Skip to main content

အစွဲမကြီးပါနဲ့

အစွဲမကြီးပါနှင့် !
----
" ရဟန်းတို့ ! ဤအယူသာအမှန် အခြားအယူအားလုံးသည် အချည်းနှီးသာတည်းဟူ၍ မစွဲမှတ်သင့် ( မဇ္ဈိမနိကာယ် / မဇ္ဈိမပဏ္ဍာသ - စင်္ကီသုတ် ) ။

ဗြဟ္မာဏပညာရှိသည် လူတို့၏ ရှေးထုံးစဉ်လာ အကျင့်သီလကိုလည်းကောင်း တရားသေ စွဲမှတ်ထားချက်များကိုလည်းကောင်း လျစ်လျူပြု၏ ။ သူတို့သည် စည်းကမ်းဥပဒေ သတ်မှတ်ခြင်းမပြု ။ မိမိတို့ကိုယ်ကို သူတော်သူမြတ် စံပြပုဂ္ဂိုလ်အဖြင့် မှတ်ယူခြင်းလဲ မပြုချေ ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အစွဲဥပါဒါန်ကင်း၍ ဘယ်အခါမျှ စိတ်မတုန်လှုပ်သော ပုဂ္ဂိုလ်များ ဖြစ်၏  ( အဋ္ဌကဝဂ် / သုဒ္ဓဋ္ဌကသုတ် ) ။ ရဟန်းသည် အစွဲဥပါဒါန်မရှိ လူတို့၏ အပြုမူနှင့် ရှေးအစဉ်လာကြောင့် စိတ်ယိမ်းယိုင်ခြင်းလည်း မရှိရကား မည်သည့် ဘာသာအယူဝါဒကိုမျှ လက်မခံပဲ စည်းမျဉ်းဥပဒေတည်းဟူသော အနှောင်အဖွဲ့မှ လွတ်၏ ( အဋ္ဌကဝဂ်/ ပရမဋ္ဌကသုတ် )။ အချို့သူတို့သည် သီလစောင့်တည်ခြင်း ကောင်းမှုပြုခြင်းဖြင့် ရည်ရွယ်ချက်ပန်းတိုင်သို့ ရောက်ရှိနိုင်သည် ဆိုကြ၏ ။ ၄င်းတို့မှာ သူတို့လမ်းစဉ်သာဖြစ်သည်ဆိုကြ၍ သူတို့ကိုယ်သူတို့ ဆရာအခေါ်ခံကြ၏ ။ သူတို့သည် ယုံကြည်ချက် တစ်ခုခု၌ အစွဲအလမ်း အလွန်ကြီးပြီး သေးငယ်သော စည်းကမ်းတစ်ခုခုကို ဖေါက်ဖျက်မိလျှင် ပူပန်သောက ဖြစ်ကြရ၏ ။ ထို့ကြောင့် ဤသို့ပြုကျင့်ရမည် ထိုသို့ မပြုကျင့်အပ်ဟု သတ်မှတ်ထားသော စဉ်းကမ်းများ၌သော်လည်းကောင်း ကောင်းမှု မကောင်းမှု ခွဲခြားသတ်မှတ်သော ကျင့်စဉ် တစ်ခုခု၌သော်လည်းကောင်း အစွဲဥပါဒါန်မရှိပဲ လွတ်လပ်စွာ ပြုမူနေထိုင်ရာ၏ ( အဋ္ဌကဝဂ် / မဟာဗျူဟသုတ် )။ ဂေါတမီ သင်သည် အကြင်တရားတို့ကို ဤတရားတို့ကား စွဲလမ်းမှု ကင်းခြင်းငှာ ဖြစ်၏ ။ ဝဋ် ၌ မယှဉ်ရန်သာဖြစ်၏ ။ အလိုနည်းရန် ရောင့်ရဲရန် ဆိတ်ငြိမ်ရန်သာ ဖြစ်အံ့ ထိုတရားတို့ကို စင်စစ်အားဖြင့် ဤကား တရားတည်း ။ ဤကား ဝိနည်းတည်း ။ ဤကား မြတ်စွာဘုရား အဆုံးအမတည်းဟူ၍ မှတ်လော့ ( စူဠဝဂ္ဂ / ဘိက္ခုနီခန္ဓက )။ ဘုရားစကားကို များစွာ ပြောသော်လည်း မကျင့်ကြံသောသူသည် နွားကို ထိန်းကျောင်းပါလျက် နွားနို့အရသာ မခံစားရသော နွားကျောင်းသားနှင့် တူ၏ ။ ဘုရား တရားစကား အနည်းငယ်သာပြောသော်လည်း ကျင့်ကြံသောသူသည် ပိုမြတ်၏ ( ခုဒ္ဒကနိကာယ် / ဓမ္မပဒဂါထာ - ၁၉ ) ။ ငါသည် သူ့ထက်မြတ်သည် ငါသည် သူနှင့်တူသည် သို့မဟုတ် ငါသည် သူ့အောက်ယုတ်သည်ဟူသော မာနသုံးမျိုးကို ပယ်ရန် အရိယာမဂ်ကို ပွားများအပ်၏ ( သံယုတ်နိကာယ် / ဝိဓာသုတ် ) ။ အတိတ်ကာလက ဖြစ်ပျက်ခဲ့သော တရားအစုသည် ချုပ်ပျက်ကြလေပြီ ။ အနာဂတ်တရားစုသည်လည်း မရောက်လာသေးချေ ။ သို့ဖြစ်၍ အတိတ်ကို အောက်မေ့စွဲလမ်းခြင်း အနာဂတ်ကို တောင်းတခြင်းလဲ မပြုရာ ( မဇ္ဈိမနိကာယ် / ဘဒ္ဒေကရတ္တသုတ် ) ။ ငါသည် တန်ခိုးပြာဋိဟာပြရန် ဝန်လေး၏  ။ ရှက်၏ ။ စက်ဆုပ်၏ ( ဒီဃနိကာယ် / ကေဝဋ္ဋသုတ် ) ။ သင်တို့သည် ကိုယ်တိုင်အားထုတ်ကြကုန်လော့ ။ ဘုရားရှင်တို့မည်သည် လမ်းမှန်ကို ညွှန်ကြားရုံမျှသာ ဖြစ်၏ ( ခုဒ္ဒကနိကာယ်  ဓမ္မပဒ- ၂၇၆ ) ။ ဝက္ကလိ ! ဤအပုတ်ကောင်ကို ဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း ။ ဝက္ကလိ ! တရားကို မြင်သောသူသည် ငါဘုရားကို မြင်သည်မည်၏ ( သံယုတ္တနိကာယ် / ခန္ဓသံယုတ် - ဝက္ကလိသုတ် ) ။ နက္ခတ်ကို စောင့်ငံ့သော သူမိုက်အား အကျိုးသည် ယုတ်၏ ။ ကောင်းကင်ကြယ် နက္ခတ်တို့သည် အဘယ်အကျိုးပြုလတ္တံ့နည်း ( ဧကနိပါတ် / နက္ခတ္တဇာတ် ) ။

#htoohtoolay

myothetzaw23.blogspot.com

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...