ကုန်းဘောင်စိတ်ဓါတ်
----
အမရပူရမြို့ ဂန္ဓာရုံဆရာတော် ရှင်ဇနကာ ဘိဝံသကား ဝက်လက်နယ်သားဖြစ်သည် ။ သရိုင်ရွာသား တောသားကလေးမောင်ဌေးလွင်အဖြင့် သူ၏ ဇာတိမာန်ကို တစ်ဘဝ သံသရာစာအုပ်၌ ဘုန်းကြီးနှစ်ပါးဆွေးနွေးခန်းသဖွယ် ဖေါ်ပြထားလေသည် ။
၎င်းမှာ -
အထက်နိင်ငံမှာ ဘယ်နယ်ကို သဘောအကျဆုံးလဲ ? ဟဲဟဲ ဒါကတော့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်မှာပေါ့နော် ။ အကြောင်းမဲ့မဟုတ်ပါဘူး ။ အကြောင်းလဲ ရှိပါတယ် ။ ဘာအကြောင်းလဲ ကိုယ်တော် ။ အရှင်ဘုရားပဲ စဉ်းစားကြည့်ပါလား ။ တပည့်တော်တို့ ကျွန်ဘဝမရောက်ခင် ရာဇဝင် အထင်ရှားဆုံးမင်းဟာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျမဟုတ်ပါလား ။ ရိုးရိုးအသံနဲ့ ပြောပါကိုယ်တော် ။ ကိုယ်တော်က ရွှေဘိုအကြောင်းပြောကာမှ အသံကျယ်လာလိုက်တာ ။ ကျယ်ရမှာပေါ့ဘုရား ။ ဇာတိသွေး ဇာတိမာန်ဆိုတာ ထိမ်ချန်လို့ ရကောင်းတာ မဟုတ်ပါဘူး ။ ဦးအောင်ဇေယျ လက်ရုံးရေ ကြီးတာနဲ့ ကိုယ်တော်နဲ့ ဘာဆိုင်လို့တုန်း ။ ဦးအောင်ဇေယျရဲ့ ထန်းလုံးတပ်မြို့ တည်တုန်းက ဘယ်နယ်သားတွေ ပါမယ်ထင်တုံး ။ ရွှေဘိုနယ်သားတွေချည်း မဟုတ်ဘူးလား ။ ဒါတော့ ဟုတ်မှာပေါ့ ကိုယ်တော် ။ ရွှေဘိုနယ်သားမှန်လျှင် ဒီရာဇဝင် မမေ့စကောင်းဘူးဘုရား ။ အနို့ . . . ကျွန်ဘဝရောက်တော့လဲ အဲ့ဒီ့ ရွှေဘိုမင်းဆက်ပဲ မဟုတ်လား ။ မှန်ပါတယ် ။ မူလလူကြီးတွေရဲ့ အရှိန်ကိုယူပြီး " ဘုန်းတော်အလွန်ကြီးမြတ်တော် မူသလေး ဘာလေး " နဲ့ ရွှေဘိုသွေးပျောက်သွားလို့ သူတစ်ပါးလက်အောက် ရောက်ရတာပါ ။ လက်နက်မှ မရှိပဲ ရွှေဘိုသွေးရော ဘာတက်နိုင်မှာလဲ ကိုယ်တော် ။ ရွှေဘိုသွေး ပီသလျှင် အင်္ဂလိပ့်နဲ့ ပထမစစ်ကိုပဲ မဖြစ်ရအောင် ကြိုးစားရမှာပါ ။ မရှောင်သာလို့ စစ်ဖြစ်ရလျှင်လဲ ရန္တပိုစာချုပ် ချုပ်ပြီးတဲ့နောက်တော့ " ဘုန်းတော် အလွန်တရာ ကြီးမြတ်တော်မူသော " ဆိုတဲ့ ဆောင်ပုဒ်တွေ ဖြုတ်ပြီး မင်းရော မိဖုရားတွေရော တစ်နိုင်ငံလုံး အလုပ် လုပ်ရမှာပေါ့ဘုရား ။ ကိုယ်တော်မှာ ယခုထိ ရွှေဘိုသွေး ရှိသေးသလား ။ တပည့်တော်က ကျောင်းတိုက်မှာ သစ်ပင်က သစ်ခက်တို့ ဘာတို့ ဖြတ်စရာရှိလို့ ရွှေဘိုက ကိုရင်ကို ဖြတ်ခိုင်းတဲ့အခါ " ငါရွှေဘိုသားလို့ ကြုံးဝါးပြီး တစ်ချက်တည်းနဲ့ ပြတ်အောင်ဖြတ် " လို့ ခိုင်းတာပဲ ။ ဒီတော့ ယခုထိ ရွှေဘိုသွေး ရှိသေးတယ်ပေါ့ ။ သာသနာ မြှင့်တင်လိုတဲ့ စိတ်ဓါတ်တွေ ပြင်းပြနေတာလဲ မြန်မာသွေး ဘာသာသွေးနဲ့ ရွှေဘိုသွေး မကင်းဘူးဘုရား ။ သာဓုပါကိုယ်တော် သာဓုပါ ။ ရွှေဘိုသားလဲ ပီ ။ မြန်မာတိုင်းဖွားလဲ ပီ ။ ဗုဒ္ဓဘာသာလဲ ပီ ပါပေတယ် ။
သို့လျှင် အလောင်းမင်းတရားနှင့်ပတ်သက်၍ တစ်မြို့ တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသကဲ့သို့ မြန်မာပြည်ကြီးကို သူ့အခါက ကံဆိုးမိုးမှောင်ဘဝမှ ကယ်တင်ခဲ့ပုံကို ပြောမကုန်အောင်ရှိနေတော့တယ် ။
အာဇာနည်ပုဂ္ဂိုလ်တို့၏ အကြောင်းကို ကြားနာလေ့လာရခြင်းသည် မင်္ဂလာရှိ၏ ။ အမြဲတစေ စိတ်အားတက်ကြွစေ၏ ။ မိမိ၏ဘဝနှင့် တိုင်းပြည်အကြောင်းကို ပိုမိုလေးနက်အဓိပ္ပါယ်ရှိစေ၏ ။ ဤမြေ ဤရေကို သူတို့၏ သွေးချွေးတို့ဖြင့် သွန်းလောင်း ဖွံ့ဖြိုး စေခဲ့သည်မဟုတ်လော ။ သူတို့အသံ သူတို့အကြောင်းကို ထပ်လောင်းကြားနာရခြင်းသည် ကျွန်တော်တို့အဖို့ စိတ်သစ်မွေးကာ အားသစ်လောင်းသကဲ့သို့ ဖြစ်တော့သည် ။ ထို့ကြောင့် ဟောင်းနွမ်းဖုံတက်သော အရောရော အနှောနှော ဖြစ်နေသော သမိုင်းစာပေတို့ကို ကျွန်တော်တို့သည် တက်နိုင်သလောက် ဆေးကြောသုတ်သင်သင့်၏ ။ ကုန်းဘောင် ပရမေ ဦးအောင်ဇေယျ မှ စ၍ ဇာတ်ဆောင်သူအပေါင်းတို့ကို သဘာဝအတိုင်း ရုပ်လုံးဖေါ်သင့်လေသည် ။ အထူးသဖြင့် ကျွန်တော်တို့သည် အလောင်းဘုရားအသံကို ကြားချင်၏ ။ သူ့ကို တွေ့ဖူး မြင်ဖူးသူတို့၏ ဖေါ်ပြချက်များအတိုင်း ရှုမြင်လိုကြသည်သာတည်း ။
#htoohtoolay
Visit website
http://myothetzaw23.blogspot.com/
ကုန်းဘောင်စိတ်ဓါတ်
မျိုးသက်ဇော် / 23 minutes ago

Comments
Post a Comment