မူ အနောက်တိုင်း ထိပ်တန်းဆရာကြီး ဒေါက်တာ ကဲလော့နှင့် ကမ္ဘာ့သိပ္ပံပညာရှင်တို့၏ လူ့အဟာရပေါ်တွင် လေ့လာတွေ့မြင်သိရှိချက်သည်ကား တိရိစ္ဆာန်အသွေးအသားသည် အပျက်သဘော အပုပ် သဘာဝသို့ ရွေ့လျောနေပြီဖြစ်၍ အပြုသဘောကို ကောင်းစွာမပေးစွန်းနိုင်တော့ချေ ။ ယင်းအသွေးအသားတို့သည် ခန္ဓာကိုယ်မှ စွန့်ထုတ်လိုက်သော အရာများသဖွယ်ဖြစ်ခြင်းကြောင့် အဆိပ်ဓါတ်နှင့် လျောပြွန်းလျက်ရှိပေသည် ။ထိုသို့သော သဘောတရားမှာ သက်ရှိသတ္တဝါတို့၏ သဘာဝဖြစ်စဉ်သာလျှင်ဖြစ်၏ ။

သက်ရှိသတ္တဝါတို့သည်စွမ်းအင် အပြုအားကို အသုံးပြုခြင်းကြောင့် များစွာသော အဆိပ်ဓါတ်နှင့် မလိုလားတော့သော အရာများ ဖြစ်ပေါ်စေသည် ။ သက်ရှိသတ္တဝါတို့၌ လုပ်ငန်းအဝဝကို ဆောင်ရွတ်နေရသော အသားအမျှင်ကလေးများသည် ခန္ဓာကိုယ်သွေးက အမြဲတစေ ဆေးကြောသန့်စင်အောင် ပြုလုပ်နေရ၏ ။ ထိုသွေးတို့သည် ၄င်းအမျှင်ကလေးများ အနီးအနားတစ်ဝိုက်၌ရှိ၍ ယင်းအမျှင်ကလေးများအတွင်းသို့ ထိုးသွင်းကာ စဉ်ဆက်မပျက် စိမ့်ဝင်နေစေသည် ။ ထိုသို့စိမ့်ဝင်ခြင်းဖြစ် အမျှင်၏ လုပ်ငန်းမှ ထွက်ပေါ်လာသည့် အဆိပ်ဖြစ်စေသောအရာများကို ချက်ခြင်းသွေးက သယ်ဆောင်သွားလေတော့သည် ။

သွေးပြန်ကြောအသွင်း၌ ရှိသောသွေးများသည် ယင်းအဆိပ်နှင့် ရောပြွန်းလျက်ရှိ၏ ။ ထိုအဆိပ်များကို ကျောက်ကပ် အဆုတ် အရေနှင့် အစာဟောင်း အိမ်များမှနေ၍ ထုတ်ပစ်ကြသည် ။ သတ္တဝါအသေသားအတွင်း၌ ယင်းအဆိပ် အများအပြားဘပါဝင်လျက်ရှိ၏ ။ သေသည်နှင့်တပြိုင်နက် ဖေါ်ပြပါအဆိပ်များကို သန့်စင်သည့်သွေး လှည့်ပတ်မှုလုပ်ငန်းများသည် ရပ်တန့်သွားသော်လည်း သေပြီးနောက် မိနစ်အနည်းငယ်အထိ အဆိပ်ဓါတ်များကိုမူ ဆက်လက်ထုတ်လွှတ်နေသေးလေသည် ။ ထို့ကြောင့် ပြင်သစ်ဆရာဝန်တစ်ဦးက " အသားဆွတ်ပြုတ်ရည်သည် အမှန်တကယ် အဆိပ်ရောပြွန်းထားသော အရည်ဖြစ်သည် " ဟု ဆိုခဲ့လေကြောင်း တွေ့ရှိရ၏ ။
ထိုအကြောင်းအရာတို့နှင့်ပတ်သတ်၍ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကပင် ဗုဒ္ဓဟောကြားခဲ့သော တရားတစ်ပုဒ်ကို ထုတ်ဖေါ်ရပါလျှင်မူ အင်္ဂုတ္တိုရ် တိကနိပါတ် ပါဠိတော်၌ " ရှေးကနေဦးအခါက လူအပေါင်းတို့သည် သက်ရှိသတ္တဝါတ်ု့ကို မသတ်ဖြတ်ကြ ။ အသားကိုလည်း မစားကြ ။ ဥက္ကာကရာဇ်မင်းလက်ထက်မှစ၍ သတ်ဖြတ်စားသောက်လာခဲ့သည်မှာ ယနေ့ထက်တိုင်ပင် ။ တိရိစ္ဆာန်တို့၏အသားကို စားသုံးသည့်အချိန်မှစ၍ လူ့လောကကြီးကို စောင့်ရှောက်ခဲ့သော သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တို့သည် ရှောင်လွှဲစွန့်ခွာ သွားကြတော့သည် ။ ထိုအခါမှစ၍ လူတို့အပေါ် ရောဂါဘေးဘယာ အမျိုးမျိုးအထွေထွေ ဖိစီးနှိပ်စက်လာတော့သည် "ဟု ပါရှိလေသည်ကို လေ့လာပါက တွေ့မြင်ရမည်ဖြစ်သည် ။

၁၉၃၀ ပြည့်နှစ်၌ အင်္ဂလန်နိုင်ငံ၏ ထိပ်တန်းဆေးပညာစာဆောင် " လန်ဆက် " ( Lancet .18 . 1 . 30 ) တွင် " လူတို့သည် သတ်သက်လွတ်အာကိုသာ မှီဝဲခြင်းဖြင့် ကိုယ်လက်ချမ်းသာ ကျန်းမာပျော်ရွှင်စွာ အသက်ရှည်နိုင်ကြောင်းမှာ အနည်းငယ် ဒွိယဖြစ်ဖွယ်မရှိ ။ လူ့အစာတွင် တိရိစ္ဆာန်အသွေးအသား ပါဝင်နေခြင်းကိုမူ သိပ္ပံပညာရှင်တို့က မထောက်ခံ " ဟု ပြတ်သားစွာ ရေးသားတင်ပြခဲ့လေသည် ။
၁၉၅၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ထုတ် Time အမေရိကန်မဂ္ဂဇင်းတွင် ဒေါက်တာဟာဒင်က သက်သတ်လွတ်စားသူ ၈၆ ယောက်အသားစားသူ ၈၈ ယောက်နှင့် နို့ ။ နို့ထွက်ပစ္စည်းကိုပါ ရှောင်ကြဉ်သောသူ ၂၅ ယောက်တို့ကို သိပ္ပံနည်းကျ ကိုယ်တိုင်ဆန်းသပ်ခဲ့ရာတွင် တွေ့ရှိရသောအချက်မှာ " နို့အပါအဝင် သက်သတ်လွတ်အစာသည် ငယ်ရွယ်သူများအား ကြီးပွားစေလျက် မိခင်ကိုလည်း များစွာ ကျမ်းမာဝဖြိုး အင်အားတိုးစေသည် ။ ဤကဲ့သို့သောအစာကို ပုခက်အတွင်းအရွယ်မှစ၍ ကျွေးမွေးလာလျှင် ကလေးသူငယ်များသည် အရပ်အမောင်း ကြီးထွားလာစေနိုင်သည် ။ လူတို့သည် အသားကို ဈေးကြီးစွာဖြင့် ဝယ်ယူစားသောက်မည့်အစား သက်သတ်လွတ်စာကိုသာ မှီဝဲသင့်သည် ။ အကြောင်းမူကား ယင်းသက်သတ်လွတ်စာသည် အင်အားပြည့်ဝစေကာ ကျန်းမာခြင်းသုခနှင့် ပြည့်စုံစေနိုင်ခြင်းကြောင့်ဖြစ်သည် " ဟု ဟုတ်တိုင်းမှန်စွာ ဖေါ်ပြထားပေသည် ။

ထို့အပြင် ယခင်က ခရစ်ယာန်ဘာသာဝင်တို့မှာ လည်း သက်သတ်လွတ်အစားအစာကိုသာ မှီဝဲစားသောက်ကြောင်းအား ကမ္ဘာ့သမိုင်းကို လေ့လာရာတွင် ရှေးနှစ်ပေါင်း ၁၉၀၀ ကျော်အခါက စီနယ်ကာဆိုသူ ရောမပြည်သား နီရိုဘုရင်၏ ဆရာဖြစ်သူ အကြောင်းသမိုင်းက ကောင်းစွာဖေါ်ပြနေလေ၏ ။ ထိုဆရာကြီးသည် သက်သတ်လွတ်အစာကိုသာ စားသောက်ခဲ့သူဖြစ်ခြင်းကြောင့် ခရစ်ယာန်ကို မုန်းတီးသော နီရိုဘုရင်က ခရစ်ယာန်ဘာသာဝင်အဖြစ် ထင်မှတ်ကာ ကွပ်မျတ်ခြင်းခံခဲ့ရသူဖြစ်လေသည် ။

ဗုဒ္ဓဝါဒီတို့၏ အဆိုအရမူ အစားအသောက်သည် အဓိကကျသောအခြင်းအရာမဟုတ်ပေ ။ ထိုအစားအသောက်များအပေါ် တဏှာမကပ်ငြိစေရန်နှင့် အဓိကကျသော မဂ်လမ်း တစ်နည်း သစ္စာလေးပါးတရားသည်သာအမှန်ဧကန် အရေးပါလှပေ၏ ။ တရားတစ်ပုဒ်ကို ထုတ်ဖေါ်ရပါလျှင်မူ " ရဟန်းသည် သိလျက်နှင့် သံဃာကို ညွှတ်ပြီး ( လှူပြီး ) သော သံဃာလာဘ်ကို ပုဂ္ဂိုလ်အား ညွှတ်စေငြားအံ့ ပါစိတ်အာပတ်သင့်၏ " ( ပါစိတ် - ၈၂ ) ၌ဖွင့်ဆိုထားပြီး အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ် မေတ္တာဝဂ် - ကာရဏ္ဍဝသုတ် တွင်လည်း " အို နာဂိတ ဝမ်းပြည့်အောင် စားသောက်၍ အိပ်ခြင်း ငိုက်မျဉ်းခြင်း ကစားမြူးထူးခြင်းဖြင့် အချိန်ကုန်သော ရဟန်းတို့ကို ငါဘုရားတွေ့မြင်ရ၏ " ။ " အမှိုက်သဖွယ်ဖြစ်သော ယောက်သွားပုပ်နှင့်တူသော ရဟန်းယောင် ရဟန်းဖျင်းတို့ကို ဆွဲငင်နှင်ထုတ်ကြကုန်လော " ဟု ဆိုဆုံးမထားလေ၏ ။ ဤအရာမှာ ဗုဒ္ဓသည် အစားအစာထက် တရားအား မေ့လျော့မှု ရသတဏှာ၌ မှီခိုကာ ပျင်းရိမှုများအား မလိုလားကြောင်း ကောင်းစွာ ထင်ရှားလေ၏ ။

အလှူဒါနနှင့်ပတ်သတ်၍ ဗုဒ္ဓသည် မိမိအားရည်စူး၍ တိရိစ္ဆာအား သတ်ဖြတ်လှူဒါန်ခြင်းကို ခွင့်ပြုသောအဟောတရားမျိုး မည်သည့်ကျမ်းများတွင်မှ ဖေါ်ပြထားခြင်းမရှိပေ ။ ထိုအရာနှင့်ပတ်သတ်၍ အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ် ပဌမပဏ္ဍာသက ဒါနဝဂ် အဘိသန္ဒသုတ်တွင် ဟောကြားထားသည်မှာ " သံသရာဘေးကို ရှုလေ့ရှိကြကုန်သော ငါဘုရားစကားကို နားထောင်ကုန်သော အရိယာ သာဝကသည် အတိုင်းအရှည်မရှိ ဖြစ်ကြကုန်သော ကုန်းနေသတ္တဝါ ရေနေသတ္တဝါ ကောင်းကင်နေသတ္တဝါ တွင်းအောင်းနေသတ္တဝါ စသည့် သတ္တဝါအမျိုးမျိုးတို့အား သတ်ဖြတ်ခြင်းမရှိသောကြောင့် ဘေးမရှိ သော အလှူကို ပေးလှူခြင်း ရန်မရှိသော အလှူကိုပေးလှူခြင်း ကြောင့်ကြ ဗျပါဒမရှိသော အလှူကိုပေးလှူခြင်းမည်ပေသည် " ဟု ပါရှိလေသည် ။
အချုပ်အားဖြင့်မူ ဂျာမန်ဗုဒ္ဓပညာရှင် ဒေါက်တာအိုဒင်ဗတ်၏ ရေးသားဖေါ်ပြချက်ကို မှတ်သားဖွယ်တစ်ခုအနေဖြင့် ရေးသားတင်ပြလိုက်ရပါတော့၏ ။

" ဤသိက္ခာပုဒ်ဖြင့်သော်လည်းကောင်း ဤသိက္ခာပုဒ်ကို ရဟန်းသံဃာက လိုက်နာကျင့်သုံးခြင်းဖြစ်သော်လည်းကောင်း ရှေးဦးမူလ ဗုဒ္ဓသံဃာအဖွဲ့သည် လောကီစည်းစိမ်ချမ်းသာနှင့် တန်ခိုးအာဏာကို တပ်မက်မှု လုံးဝကင်းရှင်းကြောင်း များစွာထင်ရှား၏ ။ ဗုဒ္ဓသံဃာသည် မူလရည်ရွယ်ချက်နှင့်အညီ လောကီကိစ္စအဝဝနှင့်ကင်း၍ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်မှုနှင့် ငြမ်းချမ်းမှုကို ရှာကြံသောအဖွဲ့ ဧကန်မုချဖြစ်၏ ။ ထိုကဲ့သို့သော အဖွဲ့မျိုးမဖြစ်ပါက ရွှေ ငွေပေါ်၌ ထိုမျှလောက် တဏှာအာလယ ရှင်းရှင်းပြတ်ပြတ် နိုင်မည်မဟုတ်ချေ " ဟု ဖေါ်ထုတ်ရေးသာခဲ့ကြောင်းအား တင်ပြလိုက်ရပါတော့၏ ။

ဗဟုသုတ ရရှိနိုင်ကြပါစေခင်ဗျာ ။
#htoohtoolay

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...