ကမ္မပစ္စယော ( ကံ )
------
ကမ္မပစ္စယောဆိုတာ စကားလုံးလေးက ကျဉ်းပေမယ့် အဓိပ္ပါယ်မှာ အင်မတန်မှ ကျယ်ပျံ့လှပါတယ် ။ တန်ရုံလောက် ရှင်းမယ်ဆိုရင်လည်း အဓိပ္ပါယ်မပြည့်စုံတော့ နားလည်ဖို့ တော်တော်ခက်ပြန်တယ် ။ ဒါပေမယ့် ကြိုးစားပြီး ရေးသားပေးလိုက်ရပါတယ် ။
ကမ္မပစ္စယောမှာ ကမ္မဆိုတာ ပြုလုပ်ခြင်း စွမ်းဆောင်နိုင်ခြင်း စွမ်းဆောင်မှု ပြုလုပ်မှုကို ဖြစ်ပေါ်စေတက်သော စေတနာမျိုး ။ သုတ္တန်ပါဠိတော်တွေမှာ ကမ္မဆိုတာကို " စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ " - ချစ်သားတို့ ကမ္မဆိုတာ တခြားကိုပြောတာမဟုတ်ဘူး ။ စိတ်စွမ်းအားထဲမှာ လှုံ့ဆော်မှုကိုပေးနိုင်တဲ့ စေတနာစွမ်းအားကို ငါဘုရား ကံလို့ဟောပါတယ် " လို့ အဲဒီလိုဟောထားတာပါ ။
အဲဒီ့ဟောထားတဲ့ ဒေသနာတိုင်းပဲ အဘိဓမ္မာ ပါဠိတော်မှာလည်း စေတနာကိုပဲရည်ညွှန်းတယ် ။ ပဋ္ဌာန်း ဒေသနာကြီးမှာလည်း အတူတူပဲ ။ အဲဒီ့စေတနာကိုမှ ၂ မျိုး ခွဲတယ်တဲ့ ။ နာနာက္ခဏိက - စေတနာဆိုတာက တစ်မျိုး ။ နာနာက္ခဏိကမှာ နာနာဆိုတာ မတူညီဘူး ကွဲပြားနေတယ် ။ ခဏဆိုတာ အချိန်ပိုင်း ။ အဓိပ္ပါယ်ပြန်တော့ မတူညီတဲ့အချိန်ပိုင်းတဲ့ ။ ဘာတွေမတူညီတုန်းဆိုတာကြည့်ရင် စေတနာလို့ဆိုတဲ့ ကံတရား ဖြစ်ပေါ်လာတဲ့ အချိန်ပိုင်းနဲ့ ထိုကံတရားက အကျိုးကို ထုတ်လုပ်တဲ့ အချိန်ပိုင်း ။ ဒီနှစ်ခုကို မတူဘူးလို့ပြောတာပါ ။ မတူညီသော အခိုက်အတန့်မှာဖြစ်တဲ့အကျိုးကို ထုတ်လုပ်တဲ့ စေတနာမျိုး ။ အဲဒီ့ကံမျိုးက တစ်မျိုးရှိတယ်။
နောက်တစ်ခုက သဟဇာတစေတနာ ။ အတူတကွဖြစ်ပြီးတော့ အကျိုးပြုတဲ့စေတနာမျိုး ။ အတူတကွဖြစ်ပြီးတော့ ကျန်တဲ့ ယှဉ်ဘက်တရားတွေကို စွမ်းအားပေးတယ် ။ လုံ့လ ဗျာပါရတွေကို ထောက်ပံ့ကူညီပေးတယ်ဆိုတဲ့ စွမ်းရည်သတ္တိရှိတဲ့ စေတနာမျိုးဟာ သဟဇာတစေတနာလို့ ပဋ္ဌာန်ဒေသနာမှာ ဒီလိုနှစ်မျိုးခွဲဟောပါတယ် ။
ပဋ္ဌာန်းမှာ နာနာက္ခဏိက စေတနာကို ကံလို့ခေါ်သလို သုတ္တန်ပါဠိတော်တွေမှာလည်း ဒါကိုပဲ ခေါ်တာ ။ ထိုထိုသုတ္တန်တွေမှာ ကံအကြောင်းဟောတာတွေမှန်သမျှ နာနာက္ခဏိကလို့ခေါ်တဲ့ ကံဖြစ်တဲ့အချိန်နဲ့ အကျိုးထုတ်လုပ်တဲ့အချိန် မတူညီတာပဲ ပြောနေတာ ။ အရပ်ထဲမှာဆို ပြောကြတယ် ။ " ကံကောင်းတယ် ။ ကံမကောင်းဘူး ။ ကံတရားအတိုင်းပဲ " နဲ့လေ ။ အဲဒီလိုပြောတာတွေဟာ နာနာက္ခဏိကကို ရည်ညွှန်းပြီး ပြောနေကြတာပါ ။
သဟဇာတကမ္မဆိုတဲ့ ဒုတိယအမျိုးအစားကိုတော့ အဘိဓမ္မာမှာသာ ပြောတယ်လို့ ဒီလိုနားလည်ရပါမယ် ။ အဘိဓမ္မာပဋ္ဌာန်းပါဠိတော်မှာ သဟဇာတကမ္မအကြောင်းဟောတယ် ။ တခြားသုတ္တန်တွေမှာတော့ ကံအကြောင်းဆို နာနာက္ခဏိကပါပဲ ။
သုတ္တန်ပါဠိတော်တွေမှာ သတ္တဝါတွေဟာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြတယ် ။ အဲဒီလိုဟောတယ် ။ အဲဒီ့ကံဟာ ဘယ်ကံကိုရည်ညွှန်းတာလည်းဆိုရင် နာနာက္ခဏိကကို ရည်ညွှန်းတာ ။ ကံသာလျှင် အမွေခံဥစ္စာရှိတယ် ။ ကံတည်းဟူသော အကြောင်းရှိကြတယ် ။ ကံတည်းဟူသော ဆွေမျိုးရှိကြတယ် ။ ကောင်းတဲ့ကံပဲဖြစ်စေ ။ မကောင်းတဲ့ကံပဲဖြစ်စေ ။ မိမိပြုလုပ်တဲ့ ကံရဲ့အကျိုးကို သတ္တဝါတွေဟာ အမွေခံကြရတယ်လို့ ဒီလိုပြောတာပါ ။ အဲဒါ နာနာက္ခဏိက ကံပဲ ။
ပဋ္ဌာန်ဒေသနာမှာတော့ နာနာက္ခဏိကနဲ့ သဟဇာတကမ္မ ဆိုပြီး နှစ်မျိုးခွဲပြီးတော့ ဟောပါတယ် ။ သုတ္တန်တွေမှာက ကံဆိုရင် စေတနာအကုန်လုံးပဲ ။ ဒါ မတူညီတဲ့အချက်နော် သေသေခြာခြာ ကွဲပြားခြားနားစွာ သိဖို့လိုအပ်ပါတယ် ။
ကံနှစ်မျိုးရှိတဲ့အထဲမယ် ရှေ့ဦးဆုံး သဟဇာတကမ္မဆိုတာကို လေ့လာကြည့်မယ်ဆိုရင် သဟဇာတဆိုတာ တစ်စုံတစ်ခုကို ထုတ်လုပ်ပြီးတော့ အကျိုးပေးတဲ့ ကံမျိုးမဟုတ်ဘူး ။ ဒါကြောင့်မို့ ပဋ္ဌာန်းပါဠိတော်မှာ " သဟဇာတာ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော " လို့ ဒီလိုဟောထားပါတယ် ။
အဓိပ္ပါယ်က အတူတကွဖြစ်တဲ့ စေတနာတရားသည် ယှဉ်ဘက်ဖြစ်တဲ့ သဘာဝတရားတို့အားလည်းကောင်း ထိုယှဉ်ဘက်ဖြစ်သော သဘာဝတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္မပစ္စယ သတ္တိဖြင့် ကျေးဇူးပြုတက်ပေတော့၏ ။ အဲဒီလို ဆိုလိုထားတာပါ ။
ဒီတော့ ဒီသဟဇာတကမ္မဆိုတာ အရပ်ထဲမှာ ပြောနေတဲ့ ကံအတိုင်းပဲဆိုတာနဲ့ မဆိုင်ဘူး ။ ကံကောင်းတယ် ။ ကံမကောင်းဘူးဆိုတာနဲ့ မဆိုင်ဘူး ။ စေတနာ သဘာဝတရားသည် ယှဉ်ဘက် တရားတွေအပေါ်မှာ လုံ့လ ဗျာပါရလို့ ဆိုတဲ့ အစွမ်းသတ္တိတွေကို ပေးနေတယ် ။ စေတနာနဲ့ သဘာဝတရားက သူကိုယ်တိုင်လည်း အားထုတ်တယ် ။ ကျန်တဲ့ သဘာဝတရားတွေကိုလည်း စည်းရုံးပြီး အားထုတ်စေတယ် ။ ဒါက စေတနာရဲ့ သဘောတရားပါပဲ ။
စေတနာမှာ အလုပ်နှစ်ခုလုပ်တယ်လို့ ပြောရပါမယ် ။ ပထမအလုပ်က ကိုယ်တိုင်အားထုတ်ခြင်း ။ ဒုတိယအလုပ်က ယှဉ်ဖေါ်ယှဉ်ဘက် တရားတွေကို အားထုတ်စေခြင်းဆိုတဲ့ စွမ်းဆောင်မှုကို ရည်ညွှန်းပြီးတော့ သဟဇာတကမ္မကို ကမ္မပစ္စယောလို့ မြတ်စွာဘုရားက ဟောထားတာပါ။
ဒီသဟဇာတာစေတနာကို ကမ္မပစ္စည်းလို့ ဟောထားတာက ပဋ္ဌာန်းကျမ်းရဲ့ ထူးခြားတဲ့ ဟောပြောချက်တစ်ခုလို့ ဒီလိုမှတ်ရမယ်ပေါ့ ။ ဒါကတော့ များများပြောစရာမရှိပါဘူး ။ စိတ်မှန်ရင် စေတနာရှိတာချည်းပဲလေ ။ စိတ်အားလုံးမှာ စေတနာယှဉ်တယ် ။ ဘာဖြစ်လို့လဲဆိုတော့ စေတနာဆိုတာ စိတ်အားလုံးမှာယှဉ်တဲ့ စေတသိက်တရားတစ်မျိုးဖြစ်လို့ပါပဲ ။ ဘယ်စိတ်ပဲ ဖြစ်ဖြစ် စေတနာဆိုတာပါတယ် ။ စေတနာမပါတဲ့စိတ်ရယ်လို့ လုံးဝမရှိပါဘူး ။ အဲဒီ့စေတနာကိုလည်း ဒီနေရာမှာ ကံလို့ပြောလိုက်တာ ။ ဒါက သဟဇာတကမ္မလို့ဆိုတယ် ။ အဲဒါကို ဆိုလိုချင်တာပါ ။
နာနာက္ခဏိကကမ္မကျတော့ သဟဇာတသကမ္မလိုမဟုတ်ဘူး ။ ဒါကြောင့် ပဋ္ဌာန်းပါဠိတော်မှာ " ကုသလာကုသလံ ကမ္မံ ဝိပါကာန ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မပစ္စယေနပစ္စယော " အဲဒီလို ဟောထားပါတယ် ။
အဓိပ္ပါယ်က ကုသိုလ်အကုသိုလ်ကံသည် သို့မဟုတ် ကုသိုလ် အကုသိုလ်စေတနာသည် ကံတရားက ထုတ်လုပ်တဲ့ ဝိပါက် ။ နာမခန္ဓာတို့အားလည်းကောင်း ။ ကဋတ္တာရုပ်လို့ဆိုတဲ့ ကမ္မဇရုပ်တို့အား လည်းကောင်း ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုတက်ပါပေတော့၏ ။ အဲဒီလို ဆိုထားတာပါ ။
ဒါက အများပြောနေတဲ့ ကံပဲ ။ ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ် ။ မကောင်းတာလုပ်ရင် မကောင်းကျိုးရတယ်လို့ အများပြောနေကြတဲ့ ကံပါ ။ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာဆိုတာ ဒါကိုပြောတာပါပဲ ။
ကုသိုလ်ကံနှင့် အကုသိုလ်ကံသည် ဘယ်သူ့ကို ဖြစ်စေသလဲဆိုရင် ဝိပါတ်နာမက္ခန္ဓာဆိုတဲ့ အကျိုးတွေကို ဖြစ်စေတယ် ။ နောက်ပြီး ကမ္မဇရုပ်တွေကိုလဲဟောဒီ့ကံက ဖြစ်စေတယ် ။ ဘဝတစ်ခုကို အစပြုတဲ့အချိန်မှာ ကံကနေထုတ်လုပ်လိုက်တာ ဝိပါက်နဲ့ ကမ္မဇရုပ်တွေပါပဲ ။
ပဋိစ္စသမုပ္ပါဒ်မှာ ကြည့်မယ်ဆိုလို့ရှိရင် သင်္ခါရပစ္စယော ဝိညာဏံ ဆိုတဲ့ အပိုင်းကို ကြည့်ရမယ်။ သင်္ခါရဆိုတာ နာနာက္ခဏိကကမ္မ - ကုသိုလ်ကံနဲ့ အကုသိုလ်ကံ ။ ထိုကုသိုလ်ကံနဲ့ အကုသိုလ်ကံဆိုတဲ့ စေတနာက အဓိကပဋိသန္ဓေဝိညာဏ်စိတ်ကိုဖြစ်စေတယ် ။ အဲဒီ့ပဋိသန္ဓေဝိညာဏ်စိတ်ကို ပဋိသန္ဓေအခါမှာ ဖြစ်စေပြီးတော့ ပဝတ္တိအခါမှာလဲပဲ အဲဒီ့ဝိပါက်တွေဟာ ကံတရားရဲ့ အကျိုးအနေနဲ့ဖြစ်ကြတယ်။
ဝိပါကဆိုတဲ့ စကားလုံးက ဝိဆိုတာ ဘာကိုပြောတာလဲ ။ ပါက ဆိုတာ ဘာကိုပြောတာလဲလို့ မှတ်ဖို့လိုပါတယ် ။ ဝိ ဆိုတာ မတူညီတဲ့ သဘာဝတရား ။ ဘာကိုရည်ညွှန်းတာလဲဆိုတော့ ကုသိုလ်နဲ့ အကုသုလ်သည် မတူညီသောသဘာဝရှိတယ် ။ အဲဒီ့ ကုသိုလ်နဲ့ အကုသိုလ်ကိုရည်ညွှန်းပြီး ဝိ လို့ ပြောတာပါ ။ ပါက ဆိုတာအကျိုးတရား ။ ကုသိုလ် အကုသိုလ်တွေက ထုတ်လုပ်လိုက်တဲ့ အကျိုးတရားကို ဝိပါကလို့ခေါ်တယ် ။ မြန်မာစကားမှာကြတော့ ဝိပါက်နဲ့ ပြောကြပါတယ် ။
ဒီနေရာမှ ဝိပါကဆိုတဲ့ စကားလုံးက အကျိုးမှန်သမျှကို ရည်ညွှန်းတာမဟုတ်ဘူး ။ ဝိပါက်နာမခန္ဓာလို့ ဆိုတဲ့အတိုင်း စေတနာရဲ့ အကျိုးဖြစ်တဲ့ ဝိပါက်စိတ် စေတသိက်တွေကိုသာ ရည်ညွှန်းပါတယ် ။ ကျန်တာတွေကို မရည်ညွှန်းပါဘူး ။ ဝိပါက်စိတ်က ၃၆ မျိုးရှိတယ် ။ အဲဒီလိုဆိုလိုတာပါ ။
နောက် ကျန်တဲ့ဝိပါက်စိတ်တွေရောဆိုတော့ ပဝတ္တိအခါမှာ ထုတ်လုပ်တယ် ။ ပဋိသန္ဓေအခါ ပဝတ္တ္နိအခါလို့ နှစ်မျိုးမှတ်ထားရမယ် ။ ဘဝတစ်ခု အစပြုတဲ့အချိန်ကလေးကို ပဋိသန္ဓေ ။ ဆက်လက်ရှင်သန်ပြီးတော့ သေသည်အထိအောင်က ပဝတ္တိ ။ အဲဒီ့နှစ်ခုစလုံးမှာရှိတဲ့ အကျိုးဝိပါက်တွေ မှန်သမျှဟာ ကံကထုတ်လုပ်တယ် ။ ဒါက ကမ္မပစ္စယောနဲ့ဆိုင်တဲ့အရာတွေပါ ။
ရုပ်တရားနဲ့ပတ်သတ်ရင်လည်း ကမ္မဇရုပ်ဆိုတာ ရှိတယ် ။ အဲဒီ့ကမ္မဇရုပ်တွေဆိုတာလဲ ဟောဒီ့ကံရဲ့ အကျိုးပါပဲ ။ ကံကနေ ထုတ်လုပ်လိုက်တာ ။ အဓိကကျတဲ့ ကမ္မဇရုပ် သို့မဟုတ် ကံတစ်ခုတည်းကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်က ၉ခုရှိတယ် ။ မျက်စအကြည် နားအကြည် နှာခေါင်းအကြည် အစရှိတဲ့ပသာဒရုပ် ၅ ခု ။ ဣတ္ထိဘာဝ ပုမ္ဘာဝလို့ ဆိုတဲ့ ဖိုမရုပ်က ၂ ခု ။ စိတါတို့ရဲ့ မှီရာတည်ရာဖြစ်တဲ့ ရုပ်က တစ်ခု ။ နောက် ဇီဝိတရုပ် ။ ပေါင်းလိုက်တဲ့အခါကျတော့ ၉ ခု အဲဒီ့ ၉ ခုသောရုပ်တွေဟာ ကံသတ်သတ်ကြောင့်ပဲဖြစ်တယ် ။ ဒါ ကံကနေထုတ်တာ ။ အဲဒီလိုဆိုလိုတာပါ ။
ဒါကြောင့်မို့ ပဋ္ဌာန်ပါဠိတော်မှာ ကမ္မပစ္စယောဆိုတာဟာ အလွန်ကျယ်ပြန့်ကြောင်း မှတ်သားရမှာပါ ။
အကုသိုလ်စေတနာကို ဒီနေရာမှာ ပြောဖို့ လိုသွားတယ် ။ နည်းနည်းရှင်းပြရမှာပါ ။ အကုသိုလ်စိတ် ၁၂ ခုလုံးဟာ စေတနာနဲ့ ယှဉ်တာချည်းပါပဲ ။ အကုသိုလ်စိတ် ၁၂ ခုလုံမှာ ရှိတဲ့စေတနာသည် အကုသိုလ်ကံတွေဖြစ်ပါတယ် ။ အကုသိုလ်ကံ ဘယ်နှခုရှိလဲလို့ပြောရင် အကုသိုလ်စိတ် ၁၂ ခုရှိသည့်အတွက်ကြောင့် စေတနာ ၁၂ ခုရှိတယ် ။ စိတ်နဲ့ပြောမယ်ဆိုရင် လောဘမူစိတ် ၈ ခုမှာ စေတနာ ၈ခု ။ ဒေါသမူစိတ ၂ ခုမှာ စေတနာ ၂ခု ။ မောဟမူစိတ် ၂ ခုမှာ စေတနာမူစိတ် ၂ ခု ။ ပေါင်းလိုက်ရင် ၁၂ ခု ။ အဲဒီ့ ၁၂ ခုထဲက မောဟမူစိတ်မှာ ဥပေက္ခာသဟဂုတ် ဥဒ္စသမ္ပယုတ် လို့ဆိုတဲ့ နောက်ဆုံး အကုသိုလ်စိတ်မှာ ဥဒ္ဓစ္စနဲ့ ယှဉ်လာတဲ့စေတနာက ပဋိသန္ဓေအကျိုးကို မထုတ်လုပ်ဘူးတဲ့ ။ ဘဝတစ်ခုကို အကျိုးမပေးနိုင်ဘူးလို့ ဆိုလိုတာပါ ။ ဒါက အကြမ်းဖေါ်ပြပေးတာပါ ။ ၁၂ ခုရှိတဲ့အထဲမယ် ၁ခုက သန္ဓေစိတ်ကိုမထုတ်လုပ်နိုင်ဘူး ။ ဒီလိုဆိုလိုတာ ။
နားလည်အောင် ပြောရလို့ရှိရင်တော့ ဟောဒီ့ စေတနာ ၁၁ ခုကြောင့် သတ္တဝါတွေဟာ ဘယ်မှာဖြစ်ရတာလဲဆိုရင် ငရဲမှာ ဖြစ်ရတာရှိတယ် ။ တိရိစ္ဆာန်ဖြစ်ရတာရှိတယ် ။ ပြိတ္တာဖြစ်ရတာရှိတယ် ။ အဲဒီ့ ပုဂ္ဂိုလ်တွေရရှိတဲ့ သန္ဓေစိတ်ဟာ အခုပြောတဲ့ အကုသလဝိပါတ် ဥပေက္ခာသန္တီရဏစိတ်ပါပဲ ။ ဒါကြောင့်မို့ အပ္ပါယ် ၄ ဘုံသားတို့ရဲ့ သန္ဓေစိတ်ဟာ အတူတူပဲလို့ ဆိုလိုတာပါ ။
အဲဒီ့နေရာမှာ စဉ်းစားစရာရှိလာတာက သန္ဓေစိတ်ခြင်းတူပါလျက် ဒုက္ခခံစားရတာခြင်းကြတော့ အတူတူဘာကြောင့်မဖြစ်တာလဲဆိုတဲ့အချက်ပါ ။ အဲဒီလို ဘာကြောင့် ဘာဖြစ်ရတာလဲဆိုလို့ရှိရင် အကုသိုလ်အကျိုးပေးလိုက်တဲ့ သန္ဓေစိတ်ဟာ ငရဲမှာဖြစ်တဲ့ အကုသိုလ်ပြုလုပ်ပုံခြင်း မတူလို့ပါပဲ ။ ဘယ်အရာမဆိုကြည့်လေ ။ ကုသိုလ်လုပ်ရင်တောင် ကုသိုလ်စိတ်ခြင်းမတူဘူး ။ ဒါထင်ရှားတာပေါ့ ။ အဲဒီလိုအကျိုးပေးပါတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ် ။
လူတွေမသိကြတဲ့ ကံတရားရှိတယ် ။ လောကုတ္တရာပိုင်းကြည့်မယ်ဆိုရင် ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လို့ အောင်အောင်မြင်မြင်ဖြစ်ပြီးတဲ့နောက်မှာ ဝိပဿနာဉာဏ်အဆင့်ဆင့်တက်ပြီး နောက်ဆုံးအနေအထားမှာ ဇောစိတ်တွေ ဖြစ်လာတယ် ။ နောက်ဆုံးဇောစိတ်တွေမှာ ပထမဖြစ်လာတဲ့ အမြင့်ဆုံးဝိပဿနာဉာဏ်ဇောစိတ်က ပရိကမ္မလို့ခေါ်တယ် ။ ဒါက ကာမာဝရ ကုသိုလ်ဇောစိတ်တွေ ။ ပရိကမ္မဆိုတဲ့အမည်နဲ့ဖြစ်တယ် ။ ဥပစာရဆိုတဲ့အမည်နဲ့ဖြစ်တယ် ။ အနုလောမဆိုတဲ့အမည်နဲ့ဖြစ်တယ် ။ ဂေါတြဘူဆိုတဲ့ အမည်နဲ့ဖြစ်တယ် ။ ဖြစ်ပြီးလို့ရှိရင် မဂ်ဆိုတာပေါ်လာတယ်။ နောက်တော့ သောတာပတ္တိမဂ် ပေါ်လာတယ် ။ အဲဒီ့ သောတာပတ္တိမဂ်ကိုလည်း ကံလို့ ဒီလိုဆိုပါတယ် ။ အဲဒီ့ကံကတော့ အချိန်မဆိုင်းဘူး ။ မိမိရဲ့အခြားမဲ့မှာ အကျိုးကိုထုတ်လုပ်တယ် ။ သူထုတ်လုပ်တာဘာလဲဆိုရင် သောတာပတ္တိဖိုလ် ကိုပါ ။ တစ်ခါတည်း ဖြစ်သွားတယ် ။ သူချုပ်သွားတာနဲ့တစ်ပြိုင်နက် သောတာပတ္တိဖိုလ်ပေါ်လာတယ် ။ အဲဒါကိုလည်း ကမ္မပစ္စယောလို့ ခေါ်ပါတယ် ။
မဂ်စိတ်ဖြစ်တဲ့အချိန်နဲ့ ဖိုလ်စိတ်ဖြစ်တဲ့အချိန် ခဏခြင်းမတူဘူးတဲ့ ။ ဒါလည်း နာနာက္ခဏိကပါပဲ ။ ကြည့် ရှေ့စိတ်နဲ့ နောက်စိတ် ။ ရှေ့စိတ်က မဂ်စိတ် ။ နောက်စိတ်က ဖိုလ်စိတ် ။ သူက ထုတ်လုပ်တာ ။ အဲဒါကိုရည်ညွှန်းပြီးတော့ တရားဂုဏ်တော် ၆ ပါးမှာ အကာလိကော လို့ ဆိုထားတာရှိတယ် ။ အဓိက ကတော့ အဲဒါကိုရည်ညွှန်းတာဖြစ်ပါတယ် ။ မဂ်စိတ်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ဖိုလ်စိတ်သည် ကာမာဝစရကုသိုလ်ကံ ရူပါဝစရကုသိုလ်ကံ အရူပဝစရကုသိုလ်ကံ တွေလို နောင်ဘဝရောက်သည်ထိတောင် ဆိုင်းမနေပါဘူး ။ အခုဖြစ် အခုအကျိုးထုတ်လုပ်တယ် ။
ကံတရားတွေဆိုတာ အကျိုးတရားကို ဖြစ်စေတဲ့နေရာမှာ အခုအဘိဓမ္မာမှာဟောတဲ့ နာနာက္ခဏိကကမ္မနဲ့ သုတ္တန်ပါဠိတော်မှာဟောတဲ့ ကံတရားတွေရဲ့ အကြောင်း နှစ်ခုကို ဆက်စပ်လေ့လာကြည်မယ်ဆိုရင် ကံတရားတွေရဲ့အရာဟာ အင်မတန်ကျယ်ပြန့်တာကို တွေ့ရမှာပါ ။ ကံတရားအကြောင်းပြောရင် ဆုံးမှာမဟုတ်ပါဘူး ။ အဲဒီလို ကျယ်ပြန့်ကြောင်းဆိုချင်တာပါ ။
အဲဒီ့ကံတွေကဘယ်မှာရှိတာလဲဆိုရင် ကိုယ်တွေရဲ့ခန္ဓာထဲမှာပဲ ရှိတယ် ။ ဗုဒ္ဓဘာသာဝင်တွေပြောနေကြတဲ့ ကံတရားဆိုတာ အင်မတန်အစွမ်းသတ္တိထက်လှတဲ့ ကံတွေ ။ ဒါပေမယ့် အဲဒီ့ကံတွေကို လက်မြောက်အရှုံးပေးစရာမလိုပါဘူးလို့ ဗုဒ္ဓတရားတွေက ကောင်းကောင်း သက်သေပြထားတယ် ။ ကြည့်လေ ပုထုဇဉ်ဆိုတာ ကောင်းတာလဲ လုပ်မိမှာပဲ ။ ဆိုးတာလဲ လုပ်မိမှာပဲ ။ ဆိုးတာလုပ်မိလို့ အကုသိုလ်ဖြစ်သွားတဲ့အခါ တစ်သက်လုံး အရှုံးပေးနေရတော့မှာလား ။ မဟုတ်ဘူးနော် ။ အဲဒီ့ကံတရားက လွတ်မြောက်တဲ့ နည်းလမ်းတွေရှိပါတယ်လို့ ဒီလိုဆိုပါတယ် ။
ဘုရားဟောတစ်ခုကိုကြည့် ဒေဝဒတ်ကြီးဟာ အမြင့်ဆုံးအကုသိုလ်ကံကို ကျူးလွန်ထားတယ် ။ ဘုရားနဲ့ ပတ်သတ်တဲ့ကံရယ် သံဃာနဲ့ ပတ်သတ်တဲ့ကံရယ် ။ အဲဒီ့နှစ်ခုလုံးကို ကျူးလွန်ထားတယ် ။ ဒေဝဒတ်နဲ့ပတ်သတ်ပြီး မြတ်စွာဘုရားက ဗျာဒိတ်ပေးတယ် ။ ဒေဝဒတ်က အပါယ်ကျမှာပဲ ငရဲကျမှာပဲလို့ပြောတယ် ။ ပြင်လို့မရတော့ဘူး ကုစားလို့မရတော့ဘူး တစ်ကမ္ဘာလုံး ငရဲခံရမယ်လို့ ဒီလိုပြောပါတယ် ။
အဲဒါနဲ့ပတ်သတ်ပြီး ရဟန်းအချို့က သံသယဖြစ်တယ် ။ မြတ်စွာဘုရားက ဘာဖြစ်လို့ ဒေဝဒတ်ကို ဒီလို အတိအကျပြောနိုင်တာတုန်းလို့ဆိုတော့ မြတ်စွာဘုရားက ရှင်းပြပါတယ် ။ ဒါ မှတ်သားစရာအလွန်ကောင်းပါတယ်။ ဘယ်လိုရှင်းပြလဲဆိုရင် ဒေဝဒတ်ရဲ့ သန္တန်မှာတဲ့ အပ်ဖျားလေးလောက် ။ စာထဲမှာတော့ သားမြီးဖျားလို့ ရေးထားပါတယ် ။ နားလည်လွယ်အောင် အပ်ဖျားလေးလောက်လို့ဆိုမယ်ဆိုရင် ထောက်ပြစရာ နေရာမှာတောင် ဖြူစင်တဲ့ သဘာဝတရားတွေမကျန်တော့ဘူးတဲ့ ။ အဲဒီလိုမကျန်လို့ ငါဘုရားက ဒီလိုဟောတာ ။ အကယ်၍ အပ်ဖျားလေးလောက် ထောက်ပြစရာ ကုသိုလ်စိတ်လေးရှိနေသေးရင် ငါ ဒီစကားမပြောဘူးတဲ့ ။ ကြည့်နော် ။ ဒေဝဒတ်မှာ ကုသိုလ်တွေ လုံးဝကုန်သွားတဲ့အဓိပ္ပါယ်ကို မြတ်စွာဘုရားဟောလိုက်တာ ။ အဲဒီ့ ပုဂ္ဂိုလ်မျိုးမှာ ငရဲကို အတိအကျ ကျမှာပါလို့ ဒီလိုဆိုတာပါ ။ ကျန်တဲ့ပုဂ္ဂိုလ်တွေက ငရဲကို အတိအကျ ကျမယ်လို့ မပြောဘူး ။
နောက်ထပ်တစ်ခု ကြည့်လေ ။ ပါဏာတိပါတနဲ့ ပတ်သတ်ပြီးတော့ နိဂဏ္ဌနာဋပုတ္တ က " ပါဏာတိပါတအမှုပြုတဲ့ ပုဂ္ဂ်ုလ်အားလုံးဟာ ငရဲကျတယ်လို့ ဒီလိုပြောတယ် ။ မြတ်စွာဘုရားက အဲဒီလိုမဟောဘူး ။ ဟောပုံခြင်းမတူဘူး ။ စဉ်းစားကြည့် ။ ဗုဒ္ဓမြတ်စွာဘုရားက " ပါဏာ-တိပါတော နိရယသံဝတ္တနိကော " အဓိပ္ပါယ်က ပါဏာတိပါတအမှုသည် ငရဲ၌ ဖြစ်စေနိုင်တယ် လို့ ဟောတာ ။ ဒါ ငရဲမှာဖြစ်ရမယ်လို့ မဟောဘူးနော် ။ ဒေဝဒတ်တစ်ယောက်ကိုပဲ ဗုဒ္ဓက အတိအကျဟောပါတယ် ။ ဒါကြောင့် ကံကိုကြောက်စရာအလိုဘူး ။ အကုသိုလ်ပြုမိရင်လည်း ပြန်လည်ကုစားနိုင်တဲ့နည်းလမ်းအသွယ်သွယ်ကောင်းမှုတရားတွေအများချည်းရှိပါတယ်လို့ နားလည်သဘောပေါက်ပြီး ကံတရားအကြောင်းကို အကျဉ်းလေ့လာကာ ရှေ့ကထက် ပိုမိုသိမြင်နိုင်ကြပါစေ ။
အကျိုးကျေးဇူး များကြပါစေ ။
( ဒေါက်တာနန္ဒမာလဘိဝံ့သဆရာတော်ဘုရားကြီး၏ ပါဋ္ဌာန်းမြတ်ဒေသနာတော် ကျမ်းမှ မှီငြမ်းရေးသားသည် )
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment