အို နာ သေ ကိုလေ့လာခြင်း !
------------------------------
" ရဟန်းတို့ ငါသည် ဘုရားမဖြစ်မှီအရွယ်က ဤသို့အကြံဖြစ်၏ ။ မသိနားမလည်သော သာမန်လူသည် မိမိကိုယ်တိုင် တစ်နေ့တွင် အိုရအုန်းမည် ဖြစ်ပါလျက် သူအိုတစ်ဦးကိုမြင်လျှင် စိတ်မသက်မသာ စက်ဆုပ်ရွ့ရှာခြင်း ဖြစ်တက်၏ ။ ငါသည် ဤသို့ဖြစ်ရန်မသင့်လျော်ပါတကား ။ ဤသို့တွေးတောရင်း ငါ၏ ပျိုမျစ်သောအရွယ်၌ တက်ကြွနေသောစိတ်သည် ကျဆင်းကွယ်ပျောက်ခဲ့၏ "
" ရဟန်းတို့ ငါသည် ဘုရားမဖြစ်မီအရွယ်က ဤသို့အကြံဖြစ်၏ ။ အဘယ်ကြောင့်ငါသည် ဇာတိသဘောရှိသည်ဖြစ်ပါလျက် အိုခြင်း နာခြင်း သေခြင်းသဘောရှိသည်ဖြစ်ပါလျက် ညစ်ညူးခြင်းသဘောရှိသည်ဖြစ်ပါလျက် ထိုညစ်ညူးခြင်းသဘောကိုသာလျှင် ရှာဘိသနည်း ။ ငါသည် ဇာတိမရှိရာ မအို မနာ မသေရာ မြတ်သောနိဗ္ဗာန်ကို ရှာအံ့ဟူ၍ အကြံဖြစ်၏ "
" ရဟန်းတို့ ငါ့အား ဤသို့အကြံဖြစ်၏ ။ အိမ်ယာထောင်သော လူတို့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းကျပ်တည်း၏ ။ မြူမှုန်ထူသော ခရီးနှင့်တူ၏ ။ အိမ်၌နေသောသူသည် စင်စစ် မြတ်သောအကျင့်ကို ကျင့်ရန်မလွယ်ကူချေ ။ ငါသည် ဆံမုတ်ဆိတ်ကိုပယ်ပြီးသော် ဖန်ရည်စွန်းသောအဝတ်ကို ဝတ်ရုံ၍ ရဟန်းပြုရမူ ကောင်းလေစွတကားဟု အကြံဖြစ်၏ "( မဇ္ဈိမနိကာယ် ။ မဟာသစ္စကသုတ်နှင့် အခြားသုတ်များး )
အထက်ပါတရားတော်များကို ထောက်ချင့်ရပါလျှင်မူ ဗုဒ္ဓမြတ်စွာဘုရားမှာ လူတို့ဘောင်အတွင်း၌ ညစ်ညူးဖွယ်ရာများကို ဆင်ခြင်အောက်မေ့လျက် စိတ်မချမ်းသာခြင်းကို ကြီးစွာ ဖြစ်ခဲ့ကြောင်း ထင်ရှားလေသည် ။
ထိုစိတ်မချမ်းမြေ့ခြင်းကိုအကြောင်းပြု၍ မှန်သောသစ္စာကို ရှာဖွေတွေ့ရှိခဲ့လေရာ လူသားတို့ကိုလည်း လောက၏ ဒုက္ခသံသရာအတွင်းမှ လွတ်မြောက်ဖို့ရာ အတွက်မူ ကယ်တင်ရန်အလို့ငှာ လောကအတွင်း၌ ကျင်လည်ခဲ့ရလေသည် ။
ဇာတိကိုအမှီပြုကာ မှန်သောလမ်းကို လျောက်လှမ်းခဲ့ကြသူများရှိသလို မှားယွင်းသော ဘဝစွဲလမ်းမှုတို့ဖြင့် အတ္တအယူစွဲမြဲသော သူများစွာတို့မှာလည်း အနှံ့အပြားရှိကြလေသည် ။ နာမည်ကျော် ရုပ်ဝါဒီပညာရှင်တစ်ဦးက မိမိသည် အသက်ကြီးလာလေ သေရမည်ကို ကြောက်လာလေ ဖြစ်သည်ဟု ဝန်ခံရေးသားခဲ့ပြီး ယနေ့ အမေရိကန်နိုင်ငံ၌ အချို့ပုဂ္ဂိုလ်တို့သည် တစ်နေ့သောအချိန်၌ သိပ္ပံပညာက လူသေကို အသက်ပြန်ရှင်အောင် ပြုလုပ်ပေးနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် မိမိတို့သေသောအခါ နဂိုမူလအတိုင်း ခန္ဓာကိုယ် ကြာရှည်လေးမြင့် တည်မြဲနေစေရန် ငွေကြေးအမြောက်အများအကုန်ခံ၍ ကြိုတင်စီမံထားကြသည်ဆို၏ ။ သေမျိုးဖြစ်သော အရာကိုပင် တဏှာ၏ တပ်မက်စွဲလမ်းမှုတို့မှာ အလွန်မှ ကြောက်စရာကောင်းလှပေတော့သည် ။ ထိုအယူမျိုးနှင့် ဆင်တူပင် အီဂျစ်တို့သည်လည်း အသက်ဝိညာဉ်ပေါင်းမိစေရန်အတွက် သူသေခန္ဓာကို ဆေးစိမ်ခြင်းများ ပြုလုပ်ခဲ့ကြဖူးလေ၏ ။
အသက် ၈၈ နှစ်ရှိ အခြားပညာရှင်တစ်ဦးကမူ သူမသေမီ ရက်အနည်းငယ်ခန့်က " လူတို့သည် အလွန်အသက်ကြီးသောအခါ သေမင်းကို ရင်ဆိုင်ရန် မလွယ်ကူပါ ။ လူငယ်များက သက်ကြီးများထက် သေရဲကြပါသည် ။ အသက်ရှစ်ဆယ် ကျော်သောအခါ သတ္တိနည်း၍ သေရန် တွန့်ဆုတ်ကြပါသည် " ဟု ဖွင့်ဟဝန်ခံခဲ့ဖူးလေသည် ။
အနောက်နိုင်ငံဆေးရုံများတွင် သေခါနီးလူနာများကို လေ့လာသော ဆရာဝန်တစ်ဦး၏ အဆိုအားဖြင့် ဆင်းရဲနာကျင်မှု ခံစားကြရသော သူများမှာ အသက်ငါးဆယ်အောက်တွင် ၄၅ ရာခိုင်နှုန်း ။ အသက်ငါးဆယ်နှင့် အသက်ခြောက်ဆယ်အကြားတွင် ၃၂ ရာခိုင်နှုန်းနှင့် အသက်ခုနှစ်ဆယ်ကျော်အရွယ်များ၌ ၁၀ ရာခိုင်နှုန်းရှိ၏ ။ သက်ကြီးများမှာ ဇီဝိတရုပ် အားနည်း၍ ညင်ညင်သာသာအသက်ထွက်ကြ၏ ။ လူငယ်များမှာ ပိုမိုကြံ့ခိုင်သောကြောင့် မြန်မြန်အသက်မထွက်နိုင်ပဲ အသက်မထွက်မီ စောစောကပင် ဆင်းရဲဝေဒနာ ကြာရှည်ခံစားကြရသည်ဆိုကြောင်း ဖတ်ရှုရ၏ ။ ပြင်သစ်ဘုရင် လူဝီ ၁၄ သည်လည်း နတ်ရွာစံခါနီး၌ အနီးရှိ လူများအား " ဟေး . . . မင်းတို့ဘာကြောင့် ငိုနေကြတာလည်း ။ ငါ အမြဲထာဝရ အသက်ရှင်နေလိမ့်မယ်လို့များ မင်းတို့ထင်နေကြသလား ။ သေရတာဟာ အရင်က ငါထင်ခဲ့သလို မဆိုးပါဘူးးကွာ " ဟု တည်ငြိမ်စွာ ပြောကြားခဲ့သည်ဆို၏ ။
ကျွန်ပ်တို့သည်လည်း အိုရပေအုန်းမည် ။ နာရပေအုန်းမည် ။ သေရပေအုန်းမည် ။ ဤမည်ခြင်းများအား မျက်ကွယ်မပြုထားသင့်ပေ ။
xxxxxx
သေခြင်းပွားပုံ
------------------
ဤ အသက်သည် အဘယ်မျှကြာမည်မသိ ။ ယနေ့လော နက်ဖြန်လော နေ့တိုင်းသေနိုင်၏ ။
အဘယ်အနာဖြင့် သေမည်မသိ ။ ကိုယ်တွင်းနာလော ကိုယ်ပနာလော အနာတိုင်းဖြစ်သေနိုင်၏ ။
အဘယ်အချိန်သေမည်မသိ ။ နေ့လော ညဉ့်လော အချိန်မရွေး သေနိုင်၏ ။
အဘယ်နေရာ သေမည်မသိ ။ လမ်း၌လော အိပ်ယာ၌လော နေရာမရွေး သေနိုင်၏ ။
သေပြီးလျှင် အဘယ်ဘဝ ရောက်မည်မသိ ။ ဒေဝဂတိလော တိရိစ္ဆာနဂတိလော ဆုံလည်နွားပမာ ဂတိငါးဖြာ တချာချာလည်နိုင်၏ ။
သူငယ်ချင်းများအားလုံး တစ်ခုသောအသိတရားများ ရရှိနိုင်ကြပါစေခင်ဗျာ ။
အကျိုးကျေးဇူးများကြပါစေ ……
#htoohtoolay

Comments
Post a Comment