သောတပန်တို့အား အနတ္တရှုရန် ညွှန်ကြားတာဟာ ဘာကြောင့်လဲ ?
-----
သောတပန်ဖြစ်နေတဲ့ ပဉ္စဝဂ္ဂီရဟန်းတော်တို့ကို ဟောတဲ့တရားမှာ " န မေသော အတ္တာတိ - ဒါဟာ ငါ့ဥစ္စာမဟုတ်လို့ ) အတ္တစွဲကိုပယ်ရန် ဘာကြောင့်ဟောတာလဲဆိုတာ စဉ်းစားစရာရှိပါတယ် ။ သောတာပန်ဟာ အတ္တလို့ ထင်မှတ်စွဲလမ်းစရာ ဒိဋ္ဌိဝိပ္ပလ္လာသကင်းသည့်အပြင် သညာ ဝိပလ္လာသ စိတ္တဝိပလ္လာသများလဲ ကင်းပြီးဖြစ်ကြောင်း ဝိသုဒ္ဓိမဂ်မှာ ပြဆိုထားပါတယ် ။ ဒါဆို အထက်ပါ အတ္တစွဲဖြုတ်ပုံကို ဘာကြောင့် ဟောတာပါလဲ ?
အဲ့ဒီ့အချက်ကို တိတိပပ ဖြေရှင်းဖို့ဆိုတာဟာ မလွယ်ကူပါဘူး ။ ဒါကြောင့် နည်းသုံးနည်းဖြင့် ဝေဖန်စမ်းစစ်ဖြေရှင်း လိုက်ပါတယ် ။
၁ - သိလဝန္တသုတ္တန်တရားတော်မှာ ရဟန္တာပုဂ္ဂိုလ်လဲ အနတ္တရှုရကြောင်း ပြဆိုချက်ရှိပါတယ် ။ သီလဝန္တသုတ္တန် တရားတော်စာအုပ် ( ၄၇၀ ) မှာ ကြည့်နိုင်ပါတယ် ။ သောတာပန်မှာ အတ္တစွဲကို ပယ်စရာမရှိပေမယ့် အထက်မဂ်ဖိုလ်များရအောင်အဲ့ဒီ့ ရဟန္တာရှုပုံလိုပင် ရှုရတယ်လို့ ယူသင့်ပါတယ် ။ ဒီနည်းအဖြေကို သဘောမကျသေးရင် နောက်တစ်နည်း ဆက်ပါမယ် ။
၂ - သီလဝန္တသုတ္တန်တရားတော်စာအုပ် ( နှာ - ၃၃၀ / ကြောင်းရေ ၁၅ စသည် ) မှာ ပြဆိုခဲ့တဲ့အတိုင်း ယူဖို့ပါပဲ ။ သောတာပန်မှာ မြဲတယ်လို့ အတ္တကောင်လို့ စွဲလမ်းတဲ့ ဒိဋ္ဌိ ဝိပလ္လာသ လုံးဝကင်းတယ်ဆိုတာကတော့ ယုံမှားဖွယ်မရှိပါဘူး ။ သညာစွဲ စိတ်စွဲကင်းပုံကတော့ တမင်စဉ်းစားဆင်ခြင်ကြည့်တဲ့အခါမှာဖြစ်စေ ရှုမှတ်နေစဲမှာဖြစ်စေ ပုထုဇဉ်တုန်းကလို မြဲတဲ့အနေ အတ္တကောင်အနေဖြင့် အသိမှား အမှတ်မှား မရှိတာကိုသာ ယူရင် သင့်ဖွယ်ရှိပါတယ် ။ ထိုသို့မယုပဲ သောတာပန်မှာ ရှုမှတ်ဆင်ခြင်မှုမရှိပဲ အမှတ်တမဲ့ နေတဲ့အခါလဲ မြင်မှု ကြားမှု စသည်တို့ကို မမြဲဘူး ။ သဘောတရားမျှပဲလို့ ယူရင် ရဟန္တာနဲ့ တန်းတူ ဖြစ်နေပါလိမ့်မယ် ။ မာနလဲ ဖြစ်ဖွယ်မရှိသလို ယောက်ျား မိန်းမအနေနဲ့ နှစ်သက်စွဲလမ်းမှု ရာဂလဲ ဖြစ်ဖွယ်မရှိဘူးပေါ့ ။ ဒါကြောင့် အမှတ်တမဲ့ နေတဲ့အခါမျမှာ အသိမှားတဲ့စိတ် အမှတ်မှားတဲ့စိတ် သညာလဲ ဖြစ်နိုင်သေးတယ်လို့ ဒီလိုယူဆဖွယ်ရှိပါတယ် ။ အဲ့ဒီလို ဖြစ်နိုင်တဲ့ သညာစွဲ စိတ်များကို ပယ်နိုင်အောင် ဟောတယ်လို့ ဒီလို ယူသင့်ပါတယ် ။
နောက်ဆုံးအချက်ဖြစ်တဲ့ အမှတ် ၃ အနေနဲ့ ပြောရမယ်ဆိုရင်တော့ အနာဂါမ်ပုဂ္ဂိုလ် အရှင်ယမကရဲ့ ဖြေရှင်းပုံကိ မှီကျမ်းယူငင်ဖို့ပဲ ရှိပါတယ် ။ အဲ့ဒီ့ ဖြေရှင်းပုံကိုလဲ သီလဝန္တသုတ္တန် တရာတော် စာအုပ် ( နှာ - ၃၁၂ ) မှာ ကြည့်ရှုနိုင်ပါတယ် ။ အရှင်ယမကမထေရ် က သူဟာ ရုပ်ကိုလဲ အသ္မိ - ငါဖြစ်တယ်လို့ မစွဲမဆိုကြောင်း ။ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် တစ်ပါးပါးကိုလဲ ငါဖြစ်တယ်လို့ မစွဲမဆိုကြောင်း သို့မဟုတ် သာမညအားဖြင့် စွဲမှီပြီးတော့ အသိအထင်ကတော့ မကင်းသေးကြောင်း ရှင်းပြပါတယ် ။ အဲ့ဒီ့ ရှင်းပြချက်အရ သောတပန်မှာ ရုပ်စသည် တစ်ပါးပါးကို စွဲမှီပြီးတော့ ငါပဲလို့ အတ္တစွဲမရှိပေမယ့် ခန္ဓာငါးပါးလုံးကိုစွဲမှီပြီး မိန်းမ ယေက်ျားအနေဖြင့် ထင်မှု သိမှုကတော့ မကင်းသေးဘူးလို့ ဒီလို နားလည်ရပါမယ် ။ ဒါကြောင့်လဲ အိမ်ထောင်ပြုတာတွေ ရှိတယ်လို့ ဒီလို ဆင်ခြင်နိုင်ပါလိမ့်မယ် ။ ဒါကြောင့် သာမန် အထင် အသိမျိုးကိုလဲ ပယ်နိုင်အောင် မြတ်စွာဘုရားဟာ သောတာပန်တွေဖြစ်နေတဲ့ ပဉ္စဝဂ္ဂီရဟန်းတော်တို့ကို အနတ္တရှုဖို့ ဟောတယ်လို့ ဒီလို ဆင်ခြင်နားလည်နိုင်ပါတယ် ။ ဒါတွေဟာ အဋ္ဌကထာနဲ့ မဆန့်ကျင်အောင် ကြံဆပြီး ဖြေရှင်းချက်ဖြစ်ပါတယ် ။
#htoohtoolay

Comments
Post a Comment