Skip to main content

ထာဝရဆိုတာ သေဆုံးတာကို ပြောတာလား !

ထာဝရ ဆိုတာ သေဆုံးတာကို ပြောတာလား ?
--------

အမေရိကန် တွေးခေါ်ပညာရှင်တစ်ဦး၏အဆိုမှာ " ကျွန်ပ်တို့သည် လူ့လောကအကျိုးစီးပွားတစ်ခု အတွက် သေကြရ၏ ။ စင်စစ် ကျွန်ပ်တို့သည် ပုဂ္ဂိုလ်သတ္တဝါများမဟုတ် ။ ပုဂ္ဂိုလ်စွဲ ရှိနေသောကြောင့် သေခြင်းတရားကို ရွံရှာနေကြခြင်းဖြစ်သည် ။ ကျွန်ပ်တို့သည် လူ့လောက၏ ယာယီအင်္ဂါအစိတ်အပိုင်းဖြစ်သည် ။ လူ့လောက နုပျိုရှင်သန်နေရန် ဖဲခွာကြရ၏ ။
အကယ်၍ မသေဘဲအမြဲအသက်ရှင်နေပါက လူ့လောကမှာ ကြီးပွားမှုရပ်ဆိုင်း၍ လူငယ်များရှိတော့မည် မဟုတ်ပေ ။ သေခြင်းသည် အမှိုက်များကို ရှင်းလင်းသုတ်သင်သောတရားဖြစ်၏ ။ ကျွန်ပ်တို့သည် လူ့လောက ပုံသဏ္ဍန်ဟောင်း မချုပ်ငြိမ်းမီ မေတ္တ္ဘာဓါတ်ဖြင့် ပုံသဏ္ဍာန်သစ်ကို အားမာန်သွန်းလောင်းပေးကြရ၏ ။ မျိုးပွားခြင်းဖြင့် လူ့လောကကို အသက်ဆက်ပေးရ၏ ။ လူသတ္တဝါများ သေဆုံးခြင်းဖြင့် လူ့လောကသည် ထာဝရတည်မြဲခြင်းဖြစ်သည် " ဟု ဖေါ်ပြခဲ့လေသည် ။

အမေရိကန်ပြည်ထောင်စုမှ ပါရာဆိုင်ကိုလိုဂျီ ( စိတ်ဝိညာဉ်သုတေသန ) အသင်းဥက္ကဋ္ဌ မစ္စစ်ဂါးရက် ၏အဆိုမှာ " ကျွန်ပ်သည် လူသေလူဝင်စားဖြစ်ခြင်းကို ယုံကြည်သူမဟုတ်ပါ ။ ဤအယူကို ကျွန်ပ်စိတ်မဝင်စားသောကြောင့် ယင်းနှင့်ပတ်သတ်၍ အငြင်းပွားရန်မရှိ ။ ကျွန်ပ်မှာ အခြားဘဝ အတိတ်ဘဝရှိသည်ဟု မယုံကြည်ပါ ။ ထိုဘဝရှိသည့်တိုင် ထိုဘဝဟောင်းမှ ကျွန်ပ်အကြောင်းကို သိခြင်းဖြင့် ကျွန်ပ်အဖို့ အကျိုးတစ်စုံတစ်ရာရှိမည်မထင်ပါ ။

လူသားတို့၏ ဘဝင်စိတ် မသိစိတ်သည် အတိတ်ကာလ အတွေ့အကြုံများနှင့် ဆက်စပ်နေ၍ ထိုအတွေ့အကြုံများသည် အတိတ်ဘဝဖြစ်ကောင်း ဖြစ်ပေမည် ။ သို့ရာတွင် ကျွန်ပ်တို့ ဒိဋ္ဌဓမ္မမှာ ပစ္စုပ္ပန်သာလျှင်ဖြစ်၏ ။ မိမိ သို့မဟုတ် သူတစ်ပါး၏ အတိတ်ဘဝအကြောင်းကို စဉ်းစားတွေးခေါ်ရန် ကျွန်ပ်မှာ ဆန္ဒမရှိပါ ။

သို့ရာတွင် အသိပညာရှိသော ပုဂ္ဂိုလ်အတော်များများပင် လူသေလူဝင်စားခြင်းကို အလေးအနက်ယုံကြည်ကြ၍ သူတို့၏ ယုံကြည်ချက်ကို ကျွန်ပ် လေးစားပါ၏ " ဟု ဆိုလေသည် ။ ဤနေရာ၌ သိရှိရန်မှာ ပညာရှင်တို့လေ့လာတွေ့ရှိချက်များအရ လူသားတွေကိုသာ စူးဆန်းခဲ့ခြင်းဖြစ်သောကြောင့် အထောက်အထားများသည် လူသားဖြစ်ရန် အခွင့်ရသောသူများကိုသာတွေ့ရှိခြင်းဖြစ်၏ ။ တိရိစ္ဆာန်များကိုလည်း လေ့လာလျှင်မူ ထိုသို့ အထောက်အထားများ ရရှိနိုင်ဖွယ်ရာရှိ၏ ။ ဗုဒ္ဓ၏ အဆိုအရမူ လူသေလူဝင်စားတင်ပါမက လူသေ တိရိစ္ဆာန်ဝင်စားသည်ပါရှိ၏ ။

ထက်မံ၍ မှတ်တမ်းတင်ထားသောသုတေသနတွေ့ရှိချက်မှာ သီအိုဆိုဖီအသင်းကို တည်ထောင်ခဲ့သော အမျိုးသမီးကြီး မဒမ်ဘလာဗစ်စကီ က သူသေပြီးနောက် နတ်ဝင်တစ်ဦးမှတစ်ဆင့် ပြောသည်ဆိုသောစကားကို ဖေါ်ပြရလျှင် ဘလာဗစ်စကီ၏ ဝိညာဉ်က " လူပြန်ဖြစ်သည်ဆိုခြင်းမှာမမှန်ပါ။ ကျွန်ပ်သည် လူပြန်ဖြစ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ပါ ။ ကျွန်ပ်တို့ လူပြန်မဖြစ်နိုင်ပါ ။ လူ့ပြည်သို့ မလာနိုင်ပါ " ဟုပြောသည်ဆို၏ ။

ဤအချက်နှင့် ဗုဒ္ဓတရားကိုယှဉ်ရသော် လူသေတိုင်း လူပြန်ဖြစ်ရခြင်းမျိုးမဟုတ်ပဲ ကံရှိမှသာ အခွင့်ရသည်ဟု ဆိုခြင်းမှာ ၄င်းအချက်နှင့် ညီမျှလှ၏ ။ နတ်ဝင်တစ်ဦးထံပြောနိုင်သော် ဝိညာဉ်ဆိုရာတွင် ဗုဒ္ဓကျမ်း၌ ပြိတ္တာဘုံဘဝသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ဖွင့်ဆိုထားခြင်းကြောင့် ထို မဒမ်ဘလာဗစ်စကီ မှာ ပြိတ္တာာဘုံသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ဗုဒ္ဓတရားတော်အရ ဆိုရမည်ဖြစ်၏ ။
ယူဂိုစလားဘီးယားသမ္မတ တီးတိုးသည် ကွန်မြူနစ်နိုင်ငံခေါင်းဆောင်ဖြစ်သည်နှင့်အညီ သူ့ကိုသူ ဘာသာတရားမရှိသူအဖြင့် ပြောဆိုလေ့ရှိ၏ ။ သို့ဖြစ်စေကာမူ တစ်ခါက သူနှင့် လုပ်ဖေါ်ကိုင်ဖက် ရဲဘော်တစ်ဦးက လူသေသည့်အခါ အချည်းအနှီးဖြစ်သွားသည်ဟုဆိုရာ မာရှယ်တီးတိုးကပြုံး၍ " မင်း ဘယ်တော့မှ ဒီလိုမပြောနဲ့ ။မင်း ဘာမှမသိနိုင်ပါဘူး " ဟုဆိုဖူး၏ ။

၁၉၀၀ ပြည့်နှစ်က အင်္ဂလန်ပြည်၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့သော စာရေးဆရာတစ်ဦးသည် သေခါနီး၌ သူ၏မိတ်ဆွေအား " ရောဘတ်ရေ ။ သေရတာ သိမ့်မဆိုးလှပါဘူးကွာ ။ ခုသေခါနီးမှာ ငါဖြင့် အိပ်ချင်တာပဲ ။ နောင်ဘာဖြင့်ဖြင့် ဂရုမစိုက်ဘူး ။ ခု အိပ်မက် မက်သလို နည်းနည်းဝိုးတဝါးဖြစ်နေတယ် ။ သေတယ်ဆိုတာ ဒါပါပဲ " ဟုပြောခဲ့၏ ။ ပြင်သစ်ဘုရင် လူဝီ ၁၄ သည်လည်း နတ်ရွာစံခါနီး၌ အနီးရှိလူများအား " ဟေး . . . မင်းတို့ဘာကြောင့်ငိုနေရတာလဲ ။ ငါအမြဲ ထာဝရ အသက်ရှင်နေမယ်လို့ ထင်နေကြတာလား ။ သေရတာဟာ အရင်က ငါထင်ခဲ့သလို မဆိုးပါဘူးကွာ " ဟုတည်ငြိမ်စွာ ပြောကြားခဲ့သည်ဆို၏ ။

ထိုကြောင့် သေသည်၏ နောက်ကွယ်၌ လူသည် အချည်းအနှီဖြစ်ခြင်းကိုမူ ပညာရှိတို့သည် လက်ခံထားခြင်းမရှိကြပေ ။ သို့စေလျက် ထာဝရ တည်မြဲသွားခြင်းကိုလည်း ငြင်းပယ်ကြ၍ ၄င်းပညာရှင်တို့၏ အဆိုများမှာ " ထာဝရ "သည် " သေခြင်း "သာဖြစ်သည်ဟုဆို၏ ။
လူတို့သည် မွေးဖွားလိုက် သေဆုံးလိုက်ဖြစ် ထာဝရ စည်းမျဉ်းအတိုင်း ကမ္ဘာကြီးကို ကျေးဇူးပြုလေရာ သေဆုံးခြင်းသည်ပင် လူသားမျိုးဆက်သစ်တို့အတွက် ဘဝများကို ဆက်စပ်ပေးနေခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိသမျှအား ရေးသားတင်ပြလိုက်ရပါတော့၏ ။

( ဆရာကြီး  ဦးအေးမောင်၏ - သေသည်၏ အခြားမဲ့ ကျမ်းအား မှီငြမ်းရေးသားသည် )
 #htoohtoolay

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...