❖ ဓမ္မကြေးမုံ (၃ )❖
-----
အသိဥာဏ်နဲ့ တွဲဖက်တဲ့ သဒ္ဒါတရားနှင့် ဘုရားကို နှစ်နှစ်ကာကာ ယုံကြည်တယ်။ အရမ်း ယုံကြည်တာ မဟုတ်ဘူးနော်။
အေး နည်းနည်းလေးတော့ စဉ်းစားကြည့်။ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင်ပရိသတ် တွေ ဒီဘုရားကို ကိုးကွယ်လို့ရှိရင် လာလ်လာဘ ရွှင်တယ်ဆိုတာတစ်ခု။ ဒီဘုရားဟာ အရဟံစသော ဂုဏ်တော်တွေနှင့် ပြည့်စုံသည့်အတွက်ကြောင့် ပူဇော်ထိုက်ကိုးကွယ်ထိုက်သော ဘုရား၊ ဒီဘုရားကိုကိုးကွယ်ပူဇော်ခြင်း အာရုံပြုခြင်းအားဖြင့် ငါ့သန္တာန်မှာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ငြိမ်းပြီး စိတ်ငြိမ်းချမ်းမှုရတယ်လို့ ကိုးကွယ်တာတစ်မျိုး အဲဒီ နှစ်မျိုးထဲမှာ ဘယ်ကိုးကွယ်မှုက ပိုတန်ဖိုးရှိမလဲ ပထမ မျိုးလား၊ ဒုတိယမျိုးလား၊
အေး တော်တော်များများက ဘုရားကို ကိုးကွယ်တဲ့အခါမှာ ရုပ်တုတွင် အဆုံးသတ်ပြီး လာဘ်လာဘရွှင်ဖို့ ကိုးကွယ်တယ်၊ စီးပွားတက်ဖို့ ကိုးကွယ်တယ်ဆိုတဲ့ အမျိုးအစားတွေက များနေ တယ်။ အဲဒါတွေ ဓမ္မရဲ့ အနှောင့်အယှက်တွေလို့ မှတ်ထားပါ။ ဓမ္မအစစ်ကိုတွေ့ဖို့အတွက် အဟန့် အတားတွေ ဖြစ်တယ်။
ကြေးမုံပြင်ဟာ မှုံဝါးဝါးဖြစ်လာလို့ရှိလျှင် ကိုယ့်ရဲ့ရုပ်ပုံလွှာ ထင်ထင်ရှားရှား ပေါ်မှာမဟုတ် ဘူးနော်။
❖ပုံတော်အသွင် ဂုဏ်တော်ထင်❖
အေး ဒါကြောင့်မို့ မြတ်စွာဘုရားက ကိုးကွယ်တယ်ဆိုတာ ပုံတော်အသွင်မှာ ဂုဏ်တော် ထင်အောင်ကြည့်ပြီး ကိုးကွယ်ရမယ်။
ဘယ်ဘုရားပဲဖြစ်ဖြစ် မြတ်စွာဘုရားရဲ့ ကိုယ်စားတော်အနေနဲ့တည်ထား ပူဇော်ကြတာ၊ ဒါကြောင့် ရုပ်ပုံတော်ကို ကြည့်ရှုဖူးမြင်ပြီးတဲ့အခါမှာ မြတ်စွာဘုရားရဲ့ အရဟံစသော ဂုဏ်တော်တွေ ကိုအာရုံပြု ထိုအာရုံပြုခြင်းဖြင့် မိမိရဲ့သန္တာန်မှာ အာရုံပြုနေတဲ့အခိုက် လောဘငြိမ်းတယ်။ ဒေါသငြိမ်း တယ်၊ မောဟငြိမ်းတယ်၊ ထိုအငြိမ်းဓာတ်သည် သာလျှင် အနှစ်သာရ။
ဘုရားဂုဏ်တော်ကို အာရုံပြုပြီးတော့စိတ်ငြိမ်းမှုရတာ၊ ဒါဟာ ရနေတာကို ရမှန်းမသိဘူး၊ ဟို ဘာမဟုတ်တဲ့ ပိုက်ဆံရချင်တာ၊ စီးပွားတွေ တက်ချင်တာဆိုတဲ့ လောဘတွေ ဖြစ်နေတာမဟုတ်ဘူး လား။
ဘုရားကိုးကွယ်ရင်း လောဘတွေ တိုးနေတယ်။ ဒါကြောင့်မို့ ဘုရားပုံတော်ကို ဒီဘုရားက လာဘ်ကောင်းတယ်။ ဟိုဘုရားက လာဘ်ကောင်းတယ် အမျိုးမျိုးဆိုတော့ လာဘ်မကောင်းတဲ့ ဘုရား အိမ်မှာတောင် ထားချင်မှထားမယ်။ အဲဒီလို ဖြစ်နေတယ်။ အဲဒီလိုမဖြစ်ပါစေနဲ့။
အေး မြတ်စွာဘုရားရဲ့ ဘယ်လိုပုံတော်ပဲ ဖြစ်ဖြစ်၊ ထိုပုံတော်ကနေ ဂုဏ်တော်ထိအောင် စိတ်ကရောက်သွားပြီး ထိုဂုဏ်တော်ကို အာရုံပြုရသဖြင့် မိမိမှာရရှိတဲ့ အကျိုးကဘာလဲဆိုရင် ထိုအ ချိန်မှာ စိတ်ငြိမ်းတယ်။ လောဘတွေ မဖြစ်ဘူး၊ စိတ်ထဲမှာ ပူပန်တာတွေ ဆင်းရဲတာတွေ မရှိဘူး၊ အဲ ဒီဟာ အင်မတန်မှ တန်ဖိုးရှိတယ်။ ပူပန်မှု ကင်းပြီး စိတ်နှလုံးအေးချမ်းပြီးတဲ့အခါ ကိုယ့်ဆိုင်ရာအ လုပ်ကို လုပ်လိုက်မယ်ဆိုရင် အရာရာ အောင်မြင်သွားမှာပါ။ ဟုတ်ရဲ့လား။
❖ဘာသာပြန် ၂-မျိုး
ဒီနေရာမှာ ဘာသာပြန်ပုံ interpretation နဲ့ စပ်ပြီး မှတ်စရာလေး ပြောဦးမယ်။
“သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ” ဆိုတဲ့ ဂါထာမှာ သဗ္ဗဗုဒ္ဓါနုဘာဝေန ပုဒ်ကို ဘာသာပြန်တာ နှစ်မျိုးရှိတယ်။
“သဗ္ဗဗုဒ္ဓါနုဘာဝေန အလုံးစုံသော ဘုရားသခင်ကိုယ်တော်မြတ်ကြီးတို့၏ အစွမ်းတေဇော် အာနုဘော်ကြောင့်၊ သုခီ ချမ်းသာခြင်းရှိသည်။ ဟောတု ဖြစ်ပါစေ။” ဒါကဘာသာပြန်ပုံတစ်မျိုး၊
အဲဒီလိုဘာသာပြန်ရင်ဘုရားက အစွမ်းတန်ခိုးကိုအသုံးပြုပြီးတော့ ချမ်းသာအောင်လုပ်ပေး တယ်။ဘုရားကို အားကိုးတဲ့စိတ်တွေဖြစ်ပေါ်လာစေတယ်။ ဟုတ်လား၊ ဘာနဲ့သွားတူတုန်းလဲဆိုရင် ဟိုနတ်ဘုရားတွေ God တွေကို ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေနဲ့မတူဘူးလား။
မြတ်စွာဘုရားက လူတစ်ယောက်ကို ချမ်းသာအောင် အေး မင်းဆင်းရဲသားဘ၀ကလွတ်ပြီး တော့ ဒီကနေ့ ချမ်းသာစေရမယ်လို့ အစွမ်းတန်ခိုးကိုအသုံးပြုတာ ကြားဘူးကြလား၊တကယ်ရော လက်တွေ့ ဖြစ်နိုင်ပါ့မလား၊
အေး အကြောင်းတိုက်ဆိုင်ပြီး ဖြစ်လာလို့ရှိရင်လည်း ဘုရားကပေးတာလို့ စိတ်ထဲက မှတ် သွားရော။ အကယ်၍မိမိ ဆန္ဒအတိုင်းဖြစ်မလာဘူးဆိုရင် ဒီဘုရားက မ. မဘူးဆိုပြီး စွန့်ပစ်တော့မှာ နော်၊ အဲဒီတော့ ဒီ ဘာသာပြန်ပုံ မဟန်ဘူး။
ဘယ်လိုမှန်မှန်ကန်ကန် ဘာသာပြန်ရမလဲဆိုရင် “သဗ္ဗဗုဒ္ဓါနု ဘာဝေန- အလုံးစုံ သောဘုရား ရှင်တို့၏ ဂုဏ်ကို အာရုံပြုသဖြင့် ရရှိအပ်တဲ့ ကုသိုလ်စေတနာနဲ့ စွမ်းအားကြောင့်”
ဒီလို ဘာသာပြန်မျိုးဆိုရင် ဘုရားရဲ့တန်ခိုးကြောင့်မဟုတ်ဘူး၊ ဘုရားကိုအာရုံပြုတဲ့အခါမှာ ကုသိုလ်ရတယ်၊ ထိုကုသိုလ်တရားရဲ့စွမ်းအားကြောင့် မဟုတ်လား။
တကယ်လက်တွေ့မှာ ထိုကုသိုလ်ရဲ့စွမ်းအားကသာ လူတွေကိုချမ်းသာစေတာ၊ မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း ဒီအတိုင်းပဲ ဟောတာ။
မြတ်စွာဘုရားတိုင်းကလည်း -
သဗ္ဗပါပဿ အကရဏံ ၊ ကု သလဿူ ပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ ၊ ဧတံ ဗုဒ္ဓါန သာသနံ။
မကောင်းမှုတွေရှောင်၊ ကောင်းမှုတွေ မိမိသန္တာန်မှာ ဖြစ်အောင်လုပ်၊ကိုယ့်စိတ်လေးကို ဖြူ စင်အောင်လုပ်။
မင်းတို့ ငါ့ အားကိုးကြ၊ ဘယ်ရောက်ရောက် ငါ့တိုင်တည်လိုက်ကြ၊ စီးပွားတက်ချင်ရင် ဘယ်နှစ်ကြိမ် ပန်းနဲ့ ဘာပန်းနဲ့ ပူဇော်လိုက်ကြဆိုတာ ပါရဲ့လား။ မပါဘူးနော်။ဗေဒင်ဆရာတွေ ပြော သလိုစီးပွားတက်ချင်ရင် ထီးဖြူ (၇) လက်တို့ ထီးနီတို့ ထီးဝါတို့ဟုတ်လား၊ ပန်းဘယ်နှစ်ပွင့်တို့ သစ် သီးဘယ်နှစ်မျိုးနဲ့ ပူဇော်ပါလို့ ဘုရား ဟောတဲ့အထဲပါရဲ့လား။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ကုသိုလ်ရအောင်လုပ်၊ ထိုကုသိုလ်သာလျှင် သင် တို့ကိုအကျိုးပေးမှာ၊ ဒါလက်တွေ့အားဖြင့်လည်း သိပ်ကိုက်တာပဲ။
သရက်သီးစားချင်တဲ့ ပုဂ္ဂိုလ်ဟာ သရက်စေ့ကိုစိုက်ရင် သရက်ပင်ပေါက်မှာ မဟုတ်လား၊
အေး သရက်ပင် ပေါက်လာလို့ရှိရင် ကိုယ်ကသရက်သီးကို သီးခိုင်းနေစရာ လိုသေးလား၊ အေးသရက်စေ့ကိုသာ စိုက်ပါ။ သရက်ပင်ကြီးလာတာနဲ့အမျှ သရက်ပင်ကအလိုလို သရက်သီး သီး ပေးမှာပါ။ ထို့အတူတူပဲ မိမိသန္တာန်မှာ ကုသိုလ်ဖြစ်အောင်သာ ကြိုးစား၊ ကုသိုလ်ဖြစ်ရင် ထိုကုသိုလ် က သူ့ဟာသူ အကျိုးပေးမှာပါ။
ဒါကြောင့်မို့ ဒီ Interpretation နှစ်ခုကို သတိထားရမယ်။ ဘာသာပြန်တာဟာလဲ အင်မတန် မှအရေးကြီးတယ်။ မြတ်စွာဘုရားရဲ့ အစွမ်းတန်ခိုးကြောင့် ချမ်းသာတယ်ဆိုတာထက် မြတ်စွာဘုရား ကိုယ်တော်မြတ်ကို အာရုံပြုပြီးရရှိလာတဲ့ ကုသိုလ်စေတနာရဲ့ စွမ်းအားကြောင့်ဆို တာကာမှ မြတ်စွာ ဘုရား နှစ်သက်တော်မူတဲ့ ဘာသာပြန်မျိုး ဖြစ်တယ်နော်။
အဲဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်နဲ့ ပတ်သက်ပြီးတော့ အသိဥာဏ်ရှိရှိ “ဗုဒ္ဓေအဝေစ္စပသာဒေန သမန္နာဂတော” ဘုရားကိုအသိဥာဏ်နဲ့ ကြည်ညိုတဲ့အဆင့် ရောက်အောင် ကြိုးစားရမယ်နော်။ အပေါ်ယံ ကြည်ညိုတာမျိုးဆိုလို့ရှိရင် ဒီအရည်အသွေး ကိုယ့်သန္တာန်မှာ ရဦးမှာ မဟုတ်သေးဘူး။
❖ဓမ္မေ အဝေစ္စပသာဒ
နောက်တစ်ခုက “ဓမ္မေ အဝေစ္စပသာဒေန သမန္နာဂတော” တဲ့။ “ဓမ္မေ- ဓမ္မ၌၊ အဝေစ္စ- ပသာဒေန- အသိဥာဏ်ပါတဲ့ သက်ဝင်ကြည်ညိုခြင်းဆိုတဲ့ သဒ္ဒါတရားနဲ့ သမန္နာဂတော ပြည့်စုံသည်၊ ဟောတိ- ဖြစ်၏။
ဓမ္မရဲ့စွမ်းရည်တွေကို သိအောင်ကြိုးစားဖို့လိုတယ်။ ဓမ္မဆိုတာ ဘာလုပ်ဖို့တုန်း၊ကိုယ်တိုင် ကျင့်ဖို့ပဲ။ ကိုယ်တိုင်ကျင့်ရင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ ဓမ္မဟာ ကြားနာလိုက်တာနဲ့ တွင်ပဲ အပူတွေ ငြိမ်းသွားပြီး ကျင့်တဲ့အခါမှာလည်း ချမ်းသာတယ်တဲ့၊ ကျင့်ပြီးတဲ့နောက်မှာလည်း အင်မတန်မှ ငြိမ်းချမ်းတယ်တဲ့။
“ကြားနာရုံပင်။ အပူစင်၍ ၊ကျင့်လျှင်ချမ်းသာ၊ ကျင့်ပြီးခါလည်း၊ လွန်စွာငြိမ်းချမ်း” လို့အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီးက ရေးသားခဲ့တယ်မဟုတ်လား။
ဟောဓမ္မရဲ့ အဆီအနှစ်က အဲဒီလို ကိုယ်တိုင်ကျင့်သုံးရမယ်။ ဒါကြောင့်မို့လို့ မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်က သန္ဒိဋ္ဌိက -ကိုယ်တိုင်မြင်နိုင်တဲ့တရားပါ၊ သြပနေယျိက -မိမိစိတ်ထဲမ ရောက်ရောက်အောင် နှလုံးသွင်းလိုကပါ။ တရားကို ခက်တယ်လို့ တချို့က ထင်နေကြ တယ်။မကျင့် တာက ခက်တာပါ ။ တရားက မခက်ပါဘူး။
ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီးအရှင်နန္ဒမာလာဘိဝံသဟောကြား သော
“ဓမ္မကြေးမုံ“တရားဒေသနာမှ
#AshinNandamalabhivamsa
www.drnandamalabhivamsa.com.mm

Comments
Post a Comment