သူ့အကြိုက် စာအုပ်တွေပဲ ဖြစ်ပါစေ
-----
ကျွန်တော်တို့တွေအားလုံးဟာ ကိုယ့်အပြုအမူကနေ ကိုယ့်ဗီဇ စရိုက်လက္ခဏာတွေကို ဖေါ်ပြတက်ကြပါတယ် ။ ဒါကြောင့်လဲ တစ်ချို့လူတွေက လူတစ်ယောက်ရဲ့ အပြုအမူ အနေအထိုင် အပြင်အဆင်နဲ့ အပြောအဆိုတွေကိုကြည့်ပြီး ခန့်မှန်းဝေဖန်နိုင်ကြတယ် ထင်ပါရဲ့ ။ အဲ့ဒီ့စရိုက်နဲ့ ပတ်သတ်လို့တော့ ကျွန်တော် Masage တစ်ခုလောက်တော့ ပေးစရာ ရှိနေပါတယ် ။
ကျွန်တော့်အိမ်က စာအုပ်စင်ဟာ အတော်လေး သေးငယ်တယ် ။ စာအုပ်တွေက တစ်နေ့တခြား များများလာတယ် ။ ဘာသာရေး သုတ ရသ ကဗျာ အစုံပါပဲ ။ အရင်ကတော့ စာအုပ်စင်ဟာ အေးအေးချမ်းချမ်း ရှိနေသေးပါရဲ့ ။ ဖြစ်ချင်တော့ တစ်နေ့မှာ စာအုပ်တစ်အုပ်ဝယ်ပြီး အပြန် ပြဿနာ တက်တော့တာပါပဲ ။ အကြောင်းက စာအုပ် အသစ်အတွက် စင်ပေါ်မှာ နေရာမရှိတော့ဘူး ။ ဒါဆို နယ်မြေပြဿနာတက်ပြီ ။ စာအုပ်ဆိုတာ သူ့နေရာနဲ့သူ ရှိနေမှ တင့်တယ်တယ် မဟုတ်လား ။ အခုတော့ မဆံ့တဲ့ စာအုပ်တွေကို ခုံအပေါ်မှာ ဒီအတိုင်းပဲ ထပ်ထားရတော့မယ် ။ ဘာပဲဖြစ်ဖြစ် ထပ်ခံရတဲ့ စာအုပ်တွေဟာ အနည်းနဲ့ အများတော့ စင်ပေါ်ကလောက် မတင့်မတယ် ဖြစ်တာပါပဲလေ ။ စင်ပေါ်က စာအုပ်တွေနဲ့ ယှဉ်တဲ့အခါပေါ့ ။ ဒါဆို ဒီလိုဖယ်ရှားဖြစ်အောင် ဘယ်အရာက ဦးဆောင်သွားတာလဲ ။
ကျွန်တော် စာအုပ်တွေ ထပ်တိုးလာတာနဲ့အမျှ စင်ပေါ်ကနေ ပထမဆုံး ကဗျာစာအုပ်တွေဖယ်လိုက်တယ် ။ နောက်တော့ ဝတ္ထုရှည် ။ နောက် ဝတ္ထုတို ။ အဲ့ဒါနဲ့မှ မရတော့ ရသစာပေတွေ ။ အဲ့ဒီလို တစ်ခုစီ တစ်ခုစီ ဖယ်လာရာကနေ လွတ်လွတ်သွားတဲ့ နေရာတွေမှာ ကိုယ် နှစ်သက်တဲ့ စာအုပ်တွေ ဖြည့်ရင်း ကျွန်တော့်ရဲ့ စာအုပ်စင် တစ်ခုလုံးဟာ ဘာသာရေးနဲ့ သမိုင်းကျမ်း သုတ စာအုပ်တွေချည်း ကျန်တော့တယ် ။ အဲ့ ဘာသာရေးမှာမှ ဗုဒ္ဓစာပေတွေချည်း နေရာယူပြီး သုတမှာတော့ ထူးဆန်းထွေလာတွေ ပဟေဋ္ဌိတွေ နိုင်ငံရေးတွေချည်း ကျန်တယ် ။ ဒါဆို အဲ့ စာအုပ်စင်ပေါ်က စာအုပ်တွေဟာ လက်ရွေးစင်ချည်း ဆိုတဲ့ သဘောပေါ့ ။
ဟော ! တစ်နေ့ သူငယ်ချင်းအိမ်ရောက်တော့ သတိထားမိတယ် ။ သူ့ စာအုပ်စင်မှာ စီးပွားရေးနဲ့ စိတ် အာဟာရချည်း တွေ့ရတယ် ။ နောက်သူငယ်ချင်းလဲ ထို့အတူပဲ ခရစ်ယာန် သမ္မာကျမ်းချည်း တွေ့တယ် ။ ဟော ! နောက်တစ်ယောက်ကျတော့ သိပ္ပံ ပညာရပ် ကျမ်းတွေ တင်ထားလေရဲ့ ။ အဲ့လို ( အဲ့လို ) တွေ အသီးသီး သတိထားမိတဲ့အခါ တစ်ခုသော အကြောင်းအရာဟာ ထင်ရှားလာပါတော့တယ် ။ အဲ့ဒါဟာ ကိုယ်တန်ဖိုးထားတဲ့အလျောက် စာအုပ်တန်ဖိုးတွေကို ပိုင်းဖြတ်လာတယ်ဆိုတာပါပဲ ။
အဲ့လိုပဲ မိတ်ဆွေ ! ကျွန်တော်တို့ဟာ စာအုပ်စင်တွေနဲ့ အလျားသဏ္ဍာန် တူတယ် ။ သုတ ရသ ကဗျာ ဝတ္ထု ဘာသာရေး အစရှိတဲ့ စာအုပ်တွေကို အစီအရီ ထည့်ထားကြတယ် ။ နေရာ ဆံ့နေတုန်းကတော့ အဆင်ပြေနေပေမယ့် နေရာမဆံ့တဲ့အခါ ပြန်ပြီး စာအုပ်တွေကို ထုတ်ပယ်လာကြတယ် ။ တစ်ချို့က ဘာသာရေးကို ထုတ်တယ် ။ တစ်ချို့က ရသကို ထုတ်တယ် ။ တစ်ချို့က သုတ တစ်ချို့က သမိုင်း အစရှိသလို ကိုယ် နှစ်သက်ရာတွေချည်း ဖြည့်ပြီး ကျန်တာတွေ ထုတ်ပယ်လာကြတယ် ။ နောက်ဆုံးတော့ အားလုံးဟာ ကိုယ့်စိတ်ကြိုက် စာအုပ်တွေချည်း ကျန်တော့တာပဲ ။ အဲ့ ဒါကိုမှ တစ်ချို့က အမှားအယွန်းတွေ လုပ်ကြတယ် ။ သုတကြိုက်တဲ့သူရဲ့ စင်ပေါ်ကို ဘာသာရေးချည်းတင်ပေးနေတာမျိုး ကဗျာချည်း တင်ပေးနေတာမျိုး အစရှိသလို ကိုယ့်အလိုအတိုင်းတွေ လျောက် တင်ပေးတဲ့အခါ အတင်ခံရတဲ့ သူအတွက်က မနှစ်သက်မှုတွေ ဖြစ်လာရတော့တာပေါ့ ။
ဒါကြောင့် မိတ်ဆွေ !
လူတိုင်းဟာ ကိုယ့်အကြိုက်နဲ့ကိုယ် ရှိနေကြပါတယ် ။ အဲ့ဒါကိုမှ အတင်းကြီး ကိုယ်လိုချင်သလို သွားမလုပ်ပါနဲ့ ။ သူကြိုက်တဲ့ စာအုပ်တွေကိုဖယ်ပြီး ကိုယ်ကြိုက်တဲ့ စာအုပ်ချည်း တင်နေမယ်ဆိုရင် သူဟာ သူ့စာအုပ်စင်အပေါ်ကို ဖြစ်စေ တင်နေတဲ့ ကိုယ့်အပေါ်ကိုဖြစ်စေ မနှစ်သက်မှုတွေ ဖြစ်လာပါလိမ့်မယ် မိတ်ဆွေ ။
သူ့စာအုပ်စင်လေးမှာ သူကြိုက်တဲ့ စာအုပ်တွေနဲ့ပဲ ပြည့်နေပါစေ ။
ဒါပေမယ့်လဲ သူကြိုက်တဲ့စာအုပ်တွေဟာ ကျေးဇူးမများရင် သူ့အတွက် ကျေးဇူးများတဲ့ စာအုပ်တွေအပေါ် စိတ်လယ်လာအောင် ပြောပြလမ်းညွှန်သင့်တာပေါ့ ။ အတင်းချည်း သူ့စာအုပ်တွေကို ဖယ်ထုတ်တာတော့ မလုပ်မိပါစေနဲ့မိတ်ဆွေ ။ ဒါ သိပ့်အရေးကြီးတယ် ။
#htoohtoolay

Comments
Post a Comment