ဂျာမန် ဒဿနဆရာ ရှိုပင်ဟွာ၏ ဝဋ်ဒုက္ခမှ ထွက်ရပ်လမ်း
----
လူသည် ဘယ်သောအခါမှ အလိုမပြည့်ချေ ။
လူတို့၌ အလိုဆန္ဒများ တစ်စိတ် တစ်ဒေသ
ပြည့်ဝမှုသည်ပင် နည်း၏ ။
အလိုဆန္ဒအားလုံး ပြည့်ဝလျှင်လည်း
လူသည် မိမိဘဝကို ငြီးငွေ့လာ၏ ။
ကျွန်ပ်တို့၏ လိုအပ်ချက်မှာ အစဉ်အလာ ဘာသာရေး ယုံကြည်ချက်နှင့် စိတ်ဖြေသိမ့်မှုကို မရှာနေပဲ ဆင်းရဲဒုက္ခ၏ မူလအစဖြစ်သော တဏှာရာဂကို အရွယ်မလွန်မီ အချိန်မနှောင်းမီ တက်နိုင်သမျှ ပယ်သတ်ရန်ဖြစ်သည် ။ တဏှာကို ပယ်သတ်ရန် လိုအပ်သော လက်နက်မှာ ပစ္စည်းဥစ္စာမဟုတ် ။ အသိအလိမ္မာ ပညာဖြစ်သည် ။ လူတို့သည် အသိအလိမ္မာကို တန်ဖိုးမထားပဲ ပစ္စည်းဥစ္စာကို ပိုမို မက်မောကြသည် ။ စိတ်ချမ်းသာမှုအတွက် ပစ္စည်းဥစ္စာကို မည်သို့ အသုံးချရမှန်း မသိပေ ။ အသိပညာဖြင့် ပျော်မွေ့လေ့ မရှိသောကြောင့် စီးပွားဥစ္စာ ရှာဖွေရန် မတက်နိုင်သော အသက်အရွယ် ဘဝအခြေအနေ၌ မည်သို့ အချိန်ကုန်လွန်ရမည် မသိဘဲ စိတ်ဆင်းရဲကြရ၏ ။
တဏှာ၏ စိုးမိုးမှုမှ လွတ်မြောက်ရန်အတွက် လိုအပ်သော အသိအလိမ္မာပညာသည် ကျောင်းပညာ တက္ကသိုလ်မဟုတ်ပဲ ဘဝအတွေ့အကြုံများမှ ရရှိသော အတွေးအေခါ် မှန်ကန်မှုနှင့် စိတ်ဓါတ်ရင့်ကျတ်မှုကို ဆိုလိုခြင်း ဖြစ်သည် ။ ပထမ အရေးကြီးသော အချက်မှာ ဖြစ်ပျက်သမျှသည် အတိတ်မှ အကြောင်းတရားများကြောင့် မလွှဲမသွေတာ ဖြစ်ခြင်းကို သိမြင်ရပေမည် ။ ထိုသို့ မိမိကိုယ်ကို မိမိ အစိုးမရသော သဘောကို သိမြင်ပါက ဘဝ အဆင်မပြေမှု ချို့တဲ့မှုနှင့် ရှုံးနိမ့်မှုများကြောင့် အလွန်အကျွံ စိတ်ဆင်းရဲရမည် မဟုတ်ပေ ။ လူသည် မိမိစရိုက် ဝါသနာနှင့် လိုအင်ဆန္ဒများအကြောင်း ပို၍ သိလေ ယင်းတို့၏ အနှောင်အဖွဲ့မှ လွတ်မြောက်လေဖြစ်၏ ။
အသိပညာ ရင့်ကျတ်မှုအတွက်ဘဝအမြင်သည် အရေးကြီး၏ ။ ထိုအသိအမြင်သည် စာဖတ်၍ မရရှိအပ်ပဲ အတွေ့အကြုံနှင့် အတွေးအခေါ်များ၌ အခြေ တည်ရပေမည် ။ စာအုပ်များကိုသာ အားကိုးနေပါက မိမိ၏ အတွေးအမြင်များမှာ ကြုံလှီ၍ အရေးမပါ ။ အရာမထင် ဖြစ်နေတက်၏ ။ မိမိညာဏ်စွမ်းဖြင့် ဆင်ခြင်သုံးသပ်မှုလည်း တစ်စ တစ်စ ခေါင်းပါးလာတက်သည် ။ စာဖတ်ရာ၌ ကမ္ဘာ့ ပညာရှင်တို့၏ စာပေများကို ဦးစားပေး၍ သူတစ်ပါးက ဖွင့်ဆိုရေးသားချက်များ၌ အစွဲ မရှိအပ်ချေ ။
ကိုယ်ကျင့်ဒသနလည်း ဘဝအတွေ့အကြုံနှင့် အသိပညာများမှ ထွက်ပေါ်လာသော ဒသန ဖြစ်ရပေမည် ။ လူ၏ အပြုအမူများသည် အများအဖြင့် မိမိ မသိမမြင်သော အကြောင်းတရားများ၌ အရင်းခံသောကြောင့် သမာရိုးကျ ဆုံးမဝါဒသည် အရေးမပါလှချေ ။ ဆရာမိဘ၏ ဆုံးမ ဝါဒကို ကြားနာရခြင်းထက် လူ့ သဘာဝစိတ်ကို သိရှိနားလည်မှုသည် ကိုယ်ကျင့်တရား တိုးတက်ကောင်းမွန်ရေးကို ပိုမို အကျိုးပြု၏ ။
ကိုယ်ကျင့်တရားနှင့် ပတ်သတ်သော သဘာဝစိတ် သုံးမျိုး ရှိ၏ ။ ပထမမှာ တစ်ကိုယ်ကောင်းစိတ် ဖြစ်၏ ။ လူသည် မိမိကိုယ်ကို ချစ်၍ မိမိအကျိုးစီးပွားကို ရှာလေ့ ရှိ၏ ။ မိမိ၏ ကြီးပွားချမ်းသာမှုအတွက် မိမိကိုယ်ကို မိမိ အများဆုံး အားကိုးရမည်ဖြစ်သောကြောင့် တစ်ကိုယ်ကောင်စိတ်ကို များစွာ ပြစ်တင်ကဲ့ရဲ့ခြင်း မပြုသင့်ပေ ။ တစ်ခါတစ်ရံ သူတစ်ပါးအပေါ် ဆိုးကျိုးတက်ရောက်သော်လည်း နဂို မူလက စေတနာကင်း၍ အကျင့်သီလနယ်၌ အကောင်းအဆိုး သတ်မှတ်ရန် မဖြစ်နိုင်ချေ ။ တစ်ကိုယ်ကောင်းစိတ်ထက် အမှန်တကယ် ဆိုးရွားသော လူ့သဘာဝစိတ်မှာ သူတစ်ပါးအား ပျက်ဆီးစေလိုသော စိတ်ဖြစ်၏ ။ ဤစိတ်သည် လူတို့၌သာ ရှိ၍ တိရိစ္ဆာန်များ၌ မတွေ့ရချေ ။ တိရိစ္ဆာန်တို့၏ ကြမ်းတမ်း ရက်စက်မှုသည် မသိမှု၌ အရင်းခံ၍ စေတနာကင်းသော ရက်စက်မှု ဖြစ်၏ ။ လူသည်ကား ထိုသို့မဟုတ် ။ မိမိအား ဘာမျှ အကျိုးမရှိပဲ သူတစ်ပါးအား ပျက်ဆီးစေလိုသော စိတ်တို့သည် လူသတ္တဝါ၏ သန္တန်၌ ကိန်းအောင်းနေ၍ ဘာသာတရားနှင့် လိမ္မာယဉ်ကျေးမှုက နှိမ်နှင်းသော်လည်း မအောင်မြင်ခဲ့ချေ ။ အထူးသဖြင့် လူတစ်ဦးနှင့် တစ်ဦး လူနေမှု ဘဝ အဆင့်အတန်း ကွာဟမှု များပြားသော ယခုခေတ်၌ မိမိထက် သာသောသူကို နှစ်နာ ပျက်ဆီးစေလိုသော စိတ်ဓါတ်မှာ များစွာသော လူတို့၏ အပြောအဆို အပြုအမူ အကျင့်အကြံများ၌ ထင်ရှား၏ ။
သို့ရာတွင် လူသည် အတ္တ နှင့် ဣဿာမစ္ဆရိယစိတ်သာလျှင် လွှမ်းမိုးနေသော သတ္တဝါ မဟုတ်ပေ ။ ထို သဘာဝ စိတ်များနှင့် ဆန့်ကျင်သော အခြား သဘာဝစိတ် တစ်ခု ရှိပေသေးရာ ၄င်းမှာ သနားကြင်နာစိတ်ဖြစ်၏ ။ ဆင်းရဲဒုက္ခခံနေရသော သူအား သနားကြင်နာသောစိတ်သည် လူတိုင်းလိုလို၌ အနည်းအများရှိ၍ လူ့လောက၏ ကြီးပွားတိုးတက်မှုကို အတော်အတန် အကျိုး ပြုခဲ့၏ ။ သနားကြင်နာမှုသည် အသိပညာနှင့် မဆိုင်ပဲ လူ၏ နှလုံးသားမှ ထွက်ပေါ်လာသော စိတ်ဖြစ်၏ ။ သူတစ်ပါးအား သနားကြင်နာသော သူသည် ငါ , သူတစ်ပါး မခွဲခြားပဲ မိမိကိုယ်ကို အခြားသတ္တဝါများနှင့် ထပ်တူပြု၍ ဘဝတဏှာကို ပယ်ခွါရန် အားထုတ်ရာ၌ အောင်မြင်ရန် အလားအလာရှိ၏ ။
လူတို့သည် စုပေါင်းနေထိုင်သော သတ္တဝါများဖြစ်၍ အချင်းချင်းကူညီရန် လိုအပ်သော်လည်း ပုဂ္ဂိုလ်တစ်ဦး၏ ကြီးပွားချမ်းသာရေး၌ သူတစ်ပါး၏ ကူညီမှုသည် အကြောင်းမဟုတ် ။ မိမိအစွမ်းဖြင့် အားထုတ်မှုသည်သာ ပဓါန ဖြစ်၏ ။ သူတစ်ပါး၏ ကူညီမှု ချီးမွှမ်းမှု စသည်တို့ကို ခံယူလိုခြင်းသည် မိမိ၏ ချမ်းသာမှု ဆင်းရဲမှုများအား သူတစ်ပါးသို့ ပေးအပ်ထားသည်နှင့် တူလှ၏ ။ သူတစ်ပါး၏ ယုံကြည်ကိုးစားခြင်းနှင့် တမလွန်ဘဝ ထာဝရ ကောင်းကင် စသည်တို့ကို မျှော်မှန်းခြင်းသည်လည်း အချည်းအနှီး ဖြစ်၏ ။ သေသောအခါ ဘဝ ပျက်စဲသည် ဆိုစေ ဘဝပျက်စဲခြင်းသည် ဆင်းရဲဒုက္ခမဟုတ် ။ လူ သတ္တဝါ မဖြစ်မီက နှစ်ကာလ အနတ္တ ရှိခဲ့သော အဘာဝကို မကြောက်ပဲ သေပြီးမှ အ,ဘာဝ ဖြစ်မည်ကို ကြောက်နေခြင်းသည် အဓိပ္ပါယ် မရှိလှချေ ။
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment