ဒါတွေ သင်သိပြီလား?
-----
တစ်လက်မ သာသာခန့်ထူသော ဝိနည်း ငါးအုပ် ။ သုတ်ကျမ်း သုံးအုပ် ။ အဘိဓမ္မာ
ခုနှစ်ကျမ်း ဆယ့်နှစ်အုပ် ။ စုစုပေါင်း စာအုပ် နှစ်ဆယ်တိတိကို အစအဆုံး ပြန်ဆိုနိုင်မှ
တိပိဋကဓရ။ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်သူဟူသော ဘွဲ့ကို ရရှိသည်။ တိပိဋက
ကောဝိဒ ။ ပိဋကတ် သုံးပုံကို ကျွမ်းကျင်တက်မြှောက်သူဟူ၍ မသတ်မှတ်သေးပေ။
ကုန်းလမ်း ။ ရေလမ်း ။ လေလမ်း ။ အခမဲ့ ခရီး သွားလာနိုင်သော လက်မှတ်ကို မဆက်ကပ်သေးပေ။
ထို အာဂုံပြန်ထားသော ပါဋ္ဌိတော် စာအုပ်ပေါင်းနှစ်ဆယ် ။ ထိုနှစ်ဆယ်ကို အကျယ်ဖွင့်ပြသော အဌကထာ ။ ဋီကာ ။ မနုမဓု ။ စာအုပ်ပေါင်း ရှစ်ဆယ်ကျော် ။ ၄င်း စာအုပ်ပေါင်း တစ်ရာကျော်ထဲမှ အနက်အဓိပ္ပါယ်များကို သူ့ဆိုင်ရာ ကျမ်းဂန်အလိုက် အမှတ် တစ်ရာဖိုး မေးလျှင် အမှတ် ခြောက် ဆယ်ကျော်ခန့်ရမှ ရေးဖြေ အောင်သည်ဟု သတ်မှတ်၏ ။
အာဂုံလည်း ပြန်နိုင် ရေးဖြေလည်းရမှ တိပိဋဓရ ။ တိပိဋက ကောဝိဒ ဟူသော ဘွဲ့ တံဆိပ်တော်ကို ရရှိသည် ။ ထိုအခါကျမှ အစိုးရပိုင် ပြည်တွင်း ကုန်းလမ်း ။ ရေလမ်း ။ လေလမ်းများကို အခမဲ့ စီးနင်းခွင့်ရပေသည် ။ ဤအချက်များမှာ သံဃာ၏ ဂုဏ်ကျေးဇူးများပင် ဖြစ်၏ ။
ပိဋကတ်အကြောင်းများကို ကောင်းစွာ သိရှိနားလည်ရန်မှာ ဗုဒ္ဓသာသနာတော် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာပုံကို ရှေ့ဦးစွာ သိရှိရန် လိုပေမည် ။
ပထမ သင်္ဂါယနာတင် ဘီစီ ၅၄၄ အိန္ဒိယနိုင်ငံ အဇာတသက်မင်းနှင့် နာဂါဒါသဘုရင်တို့ ထီးပြိုင်နန်းပြိုင် . . .
ဒုတိယ သင်္ဂါယနာတင် ဘီစီ ၄၄၂ ကာလာသောကမင်းနှင့် မြန်မာနိုင်ငံ သရေခေတ္တရာ ဒွတ္တပေါင်မင်းတို့ ထီပြိုင် နန်းပြိုင် . . .
တတိယ သင်္ဂါယနာတင် ဘီစီ ၂၄၈ သီရိဓမ္မာသောကမင်းနှင့် မြန်မာနိုင်ငံ သရေခေတ္တရာ ရန်ပေါင်မင်းတို့ ထီးပြိုင် နန်းပြိုင် . . .
ထိုအချိန်အခါက ကိုးတိုင်း ကိုးဌာနသို့ သာသနာပြု စေလွှတ်ရာတွင် အပရန္တတိုင်းဟု ခေါ်သော မြန်မာပြည်သို့ အရှင်ယောနကဓမ္မရက္ခိတမထေရ် ရောက်ရှိသည်ဟု ဆို၏ ။
စတုတ္ထ သင်္ဂါယနာတင် အေဒီ ၁ ရာစုတွင် မြောက်ပိုင်းဂိုဏ်း ဂဏှိမင်းနှင့် ပုဂံပြည် သုမုန္ဒြီမင်းတို့ ထီးပြိုင် နန်းပြိုင်နှင့် တောင်ပိုင်းဂိုဏ်း ဒုဋ္ဌဂါမဏီမင်းနှင့် ပုဂံပြည် ငါ့တပါးမင်းတို့ ထီးပြိုင်နန်းပြိုင် ဖြစ်ကြသည် ။
ဗုဒ္ဓသာသနာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာပုံများမှာ နည်းအမျိုးမျိုး လမ်းအသွယ်သွယ်ဖြစ်သည် ။
ရှေးဦးစွာ အိန္ဒိယမှ ဝိဋဋူပမင်းဘေးရန်ကြောင့် မြန်မာနိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်ခဲ့သော တကောင်းဘုရင် ဓဇရာဇခေတ်ကို ကြည့်ပါက ဟိန္ဒူဗြာဟ္မဏတို့၏ အယူဝါဒများသည် ရှေးဦးစွာ မြန်မာနိုင်ငံအတွင်းသို့ ဝင်နှင့်ပြီးဖြစ်နေသည်ကို တွေ့ရသည် ။ ဗိဿနိုး ။ သရေခေတ္တရာ နှင့် ဟန်လင်းကြီးအထောက်အထားများကို လေ့လာလျှင် သိနိုင်ပေသည် ။
ထို့အပြင် တိဗက်ရဟန်းမင်းကြီး လိုဗိုမဒမစံဝေး လက်ထက်တွင် ရဟန်းများ ပုံကန်ရာမှ ထွက်ပြေးလာသော အရိယာအရီးရ် သို့မဟုတ် အရည်းကြီး အဆက်အနွယ်များ ဝင်ရောက်လာခဲ့သည် ။
ဤအချိန်တွင် တတိယ သင်္ဂါယနာတင် ဘီစီ ၂၄၈ တွင် အိန္ဒိယပြည် သီရိဓမ္မာသောကမင်းကြီးနှင့် သရေခေတ္တရာ ရန်ပေါင်မင်းတို့ လက်ထက် ကိုးတိုင်းကိုးဌာနသို့ သာသနာစေလွှတ်ရာ ရှင်ဓမ္မရက္ခိတ ။ ရှင်သောဏ နှင့် ရှင်ဥတ္တရမထေရ်တို့သည် သုဝဏ္ဍဘုံမိသထုံပြည်သို့ ရှေးဦးစွာရောက်ပြီး သာသနာပြုကြသည် ။
၎င်းပြင် ပုဂံမြို့တည်မင်း ၄၃ ဆက်မြောက် အနော်ရထာမင်းကြီးလက်ထက် ဗုဒ္ဓဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူပြီး ၁၆၁ ခုနှစ်( သက္ကရဇ်များ ဖြိုထားသည် )တွင် သီဟိုဠ်နိုင်ငံမှ ရှင်အရဟံသည် သထုံမှ ပိဋကတ်များကို ကူးယူ၍ ပုဂံပြည်သို့ သယ်ဆောင်လာသည် ။
ဒုတိယ သထုံမှ ပြာကဏဒဿီမထေရ်၏ တပည့် ရာမညတိုင်း ဆပဒရွာသား သာမဏေကို အလုပ်အကျွေးနှင့်တကွ သီဟိုဠ်သို့ ဘုရားဖူးလွှတ်ရာ ထိုသာမဏေသည် သီဟိုဠ်နိုင်ငံရောက်သည်တွင် ရဟန်းပြုရန် သတင်းသုံးနေသည် ။ ၁၀ နှစ်ကျော်မှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီး ပုဂံပြည်တွင် သာသနာပြုသည် ။
ထိုစဉ် သီဟိုဠ်နိုင်ငံတွင် ဗုဒ္ဓသံဃာတော်များအတွင်း ဂိုဏ်းကြီးသုံးဂိုဏ်း ကွဲလျက်ရှိသည် ။ ထိုဂိုဏ်းတို့မှာ -
မဟာဝိဟာရဝါသီဂိုဏ်း
အဘယဂီရိဝါသီဂိုဏ်း
ဇေတဝနဝါသီဂိုဏ်း တို့ဖြစ်ကြကြောင်းကို လေ့လာတွေ့ရှိရသည် ။
မဟာယာန စာပေ၌ ထေရဝါဒကို အပြင်းအထန် ပုတ်ခတ်ထားခြင်းမရှိပေ။ သူတို့ဆိုသည်မှာ ထေရဝါဒီတို့သည် ဗုဒ္ဓဝါဒကို တစ်စိတ်တစ်ဒေသသာ မြင်ကြသည်။ နောင်အမြင်မှန် ရရှိသောအခါ မဟာယာနကို လိုက်နာကျင့်သုံးကြလိမ့်မည်ဆို၏ ။
ဗောဓိသတ္တဘူမိ ။ သိက္ခာသမုစ္စယ စသော ကျမ်းများ၌မူ ဗောဓိသတ္တသည် သာဝကလမ်းစဉ် သို့မဟုတ် ထေရဝါဒကို မဟာရာနနှင့် တန်းတူထား၍ ရိုသေလေးစားရမည်။ သာဝကလမ်းစဉ်ကို ကဲ့ရဲ့ပုတ်ခတ်ခြင်းမပြုအပ် ။ ၄င်းကို မကြားနာအပ် ။ မကျင့်သုံးအပ်ဟု စွဲမှတ်ပါက အပြစ်ရှိသည်ဟု ဟောထားကြ၏ ။ စင်စစ် မဟာရာန အယူများသည် ယေဘုယျအားဖြင့် ပါဠိ ပိဋကတ် ( ထေရဝါဒ ) ၌ အရင်းမူလရှိကြောင်း သတိပြုမိပါ၏ ။
ဥပမာ - ဇင်ဝိပဿနာ သမားတို့က ဓမ္မတဏှာကို ပယ်ရန် ဟောကြားခြင်းသည် အလဂ္ဂဒူပမသုတ်၌ ဖောင်ဥပမာဖြင့် ဟောထားသော ဗုဒ္ဓသြဝါဒနှင့် အညီဖြစ်နေ၏ ။
သံသရာ နှင့် နိဗ္ဗာန်သည် အတူတူဖြစ်သည်ဟု ဆိုသော မဟာယာန အယူမှာ ဒုက္ခ၏ အစနှင့် အဆုံး သည် ခန္ဓာကိုယ်ထဲ၌ပင်ရှိသော သဂါထာဝဂ္ဂသံယုတ်လာ ဗုဒ္ဓစကားနှင့် တူညီနေပေသည်။
မဟာရာန တို့ ဦးထိပ်ထားသော ဗောဓိသတ္တကျင့်စဉ်သည်လည်း ဗုဒ္ဓကိုးကွယ်မှုအပေါ်၌ အခြေပြု၍ ဗုဒ္ဓကိုးကွယ်မှုမှာ သက္ကတ ပိဋကတ်မပေါ်မီကပင် ဗုဒ္ဓ၏ ဘုန်းတော်အနန္တ ။ ဉာဏ်တော်အနန္တ ။ ပါရမီတရား ဇာတကများဖြင့် ဗုဒ္ဓစာပေ၌ ကြီးထွားနေပြီဖြစ်၏ ။ အချို့သော ထေရဝါဒီစာပေတို့တွင် ပြင်ပမှ မဟာယာန အယူများ ထိုးဖောက်ဝင်ရောက်နေဟန်ရှိ၏ ။
မဟာဝင်ဝတ္ထု၌ ရှင်ဥပဂုတ်သည် မာန်နတ်ကို ဆုံးမရန် ခွေးသေကောင်ပုတ်ကို လည်၌ စွဲကာ လွှတ်လိုက်လေ၏ ။ မာန်နတ်သည် ရှေးရှေးဘဝများက ငါပြုခဲ့သော ကုသိုလ်ကောင်းမှုများကြောင့် နောင်အခါ ဘုရားဆုကိုသာ ရလိုပါ၏ ။ သတ္တဝါတို့အား သနားကြင်နာခြင်း မရှိသော သာဝက မဖြစ်လိုပါဟု မြည်တမ်း၏ ။ ထိုအခါ ရှင်ဥပဂုတ်က မာရ်နတ် သင်သည် ယခုမှစ၍ ဘုရားဆုကိုယူသောကြောင့် သင့်ကို ပူဇော်ထိုက်ပေ၏ ။ သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့ ဟုဆို၏ ။ ဤဝတ္ထုသည် ဒီဗျာဝဒနခေါ် မဟာယာန ကျမ်း၌လာ၍ ရှေးမဟာယာန ပုံပြင်တစ်ခုကို မှီကျမ်းပြုထားသော ဝတ္ထုဖြစ်လေသည်ကို လေ့လာတွေ့ရှိရပေသည်။ ထိုကြောင့် ထေရဝါဒတွင် မဟာယာန များရောထွေးနေကြ၍ ရှင်ဥပဂုတ်သည် မဟာယာန ၌လာသော စာပေဖြစ်ကြောင်း ခွဲခြားသိရှိရန် လိုအပ်လှပေသည် ။
အနောက်နိုင်ငံ ပါဠိပညာရှင်တို့၏ အဆိုအားဖြင့် သုတ္တနိပါတ်မှ အချို့သော ဝဂ်များ ။ သုတ်များသည် ပိဋိကတ်သမိုင်း၌ ရှေးအကျဆုံး ပါဠိတော်များဖြစ်၏ ။ ရေးနည်း ရေးဟန်နှင့် သဘောတရားတို့တွင် ရှေးဗြဟ္မဏတို့၏ ဝေဒကျမ်း ။ ဥပနိသျှကျမ်းများ နှင့် နီးစပ်၏ ။ အထူးသဖြင့် ဥရဂ နှင့် ပါရာယနဝဂ်တို့သည် အလွန်ရှေးကျ၍ ယင်းတို့၌ ပါရှိသော သုတ်များကို ဝိနည်းပိဋိကတ် ။ သံယုတ်နှင့် အင်္ဂုတ္တရနိကာယ် များ၌ ရည်ညွှန်းထား၏ ။ ခုဒ္ဒကနိကာယ်မှ စူဠနိဒ္ဒေသနှင့် မဟာနိဒ္ဒေသတို့သည် ပါရာယနနှင့် အဋ္ဌကဝဂ်တို့ကို ဖွင့်ဆိုထားသော ကျမ်းများဖြစ်၏ ။ အိန္ဒိယပြည် အသောကကျောက်စာများတွင် အချို့သော သုတ် ( ဥပမာ - မုနိသုတ် ။ နာလကသုတ် ) များကို ရည်ညွှန်းထားလေကြောင်း ၄င်းတို့အဆိုကို လေ့လာမှတ်သားတွေ့ရှိမိပါသည်။
ဗုဒ္ဓဂေါတမ ဘုရားရှင်၏ ပိဋကတ်များကို သိလိုလျှင် ရှင်ဗုဒ္ဓဃောသ မထေရ်အကြောင်းကိုလည်း သိဖို့ရန် လိုအပ်လှ၏ ။
ရှင်ဗုဒ္ဓဃောသ မထေရ်သည် အိန္ဒိယမြောက်ပိုင်း မဇ္ဈိမဒေသ မဟာဗောဓိပင် နေရာအနီး ဃောသက ရွာတွင် မွေးဖွားသည် ။ သီဟိုဠ်နိုင်ငံ သီရိသင်္ခဗောဓိ ပရက္ကမ ဗာဟုဘွဲ့ခံ မဟာနာမမင်းလက်ထက်၌ အထက်ပါ မဟာဝိဟာရဝါသီဂိုဏ်းသို့ ဝင်ရောက်ကာ အခြားဂိုဏ်းများကို နှိမ်၍ မင်းနှင့်ပေါင်းပြီး သာသနာထွန်းကားအောင် အားသွန်ကြိုးကုတ် ပြုလေသည် ။
ရှင်ဗုဒ္ဓဃောသ ကို အခြား ဘာသာဝင်အများစုက ဗုဒ္ဓမတညုဘုရားဉာဏ်ကို ရသူဟုလည်းကောင်း ရဟန္တာဟူ၍ လည်းကောင်း တင်စားသမုတ်ကြသည် ။
ရှင်ဗုဒ္ဓဃောသသည် ဗုဒ္ဓစာပေဋီကာများကို စုစည်းမှုတွင် လည်းကောင်း ။ အဋ္ဌကထာအနက် ဖွင့်ဆိုရာတွင်လည်းကောင်း ရှင်ဗုဒ္ဓဃောသ မပါလျှင် မပြီးချေ ။ ထို့ကြောင့် ဗုဒ္ဓဂေါတမမြတ်စွာဘုရား၏ ပိဋက များကို ပြန်လည်ထိန်းသိမ်း အနက်ဖွင့်ဆိုရာတွင် ရှင်ဗုဒဒ္ဓဃောသသည် အဓိက အခန်းမှ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်ကြီးဖြစ်သည် ။
ရှင်ဗုဒ္ဓဃောသသည် သက္ကဋဘာသာ ကျွမ်းကျင်သည် ။ ပါဠိဘာသာ မဂဓနှင့် ပြာကရစ်ဘာသာတို့မှ ပူးပေါင်းပြောင်းလဲ၍ လာသော အိန္ဒိယတောင်ပိုင်း ဥဇ္ဈေနီပြည်သုံး သက္ကဋဘာသာများဖြစ်သည် ။
ပဋက ( ၃ ) ပုံ
သုတ်
ဝိနည်း
အဘိဓမ္မာ
ထိုမှတစ်ဆင့် . . .
သုတ် ( ၃ ) ကျမ်း
ဝိနည်း ( ၅ ) ကျမ်း
အဘိဓမ္မာ ( ၇ ) ကျမ်း
နောက်တစ်နည်း . . .
ဝိနေယျပိဋက
သုတ္တပိဋက
အဘိဓမ္မာပိဋက စသည်ဖြင့် ပိဋက သုံးပုံရှိသည် ။ တစ်နည်းအားဖြင့် ဤပိဋက သုံးပုံကိုပင် နိကာယ်ငါးရပ်ဟုလည်းခေါ်သည် ။
ဗုဒ္ဓပိဋကစာပေတွင် ဓမ္မ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ရှိသည် ။ ဤဓမ္မခန္ဓာ ရှစ်သောင်းလေးထောင်ကို ပိဋကဖွဲ့သော် အထက်ဖေါ်ပြပါ ပိဋကသုံးပုံတွင် အလုံးစုံပါပြီးဖြစ်သည် ။ တစ်နည်း နိကာယ်ငါးရပ်တွင် ပြည့်စုံပြီးဖြစ်သည်ဟု အဆိုရှိ၏ ။
ဤပိဋက သုံးပုံ နိကာယ်ငါးရပ်အတွင်းရှိ ဓမ္မခန္ဓာပေါင်း ဓမ္မတရားတော်ပေါင်း ရှစ်သောင်းလေးထောင် တို့ကို သင်္ချာအပိုင်းလိုက်ခွဲစိတ်သော် . . .
သတိပဋ္ဌာန် ၄ ပါး
သမ္ပပ္ပဒါန် ၄ ပါး
ဣဒ္ဓိပါဒ် ၄ ပါး
ဗိုလ် ၅ ပါး
ဗောဇ္ဈင် ၇ ပါး
မဂ္ဂင် ၈ ပါး
ဗောဗိပက္ခိယတရား ၃၇ ပါး စသည်တို့သည် ပိဋကတ် သုံးပုံတွင် အလုံးစုံ အကျုံးဝင် ပြီးမြောက်သည်ဟု တွေ့ရှိရသည် ။
ဗောဓိပက္ခိယတရား ၃၇ ပါးကို မဂ္ဂင်အားဖြင့် ကြည့်လျှင် မဂ္ဂ ၈ ပါးမှ လွတ်သည်မရှိ ။ တစ်ဖန် မဂ္ဂ ၈ ပါးကို သိက္ခာအားဖြင့် ကြည့်ပါမူ ပညာ ။ သီလ ။ သမာဓိ ဤသိက္ခာသုံးပါးမှလွှဲ၍ ရသနှင့် ကောက်သော် ဝိမုတ္တိ လွတ်မြောက်မှုတရားသာဖြစ်၏ ။
ထို့ကြောင့် ပိဋက ကိုလေ့လာရာ၌ ဝိမုတ္တိတည်းဟူသော လွတ်မြောက်မှု ရသပေါ်၍ ပေါ်သည်မှာ အခြေခံဖြစ်သည်ဟု တွေ့ရ၏ ။
ဗုဒ္ဓဂေါတမ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ပိဋကတ်သုံးပုံ ဓမ္မတရားတော်များကို မပျောက်မပျက် မတိမ်ကော သွားစေရန် စုပေါင်း၍ ဘုရားဟောစင်စစ် မူမှန်ကို ရွတ်ဆိုမေးမြန်း ဆွေးနွေးဖြေကြား ရေးမှတ်အတည်ပြုခြင်းမျိုးဖြစ်သည် ။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် အားလုံးသင်္ဂါယနာတင်ပေါင်း ၆ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု လေ့လာတွေ့ရှိရပါသည် ။
#htoohtoolay

Comments
Post a Comment