❀ ပထမဦးဆုံးဝန်ကြီးချုပ် ဦးနု၏
သာသနာရေးလျှောက်တင်လွှာ (၂၈/၁၂/၁၉၅၅) ❀
---------
(၁၉၄၈)ခုနှစ်မှ (၁၉၆၂)ခုနှစ်အထိ
မြန်မာနိုင်ငံတော်၏ ပထမဦးဆုံးသော
ဝန်ကြီးချုပ်တာဝန်အား ထမ်းဆောင်ခဲ့သည် ။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက ဗုဒ္ဓသာသန ဝိသိဋ္ဌ တိပိဋကဓရ မဟာတိပိဋကကောဝိဒနှင့်
ဝိစိတ္တသာရဘိဝံသ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့
တံဆိပ်တော်ရ အရှင်ဝိစိတ္တသာရဘိဝံသ ဆရာတော် အရှင်သူမြတ်အား မဟာဗုဒ္ဓဝင် ရေးသားရန် တောင်းပန် လျှောက်ထားစာကို မူရင်းအတိုင်းတင်ပြလိုက်ပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်၏ တောင်းပန်လျှောက်ထားစာ (မူရင်းအတိုင်း)
✔✔ နေ့စွဲ ။ ။၁၉၅၅-ခု ဒီဇင်ဘာလ(၂၈)ရက် ။
အတိတ်သာသနာတော် သက္ကရာဇ် ၂၄၉၉ခု ။
မြန်မာ သက္ကရာဇ် ၁၃၁၇ ခု။
နတ်တော် လဆန်း ၄ရက်။
တောင်းပန်လျှောက်ထားစာ
ဘုရားတပည့်တော်ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည်ဘုရား ။ "ဗုဒ္ဓသာသန ဝိသိဋ္ဌ တိပိဋကဓရ မဟတိပိဋကကောဝိဒနှင့် ဝိစိတ္တသာရာ ဘိဝံသ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက" ဘွဲ့တံဆိပ်တော်ရ အရှင်ဝိစိတ္တသာရာဘိဝံသ ဆရာတော်မြတ်ဘုရား။
ဗုဒ္ဓေါ ဗုဒ္ဓေါတိ ဃောသော အတိဒုလ္လဘတရော-ဟူ၍ အရှင်မဟာ ဗုဒ္ဓဃောသ အဌကထာဆရာကြီးသည် မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ထုတ်ဖော်ချီးကျူး အထူးရှိခိုးခြင်း ပြုတော်မူခဲ့ပါသောကြောင့် ဤကမ္ဘာလောကကြီးအတွင်း၌ "မြတ်စွာဘုရား မြတ်စွာဘုရား"
ဟူ၍ နှုတ်ဖြင့် ရွတ်ဆိုနိုင်ဖို့ရန်မှာလည်း အလွန်ခက်ခဲသည်ဟူ၍ငှင်း သိကြရပါသည်။
ဤအရာ၌ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့ ရွတ်ဆိုကြသော "မြတ်စွာဘုရား မြတ်စွာဘုရား" ဟူသောအသံကို ဗုဒ္ဓဘာသာဝင်မဟုတ်သော ပုဂ္ဂိုလ်တို့သည် အလွယ်တကူ ကြားသိရသော်လည်း မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို မသိနားမလည်သောကြောင့် ကောင်းစွာ ကြားသိရသည်ဟု မဆိုနိုင်ပါ။
ဥပမာအားဖြင့် -ဤကမ္ဘာလောကြီးအတွင်း၌ စကြာမင်းတို့သာ သုံးဆောင်ထိုက်သော မနောမယ ပတ္တမြား ရတနာကြီးကို
တွေ့ မြင်ကြည့်ရှုကြကုန်သော သူတို့အနက် ဤပတ္တမြားရတနာကြီး၏ ထူးခြားပုံ လွန်ကဲမြင့်မြတ်ပုံတို့ကို မသိကြကုန်သောသူတို့သည် သာမညကျောက်ရတနာတစ်မျိုးကဲ့သို့ သဘောထားကြပါလိမ့်မည် ။ ဤပတ္တမြားရတနာကြီး၏ ထူးခြားပုံ လွန်ကဲမြင့်မြတ်ပုံတို့ကို စုံလင်စွာသိကြကုန်သော သူတို့မှာမူကား အားရနှစ်ခြိုက်စွာ တစ်စိမ့်စိမ့်ကြည့်လျက် လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါလိမ့်မည်။
ဤအလားတူပင်လျှင် ထိုမနောမယ ပတ္တမြားရတနာကြီးထက် အတိုင်းမသိ အပရိမာဏ ဆဆလွန်ကျူး၍ အထူးသဖြင့် မြင့်မြတ်တော်မူသော ဘုန်းတော် ကံတော် ဉာဏ်တော် တန်ခိုးတော်အနန္တတို့၏ အရှင်သဗ္ဗညု မြတ်စွာဘုရား သခင်တည်းဟူသော အတုလရတနာတော်ကြီး၏ အကြောင်းအရာကို သိရှိနားလည်ကြပါကုန်မူကား ဗုဒ္ဓသာသနာတော်ကြီးကို မကြည်ညိုသောသူတို့အား ကြည်ညိုစေခြင်းငှါ၎င်း
ကြည်ညို ပြီးသော သူတို့အားလည်း
အတိုင်းထက်အလွန် သဒ္ဒါတရား တိုးပွါးခြင်းငှါ၎င်း ကောင်းစွာဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။
သို့ ဖြစ်ပါသောကြောင့် -လောကသုံးပါး၌ အတုမရှိလွန်ကဲ မြင့်မြတ်တော်မူသော ဘုန်းတော် ကံတော် ဉာဏ်တော် တန်ခိုးတော်အနန္တတို့၏ အရှင်သဗ္ဗညုမြတ်စွာဘုရားအရှင်၏ အကြောင်းအရာ အဋ္ဌုပ္ပတ်တော်
အစဉ် ဗုဒ္ဓဝင်တော်ကြီးကို
သိလို နားလည်လို သိနားလည် စေလိုကြပါသောကြောင့် အကောင်းမွန်ဆုံး အပြည့်စုံဆုံး အစေ့စပ်ဆုံးဖြစ်သော ဗုဒ္ဓဝင်ကျမ်းကြီးကို ဖန်တီးစီရင်တော်မူရန် တောင်းပန် လျှောက်ထားအပ်ပါသည် ဘုရား။
ဤဗုဒ္ဓဝင်ကျမ်းကြီးတွင် တပည့်တော်တို့ အဓိက လိုလားသော အချက်ကြီးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁)ပါဠိ အဋ္ဌကထာ ဋီကာ အနု မဓုယောဇနာဂဏ္ဌိ ဝိနိစ္ဆရယ ဂန္တန္တရ အဝဝတို့၌ လာရှိသည့်အတိုင်း သေးငယ်သည်ဟု၍ငှင်း
တိမ်မြုပ်သည်ဟူ၍ငှင်း နက်နဲသည်ဟူ၍၄င်း
ခက်ခဲသည် ဟူ၍၄င်း အစရှိသည်ဖြင့် တစိုးတစိမျှ မချန်မလှပ် မကြွင်းမကျန် ပါဝင်စေလိုခြင်း။
(၂)ဂေါတမမြတ်စွာဘုရားသခင် ဝါတော် လေးဆယ့်ငါးဝါပတ်လုံး ဟောကြားတော်မူခဲ့သော သုတ် အဘိဓမ္မာ ဝိနည်းပိဋကတ် တရားတော်တို့ကို အသီးသီး တသုတ်စီ တသုတ်စီ စသည်ဖြင့် လိုရင်းအကျဉ်းချုပ်ကို ရေးသားစီရင်၍ ပြည့်ဝစုံလင်အောင် ထည့်သွင်းပါဝင်စေလိုခြင်း။
(၃) ရှေးက ပေါ်ပေါက်ခဲ့ပြီးသော ဗုဒ္ဓဝင်ကျမ်းစာ အစောင်စောင်တို့ထက် သာလွန်ပြည့်စုံ ကုံလုံစေ့စပ်၍ ဖတ်နာမဝ ကြည်ညိုအားရဘို့ ကောင်းလှသော ဗုဒ္ဓဝင်ကျမ်းကြီး ဖြစ်စေလိုခြင်း။
(၄) ဂေါတမမြတ်စွာဘုရား သာသနာတော် "အနှစ် နှစ်ထောင့်ငါးရာ"သို့ရောက်သော အချိန်အခါက တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်သူမြတ်တပါး စီရင်တော်မူခဲ့သော မဟာဗုဒ္ဓဝင် ကျမ်းကြီးဖြစ်သောကြောင့် နောင်လာနောက်သား လူအများတို့၏ ပစ္စု ပ္ပန် တမလွန် နိဗ္ဗိာန် အကျိုးစီးပွားအလို့ငှါ အနာဂတ်သာသနာတော် နှစ်ပေါင်း နှစ်ထောင့်ငါးရာတိုင်အောင် သာသနာ့ကျောက်တိုင် မော်ကွန်းကြီးအဖြစ်ဖြင့် ပြညွှန်း စိုက်ထောင်ထားစေလိုခြင်း......
ဤအချက်ကြီးတို့ဖြင့် ပြည့်စုံကြွယ်ဝသော မဟာဗုဒ္ဓဝင် ကျမ်းထူး ကျမ်းမြတ်ကြီးကို နောင်လာနောက်သား လူအများတို့၏အကျိုးငှာ ငဲ့ညှာထောက်ထား သနားတော်မူသည်ကို အကြောင်းပြု၍ ယထာဗလ ယထာထာမ ဉာဏဝရဇိန် မြှောက်ချိန်လှစ်ဖွင့်
ချီးမြှင့်ရေးသား စီရင် ပေးသနားတော်မူပါမည့် အကြောင်း တောင်းပန် လျှောက်ထားအပ်ပါသည် အရှင်သူမြတ်ဘုရား။✔ ✔
ထိုမျှ ထိုမျှ ပြည့်စုံ ဖြန့်ကျက် ကြွယ်ဝတော် မူသော မဟာဗုဒ္ဓဝင်တော်ကြီး ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့နှင့်တကွ အခြားအခြားသော လူပုဂ္ဂိုလ်အပေါင်း ဖတ်ရှု လေ့လာစေရန် အလို့ငှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ရဲ့ တောင်းပန်လျှောက်ထားလွှာကို နိဒါန်းပျိုး၍ အများသူငှာ အကျိုး မျှော်ကိုး၍ တင်လိုက်ရခြင်းဖြစ်ပါသည်။
#Saizarnimyo
#credit မဟာဗုဒ္ဓဝင်
https://m.facebook.com/story.php?story_fbid=862928017169105&substory_index=1&id=10000355744093
####################
နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦနု ခေါင်းချသွားသည့် နေအိမ် ပြတိုက်လုပ်မည်
မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သူ ဦးနုနေထိုင်ခဲ့သော ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပြည်ထောင်စုလမ်း အမှတ် ၄၂ ရှိ နေအိမ်ကို ပြတိုက်ပြုလုပ်မည် ဖြစ်ကြောင်း ဦးနု သမီးကြီး ဒေါ်စန်းစန်းနုက The Voice သို့ ပြောကြားသည်။
“ဖေဖေက သူခေါင်းချသွားတဲ့အိမ်ကို ကျွန်မကို အမွေပေးခဲ့တယ်လေ။ အခု ကျွန်မလည်း အသက်ကြီးလာပြီ ဆိုတော့ နောင်လာ နောက်သားတွေ ဖေဖေ့ပုံတွေ၊ စာကြည့်ခန်းတွေ၊ စာအုပ်တွေ၊ ဖေဖေ့ အသုံးအဆောင်တွေ၊ သမိုင်းဝင် စာရွက်စာတမ်းနဲ့ ဓာတ်ပုံတွေ၊ ဖေဖေ့ဘုရားခန်းနဲ့ ခုတင် စတဲ့ အသုံးအဆောင်တွေကို ပြတိုက်မှာ ထားသွားမယ်” ဟု သမီးဖြစ်သူဒေါ်စန်းစန်းနုက ပြောဆိုသည်။
ပြတိုက်ဖွင့်လှစ်ရန်အတွက် တိုင်းဒေသကြီးအစိုးရထံ ခွင့်ပြုချက် လျှောက်ထားမည်ဖြစ်ပြီး ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ပြတိုက်ဖွင့်ဖိုဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပေမယ့် ဖေဖေနဲ့ ပတ်သက်ပြီး ဒီလိုလုပ်မယ် ဆိုတာ ကောင်းပါတယ်” ဟု ဝန်ကြီးချုပ်ဟောင်း၏ သမီးငယ်ဖြစ်သူ ဒေါ်သန်းသန်းနုက ဆိုသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သူ ဦးနုကို ၁၉၀၇ ခုနှစ် မေလ ၂၅ ရက်တွင် ဝါးခယ်မမြို့၌ အဖ ဦးစံထွန်း၊ အမိ ဒေါ်စောခင်တို့မှ မွေးဖွားခဲ့ပြီး ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်းတွင် ပညာသင်ယူ၍ ၁၉၂၉ တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ ရရှိခဲ့သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် တက္ကသိုလ်ကျောင်းသား သပိတ်ခေါင်းဆောင် ဖြစ်လာသည်မှ စကာ ကိုကြီးနု ဟူသော အမည်ဖြင့် လူသိများလာခဲ့ပြီး သခင်အောင်ဆန်းနှင့်အတူ တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ပြီးနောက် ၁၉၃၇-၃၉ ခုနှစ်အတွင်း နဂါးနီစာအုပ်အသင်းကို တည်ထောင်ခဲ့သူ ဖြစ်သည်။
ဂျပန်ခတ် ဒေါက်တာဘမော်အစိုးရ
အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး အဖြစ် လည်းကောင်း ၁၉၄၆ ခုနှစ်တွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ ဒုတိယဥက္ကဋ္ဌနှင့် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြု လွှတ်တော်ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လတွင်
နု-အက်တလီစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရသောအခါ ပထမဆုံးဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၁၉၆၂-၆၆ ခုနှစ်အထိ ခေတ္တထိန်းသိမ်းခြင်း ခံခဲ့ရပြီးနောက် ၁၉၆၉ ခုနှစ်တွင် မိသားစုနှင့်အတူ အိန္ဒိယသို့ ထွက်ခွာသွားခဲ့သည်။
ဦးလောရုံ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လက်ျာတို့နှင့် ပူးပေါင်းပြီး ပါလီမန် ဒီမိုကရေစီပါတီ တည်ထောင်ခဲ့သည်။ ပြည်ပြေးအဖွဲ့ ဖွဲ့စည်းလှုပ်ရှားခဲ့သော်လည်း လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ် (၂/၈၀) အရ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ၁၉၈၁ ခုနှစ် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းတွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ (ယာယီ) ကို ဖွဲ့စည်းပြီး စင်ပြိုင်အစိုးရ ဖွဲ့စည်းမှုကြောင့် ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ဖြင့် ယာယီထိန်းသိမ်းခံခဲ့ရသည်။ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကွယ်လွန်ခဲ့သည်။
the voice

Comments
Post a Comment