တရားတောင် ကာမဂုဏ်အရှိန်အဝါ ပါမှ
-----
သတ္တဝါတွေရဲ့အကြိုက်က ကာမဂုဏ်အာရုံတွေပဲ ။ မြတ်စွာဘုရားရဲ့တရားတော်က ကာမဂုဏ်အာရုံဆိုရင် အနံ့အသက်တောင် မပါဘူး ။ ပြောင်းပြန်ဆန့်ကျင်ဘက်ဖြစ်နေတယ် ။ ဒီတော့ ကာမဂုဏ်ကြိုက်နေတဲ့ သတ္တဝါတွေက ဒီလိုတရားကို ကြိုက်ပါ့မလား ခဲယဉ်းပါတယ် ။ မဂ်ဖိုလ်နိဗ္ဗာန်တရားကို ထားပါအုန်းတော့ ယခုလို ဟောနေတဲ့ တရားတောင် ကာမဂုဏ်အရှိန်အဝါလေးပါမှ တရားနာတဲ့သူတွေက ကြိုက်တက်တယ် ။ ကာမဂုဏ်အရှိန်အဝါ လုံးလုံးမပါဘူးဆိုရင် တရားက သိပ့်ရိုးတာပဲဆိုပြီး တယ်မကြိုက်တက်ကြဘူး ။ ဘုန်းကြီးတွေ သာသနာ့ရိပ့်သာမှာ ဟောနေတဲ့ တရားတော်တွေက ကာမဂုဏ်အရှိန်အဝါမပါဘူး ။ ဒါကြောင့် ဒီရိပ့်သာက တရားတော်ဆို သာမန်လူအများစုက တယ် မနာနိုင်ကြဘူး ။
တချို့က ခဏလောက်နာပြီး ထသွားတာလဲရှိတယ် ။ အရေးကြီးကိစ္စရှိလို့ပဲလား အချိန်ရသလောက်လေး ခတ္တခဏ ဝင်နာသွားတယ်လို့ပဲ ဆိုမလား မပြောတက်ဘူး ။ ပုံပန်းပြည့်ရတာတော့ တရားဒဏ်ကို မခံနိုင်လို့နဲ့ တူတာပါပဲ ။ ဘာကြောင့်လဲဆိုတော့ သာသနာ့ရိပ့်သာမှာ ဟောနေတဲ့တရားက အသံ သာသာယာယာနဲ့ ရွတ်ဖတ်တာလဲ မပါဘူး ။ လွမ်းစရာ ဆွေးစရာ ဝတ္ထုကြောင်းလဲ မပါဘူး ။ ရယ်စရာ မောစရာ ပျက်လုံးလဲ မပါဘူး ။ အဆွဲဓါတ်တွေ ဘာမှ မပါဘူးလို့ ဆိုရမှာပဲ ။ ဒါကြောင့် ကြာကြာမနာနိုင်တာနဲ့ တူပါတယ် ။
တချို့က အသံနဲ့ ဆွဲငင် ဟောတဲ့တရား ဝတ္ထုဇာတ်လမ်းနဲ့ ဟောတဲ့တရား ရယ်စရာ မောစရာနဲ့ ဟောတဲ့တရားကို သုတ္တန်တရားပါဆိုပြီးတော့မရိုမသေ ပြောတက်တာလဲ ရှိတယ် ။ အဲ့ဒီ့လိုကတော့ မပြောသင့်ဘူး။ အသံနဲ့ စွဲငင်ဟောတာ အသံတရားပေါ့ ။ ဝတ္ထုဇာတ်လမ်းနဲ့ ဟောလဲ ဝတ္ထုတရားပဲ ။ ရယ်စရာပျက်လုံးနဲ့ ဟောလဲ ရယ်စရာတရားပါပဲ ။ ဘယ်က သုတ္တန်တရားဟုတ်ကမှာလဲ ။ သုတ္တန်တရားဆိုတာကလဲ နက်နဲပါတယ်။ ဓမ္မစကြာသုတ်တရား အနတ္တလက္ခဏာ သုတ်တရား သတိပဋ္ဌာန် သုတ်တရားတို့ကို ကြည့်ပေါ့ ။ နက်နဲပါတယ် ။ အသံတရားမျိုး ရယ်စရာတရားမျိုး ဇာတ်လမ်းတရားမျိုး ရယ်စရာ ပျက်လုံးတရားမျိုး မဟုတ်ပါဘူး ။ ပဋိစ္စသမုပ္ပါဒ်တရားဟာလဲ သုတ္တန်တရားပါပဲ ။ ပဋိစ္စသမုပ္ပါဒ်ဆိုတာကတော့ အဘိဓမ္မာမှာလဲ ရှိပါတယ် ။ ဒါပေမယ့် အဘိဓမ္မာဟောစဉ်အတိုင်း ဟောမှ အဘိဓမ္မာတရားလို့ ခေါ်ရပါတယ် ။
ဒါကြောင့်မြတ်စွာဘုရားက " တွယ်တာစရာ ကာမဂုဏ် အာရုံတို့၌ သာမွေ့လျော် နစ်ခြိုက်ပျော်မွေ့နေသော တွယ်တာစရာ ကာမဂုဏ် အာရုံတို့ဖြင့် ဝမ်းမြောက်အားရ သဘောကျနေသော သတ္တဝါအပေါင်းထဲ၌ သတ္တဝါအပေါင်းသည် ဤဋ္ဌာနကို မြင်နိုင်ခဲစွ " လို့ ဆင်ခြင်တော်မူပါတယ် ။ ဘယ်နေရာဋ္ဌာနလဲ ဆိုတော့ " ဤအကျိုးတရားတို့၏ အကြောင်းတရားဟု ဆိုအပ်သော ဤအကြောင်းတရားရှိသည်၏ အဖြစ်ဟု ဆိုအပ်သော အကြင် ပဋိစ္စသမုပ္ပါဒ်တရားသည် ရှိ၏ ။ ပဋိစ္စသမုပ္ပါဒ်ဟူသော ဤနေရာဋ္ဌာနကို သတ္တဝါတို့ မြင်နိုင်ခဲစွ " တဲ့ ။
( မဟာစည်ဆရာတောဘုရားကြီး )

Comments
Post a Comment