မမ္မတ်ဆင်ကြီး
----
မမ္မတ်ဆင်ကြီးများဟာ သမိုင်းမတင်မီ ရှေးနှစ်ပေါင်းများစွာက ရှိခဲ့ဖူးတဲ့ ဆင်အမျိုးဝင် တိရိစ္ဆာန်ကြီးများ ဖြစ်ပါတယ် ။ သူတို့ရဲ့အရိုးများနဲ့ အခြားရုပ်ကြွင်းများကို ကမ္ဘာအရပ်ရပ်မှာ တွေ့ရှိရကာ မမ္မတ်ဆင်ကြီးတွေရဲ့ ကိုယ်ခန္ဓာကြီးတွေဟာ ယခုခေတ် အကြီးဆုံး အာရှတိုက်ဆင်ရဲ့ ကိုယ်အရွယ်လောက် ရှိကြောင်းဆိုတယ် ။ သို့သော်လည်း သူတို့ရဲ့ အစွယ်ဟာ ယခုခေတ် ဆင်အစွယ်များနဲ့မတူပဲ အပေါ်ကို ကော့လန်နေပါတယ်။ တကိုယ်လုံးမှာလဲ ယခုခေတ် ဆင်များလိုအရေထူကြီးများနဲ့ ပြောင်ချောမနေပဲ ကိုယ်လုံးအနှံ့ ရှည်လျားတဲ့ အမွှေးရှည်ကြီးတွေ ဖုံးအုပ်လျက်ရှိတယ် ။
တကြိမ်တခါမျှ မတွေ့မမြင်ဖူးတဲ့ ရှေးမမ္မတ်ဆင်ကြီးမျိုးရဲ့ ပုံပန်းကို အရိုးတခုတည်း လေ့လာရုံနဲ့ မလုံလောက်ပါဘူး ။ အရိုးကိုကြည့်ရုံနဲ့ တိရိစ္ဆာန်ဟာ ပိန်တယ် ဝတယ် အစရှိသလို တိတိပပ ပြောဖို့ အလွန်ပဲခက်ခဲတယ် ။ သို့သော်လည်း ကံကောင်းစွာပဲ ဆိုက်ဗီးရီးယားနယ်မှာ ရှေးပဝေဏသီခေတ်ကတည်းက ရေခဲပြင်မှာ မြှပ်နေတဲ့ ယင်းဆင်ကြီးကို အမှတ်မထင် တူးဖေါ် တွေ့ရှိလာကြပါတယ် ။ အဲ့ဒီ့ဆင်ကြီး သေဆုံးနေတာ ကြာပြီဖြစ်ပေမယ့် မြေကြီးဟာ ထူးဆန်းစွာ ရေခဲခန်းပမာ ထိုဆင်ကြီးကို မပုတ်မသိုးအောင် ကောင်းစွာ သိုမှီးထားလေတယ် ။ ဒါကြောင့် မျက်လုံး အမွေးအမှင်တို့နဲ့တကွ အရေ စတာတွေဟာ လုံးဝ ပျက်ဆီးခြင်းမရှိတာကို တွေ့ကြရတယ် ။
ယင်းတို့ရဲ့ အထက်ဘက်ကို ကော့တက်နေတဲ့ အစွယ်ကြီးမှာ အလေးချိန် ပေါင် ၂၅၀ မျှ ရှိပြီး အလျား ၁၂ ပေကျော်မှ ရှည်တာကို တွေ့ရတယ် ။ ဆင်စွယ်များထဲမှာတော့ အဲ့ဒီ့ဆင်စွယ်ဟာ ထူးခြားပြီး ကျော်ဇောလှပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ခန့်က ယနေ့တိုင် တနှစ်လျှင် ဆိုက်ဗီးရီးယားနယ်ကနေ ရှာဖွေရရှိတဲ့ ထိုဆင်စွယ်မျိုးပေါင်း အစုံတစ်ရာမျှကို မှန်မှန်တင်ပို့ရောင်းချခဲ့ရကြောင်းဆိုတယ် ။ အဲ့ဒီ့သတ္တဝါများရဲ့အဓိက အစာမှာ ရှေးခေတ် ထင်းရှုးပင်ပေါက်များနဲ့ အသီးများဖြစ်တယ်လို့ သိရတယ် ။ ဒီဆင်ကြီးများဟာ ရှေးနှစ်ပေါင်း ထောင်သောင်းမက ကြာခဲ့ကတည်းက နွံအိုက်ကြီးများထဲမှာ နစ်မြှပ်ပြီးဖြစ်စေ / အခြားနည်း တစ်နည်းနည်းနဲ့ သေဆုံးခဲ့ကြရာမှာ အေးမြလွန်းတဲ့ ရာသီဥတုကြောင့် ယခုတိုင် မပျက်မဆီးပဲ ကျန်ရှိနေကြခြင်းဖြစ်တယ် ။ အချိန်ကာလ ဒီလောက် ကြာမြင့်ခဲ့ပေမယ့်လဲ အချို့ ဆင်များရဲ့ အသားများမှာ ယခုတိုင် လတ်ဆတ်လျက်ရှိပြီး ဟင်းပင် ချက်စားနိုင်တယ်လို့ အဆိုရှိတယ် ။ ဒါဟာ သူတို့ရဲ့ ထူးခြားလှတဲ့ ကိုယ်ခံနိုင်စွမ်းအားပါပဲ ။ ယင်းတို့ရဲ့ ကျက်စားခဲ့တဲ့ ဒေသများမှာ ဆိုက်ဗီးရီးယားနယ်မှာသာ ဖြစ်သော်လည်း အင်္ဂလန်နိုင်ငံ ဥရောပတိုက် အလယ်ပိုင်းနဲ့ မြောက်အမေရိကတိုက်တို့မှာလည်း အနှံ့အပြား ကျက်စားခဲ့ဖူးကြောင်း ဆိုပါတယ်ခင်ဗျာ ။
ဗဟုသုတရရှိနိုင်ကြပါစေ
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment