ဗကဗြဟ္မာ ဝတ္ထု
-----
ပဥမဈာန် ဗြဟ္မာဘုံမှာ ဗကဆိုတဲ့ မဟာဗြဟ္မာကြီးရှိတယ် ။ သူက ရှေးဘဝ ရသေ့ပြုပြီး ကသိုဏ်း ပရိကံကို ပြုလို့ စတုတ္ထဈာန်ကိုရခဲ့တယ် ။ အဲ့ဒီ့ ဈာန်သင်္ခါရ၏ အစွမ်းကြောင့် ဝေဟပ္ဖိုလ်ခေါ်တဲ့ စတုတ္ထဈာန်ဘုံမှာဖြစ်ခဲ့တယ် ။ အဲ့ဒီ့ဘုံမှာ ကမ္ဘာပေါင်း ငါးရာပတ်လုံး တည်နေခဲ့တယ် ။ အဲ့ဒီ့ ဘုံမှာ တတိယဈာန်ကို ပွားစေခဲ့လို့ အဲ့ဒီ့ဘဝမှ စုတိတဲ့အခါ သုဘ ကိဏှာဆိုတဲ့ တတိယဈာန်ဘုံမှာ ၆၄ ကမ္ဘာ အသက်ရှည်တဲ့ ဗြဟ္မာကြီးဖြစ်ခဲ့တယ် ။ အဲ့ဒီ့ဘဝမှာလဲ ဒုတိယဈာန်ပွားစေခဲ့လို့ အဲ့ဒီဘုံမှ စုတေတဲ့အခါ အာဘဿရာဆိုတဲ့ ဒုတိယဈာန် ဘုံမှာ ရှစ်ကမ္ဘာ အသက်ရှည်တဲ့ ဗြဟ္မာကြီး ဖြစ်ခဲ့ပြန်တယ်။ အဲ့ဒီ့ဘဝမှာလဲ ပထမဈာန်ကို အထူးအမြတ် ပွားစေခဲ့တဲ့အတွက် အဲ့ဒီ့ဘုံမှ စုတေတဲ့အခါ ပထမဈာန်ဘုံမှာ မဟာဗြဟ္မာကြီး ဖြစ်နေပါတယ် ။ အစပထမတုန်းကတော့ မည်သည့် ကုသိုလ်ကြောင့် မည်သည့်ဘုံမှာ ဖြစ်ခဲ့တယ် ။ မည်မျှ အသက်ရှည်တယ်ဆိုတာ သိခဲ့တယ် ။ ကာလကကြာတော့ အဲ့ ဒါကိုမေ့ပြီး သူ့ဘဝဟာ မအို မသေ ထာဝရမြဲနေတယ်လို့ အထင်အယူ ရှိလာပါသတဲ့ ။ အဲ့ဒါကို မူလပဏ္ဍာသ ပါဠိ ( ၄၀၁ ) မှာ ဒီလို ပြထားပါတယ် ။
ဘိက္ခဝေ ရဟန်းတို့ တေနခေါန သမယေန ။ ထိုသို့ငါသည် ဥက္ကဋ္ဌမြို့အနီး သုဘဂ တော၌ သီတင်းသုံးနေစဉ် ကာလ၌ ။ ဗကဿ ဗြဟ္မုနော ။ ဗကဗြဟ္မာအား ။ ဧဝရူပံ ။ ဤသို့ သဘောရှိသော ။ ပါကကံ ။ ယုတ်ညံသော ။ ဒိဋ္ဌိဂတံ ။ အယူမှာသည် ။ ဥပန္နံဟောတိ ။ ဖြစ်ပေါ်၏ ။ ဣဒံနိစ္စ ဤကိုယ် ဤဌာနသည် မြဲ၏ ။ ဣဒံဓုဝံ ဣဒံသဿတံ ။ ဤကိုယ် ဤဌာနသည် ခိုင်ခန့်၏ ။ အမြဲတမ်း တည်၏ ။ ဣဒံ ဝေကလံ ။ ဤကိုယ် ဤဌာနသည် လိုလေသေးမရှိ ပြည့်စုံ၏ ။ ဣဒံ အစဝနဓမ္မံ ဤကိုယ် ဤဌာနသည် စုတေခြင်းမရှိ သေခြင်းသဘောမရှိ ။ ဣဒံ နဇာယတိ နဇီယတိ နမီယတိ ဤကိုယ် ဤဌာနသည် မဖြစ် မအို မသေ ။ န စဝတိ နဥပဇ္ဇတိ မစုတေ ကပ်ရောက်၍မဖြစ် ။ ဣတော စ ပနညံ ဥတ္တရိ နိဿရဏံ နတ္ထိ ဤကိုယ် ဤဌာနမှ တစ်ပါးဖြစ်သော ထွက်မြောက်ရာလဲ မဖြစ်တော့ပြီ ။ ဣတိ ဤသို့ အယူမှား ဖြစ်ပေါ်၏ - လို့ ပြဆိုထားပါတယ် ။
အဲ့ဒီအခါမှာ အဲ့ဒီ့ ဗြဟ္မာကြီးရဲ့ မိစ္ဆာအယူကို ဖြေရှင်းပယ် ဖျောက်ဖို့ မြတ်စွာဘုရားက အဲ့ဒီ့ ဗြဟ္မာဘုံကို အဘိညာဉ် တန်ခိုးဖြင့် ကြွတော်မူပါတယ် ။ အဲ့ဒီ့ရောက်တဲ့အခါကြတော့ ဗကဗြဟ္မာကြီးက မြတ်စွာဘုရားကို ဒီလိုဖိတ်ခေါ်တယ် ။ လာပါအရှင်ဂေါတမ ကောင်းသော လာခြင်းဖြစ်ပါပဲ ။ ဒီကိုလာဖို့အလှည့်က နောက်ကျတကိုး ။ ဒီဘုံက မြဲပါတယ် ။ ခိုင်ခန့်ပါတယ် ။ အမြဲတမ်း တည်နေပါတယ် ။ လိုလေသေးမရှိ ပြည့်စုံပါတယ် ။ စုတေခြင်းသဘောမရှိပါ ။ ဒီဘုံ ဒီဌာနမှာ မဖြစ် မအို မသေပါ မစုတေပါ ။ ကပ်၍ မဖြစ်ပါ ။ ဒီဌာနမှတစ်ပါးလဲ လွန်ကဲထူးမြတ်သော ထွက်မြောက်ရာ မရှိတော့ပါ ။ လို့ ဖိတ်ခေါ်ပါတယ် ။
ဒီတော့ မြတ်စွာဘုရားက အခြားဗြဟ္မာတွေအား ပြောကြားပါတယ် ။ အို ဗြဟ္မာတို့ ဗကဗြဟ္မာဟာ မသိမှု - သိမှားမှု အဝိဇ္ဇာ ကြီးမားလှ၏ ။ မမြဲတာ မခိုင်တာ မတည်တာကိုပင် မြဲသည် ခိုင်သည် တည်သည်ဟု ဆိုဘိ၏ ။ မပြည့်စုံတာကို ပြည့်စုံတယ်ဟု ဆိုဘိ၏ ။ စုတေခြင်း သေခြင်းသဘောရှိသည်ကိုပင် စုတေခြင်း သေခြင်းသဘောမရှိဟု ဆိုဘိ၏ ။ ဖြစ်ရာ အိုရာ သေရာ စုတေရာ ကပ်၍ဖြစ်ရာ ဌာနကိုပင် ဤဌာနမှာ မဖြစ် မအို မသေ မစုတေ ကပ်၍မဖြစ်ဟု ဆိုဘိ၏ ။ ဤဌာနမှတခြား တစ်ပါး လွန်ကဲထူးမြတ်သော ထွက်မြောက်ရာ ရှိနေပါလျက် မရှိဟု ဆိုဘိ၏ ။ ထို့ကြောင့် မသိမှု အားကြီးလှသည် - ဟု မြတ်စွာဘုရားက မိန့်ကြတော်မူပါတယ် ။
ဒီလိုမိန့်တော်မူတဲ့အခါ ဗကဗြဟ္မာက သူ့စကား မှန်တဲ့အကြောင်း သူ့ဌာနမှတစ်ပါး ထွက်မြောက်ရာမရှိတဲ့အကြောင်း တခြားထွက်မြောက်ရာကို မျှော်လင့်ပြီး အားထုတ်နေလျှင် ဆင်းရဲပင်ပန်းရုံမျှသာ ရှိမည့်အကြောင်း သူ့ဌာနက ပထဝီ အာပေါ တေဇော ဝါယော နှင့် ဘူတ ဒေဝ ပဇာပတိ တို့ကို လက်ခံသိမ်းပိုက်လျှင် အနီးနေသူ၏ နောက်လိုက်အဖြစ်ဖြင့် နေရမည့်အကြောင်း သူက အလိုရှိတိုင်း စီမံဖန်ဆင်း နိုင်ကြောင်း များကို ပြန်ပြောပါတယ် ။
ဒီတော့ မြတ်စွာဘုရားက ဗကဗြဟ္မာ သင်၏ အကျိုးပေးပုံနဲ့ တန်ခိုးအစွမ်းကို ငါသိပါတယ် ။ နေတစ်စင်းနှင့် လတို့ထွန်းလင်းရာ အရပ်ကို စကြာဝဠာတစ်ခုဟုခေါ်သည် ။ အဲ့ဒီလို စကြာဝဠာတစ်ထောင်မှာ သင်၏အလိုအတိုင်းဖြစ်နိုင်သည် ။ ( သူ၏စကားကို သူ့အောက် ဗြဟ္မာများ နတ်များက နာခံကြသည်ဟု ဆိုလို၏ ) သင့်ဘုံထကိ မြင့်မြတ်သော အာဘဿရာ ဘုံဆိုတာ ရှိသည် ။ အဲ့ဒီ့ဘုံကို သင်မသိဘူး ။ သင်ဟာ တစ်ချိန်က အဲ့ဒီ့ဘုံမှာ ဖြစ်ခဲ့တယ် ။ အဲ့ဒီ့ဘုံမှ စုတေပြီး သင်ဟာ ဒီဘုံမှာ ဖြစ်နေတယ် ။ ကာလကြာမြင့်သွားသောကြောင့် အဲ့ဒီ့ဘုံ ဖြစ်ခဲ့တာကို၌ သင်မေ့သွားတယ် ။ အဲ့ဒီ့အကြောင်းကို ငါသိတယ် ။ အဲ့ဒီ့ အဘဿရာဘုံထက် မြင့်မြတ်သော ဝေဟပ္ဖိုလ် ဘုံဆိုတာလဲ ရှိတယ် ။ အဘိဘူမည်သော အသညသတ်ဗြဟ္မာ အပေါင်းလဲ ရှိတယ် ။ အဲ့ဒီ့ ဗြဟ္မာဘုံတွေကို သင်မမြင်ဘူး ။ ငါသိတယ် ။ မြင်တယ် ။ ဒါကြောင့် ငါဟာ သင့်အောက်လဲ မကျဘူး သင်နှင့် တန်းတူလဲမဟုတ်ဘူး ။ သင့်ထက် မြင့်မြတ်တယ် ။ စသည်ဖြင့် ထုတ်ဖေါ်ပြီး မိန့်ကြားတော်မူပါတယ် ။
နောက်ပြီးတော့ ဗကဗြဟ္မဟာ ရှေ့ဘဝတွေက အသက်ရှည်ကြောင်း ကောင်းမှုတွေကို ပြုခဲ့တဲ့ အကြောင်းများကိုလဲ ထုတ်ဖေါ်ပြီးဟောကြားတော်မူပါတယ် ။ အဲ့ဒီလို ရှေးဟောင်းနှောင်းဖြစ်တွေကို ထုတ်ဖေါ်ပြတော့ ဗကဗြဟ္မာက ဟုတ်ကောင်း ဟုတ်ပေလိမ့်မယ်လို့ နည်းနည်း ယုံကြည်သက်ဝင်လာတယ် ။ ဒါတောင် စိတ်နှလုံး တုံးတုံးကျ ယုံကြည်တာ မဟုတ်သေးဘူး ။ သူက ပိုပြီးတန်ခိုးကြီးတယ်လို့ ထင်နေသေးတယ် ။ ဒါကြောင့် သူက ဘယ်သူမှ မမြင်ရအောင် တန်ခိုးဖြစ် ပုန်းကွယ်လိုက်တော့မလို့ ပြောတယ် ။ဒီတော့ မြတ်စွာဘုရားက ကောင်းပြီ ဗကဗြဟ္မာ တက်နိုင်လျှင် ပုန်းကွယ်ပါ -လို့ မိန့်တော်မူပါတယ် ။ ဗကဗြဟ္မာက သူ့အစွမ်းရှိသမျှ မြတ်စွာဘုရားနှင့် အခြားဗြဟ္မာတွေ မမြင်ရအောင် ပုန်းကွယ်ပါတယ် ။ အခါတိုင်းဆိုရင် သူ့ကို အခြားဗြဟ္မာတွေက မမြင်ရဘူး ။ သူက ပြမှတာ မြင်ရတယ် ။ ယခုတော့ မြတ်စွာဘုရားက မပျောက်မကွယ်နိုင်အောင် အဓိဋ္ဌာန် ပြုထားပါတယ် ။ ဒါကြောင့် အခြားဗြဟ္မာတွေကပါ ဗကဗြဟ္မာကို မြင်နေကြတယ်။ ဟော ဗကဗြဟ္မာကြီး ဘယ်နေရာမှာ ထိုင်နေတယ် ။ ရပ်နေတယ် ။ စသည်ဖြင့် အခြားဗြဟ္မာတွေက ပြောကြတယ် ။ အဲ့ဒီလို ဗကဗြဟ္မာမပုန်းကွယ်နိုင်အောင် ထင်ရှားတဲ့အခါမှာ မြတ်စွာဘုရားက ငါပုန်းကွယ်မယ်လို့ မိန့်တော်မူပြီး အဲ့ဒီ့ဗြဟ္မာတွေရဲ့ အနီးမျက်မှောက်မှာပဲ တန်ခိုးဖြင့် ပုန်းကွယ်နေတော်မူပါတယ် ။ ဗြဟ္မာတွေက မမြင်ရပေမယ့် အနီးမျက်မှောက်တွင်ပဲ ရှိတယ်ဆိုတာကို သိရအောင်လို့ တရားဂါတာတစ်ပုဒ်ကိုလဲ ရွတ်ဆိုဟောကြားတော်မူပါတယ် ။
ဘဝေဝါဟံ ဘယံ ဒိသွာ ။ ဘဝဉ္စ ဝိဘဝေသိနံ။
ဘဝံ နာဘိဝဒိံ ကဉ္စိ ။ နန္ဒိဉ္စ န ဥပါဒိယိံ ။
ဘဝေ - ကာမ ရူပ အရူပ ဟူသော သုံးပါသော ဘဝ၌ ။ ဘယံ - ဖြစ်ခြင်း အိုခြင်း သေခြင်း အစရှိသော ကြောက်ဖွယ် ဘေးကို ။ ဒိသွာ ဧဝ - မြင်သောကြောင့်သာလျှင် ။ ဝိဘဝေသီနံ - ဘဝကင်းရာ ( နိဗ္ဗာန် ) ကို ရှာမှီးသော ပုဂ္ဂိုလ်တို့၏ ။ ဘဝဉ္စ - ဘဝ၌ သာလျှင် ဖြစ်နေရခြင်းကိုလဲ ။ ဒိသွာဧဝ - မြင်သောကြောင့်တာလျှင် ။ ကဉ္စိဘဝံ - တစ်စုံတစ်ခုသော ဘဝကိုမျှ ။ အဟံ - ငါသည် ။ နာဘိဝဒိံ - မချီးမွှမ်းသတည်း ။ နန္ဒိဉ္စ - ဘဝ၌ နှစ်သက်ပျော်ကာ တွဟ်တာသော တဏှာကိုလဲ ။ န ဥပဒိယိံ - ဆုပ်ကိုင်မထားပဲ စွန့်လွှတ်ခဲ့ပေတသည်း ။ လို့ ရွတ်ဆို ဟောကြားတော်မူပါတယ် ။
ဒီဂါထာ အလွန်လေးနက်တဲ့ အဓိပ္ပါယ်ရှိပါတယ် ။ ဗကဗြဟ္မာက သူ့ဘဝ သူ့ဌာနကို ကောင်းလှပြီး မအိုတော့ဘူး မသေပျောက်တော့ဘူး ဒါထက် ကောင်းတဲ့ တရား ကောင်းတဲ့ ဌာနလဲ မရှိဘူးလို့ အထင်ရှိနေတယ် ။ ဒီလိုထင်တဲ့ အခြားဗြဟ္မာတွေလဲ နည်းလှမယ်မဟုတ်ဘူး ။ ဘာကြောင့်လဲ ဆို သူတို့က ကမ္ဘာနဲ့ ချည်ပြီးသက်ရှည်နေတော့ မသေတော့ဘူးလို့ ထင်စရာ ဖြစ်နေပါတယ် ။ လူ့လောကမှာတောင် အသက် တစ်သိန်းတန်းက ကျော်တဲ့အခါမှာ လူတွေဟာ အနိစ္စသဘော သေခြင်းတရား မြင်ခဲတဲ့အတွက် ဘုရားမပွင့်ဘူးလို့ အဆိုရှိပါတယ် ။ ယခုနေအခါမှာတောင် အချို့လူတွေဟာ အရွယ်ကလဲ ကောင်းတုန်းမှာ အလပ်ြအကိုင် ပစ္စည်း အခြွေအရံ စသည်တွေကလဲ အဆင်ပြေနေမယ်ဆိုရင် အိုခြင်း နာခြင်း သေခြင်းဆိုတာ သူတို့နဲ့ မဆိုင်သလို ထင်နေတက်ကြတယ် ။
ဗကဗြဟ္မာဟာ အသက်ရှည်ကြောင်း ကံကို ဆည်းပူးတဲ့အချိန်မှာတုန်းက ရသေ့ပြုပြီး သမထဘာဝနာကို အထုတ်ခဲ့တယ် ။ အဲ့ဒါဟာ သာမည ရည်ရွယ်ချက်နဲ့မတူဘူး ။ ဇာတိ ဇရာ ဗျာဓိ မရဏဿ ပဋိသန္ဓေ တည်နေခြင်ဖြင့် အိုရခြင်း နာရခြင်း သေရခြင်း အန္တံ အဆုံးဖြစ်သော တရားထူးကို ပြုအံ့ဟူ၍ ရည်ရွယ်လျက် တောထွက် ရသေ့ပြုကာ ဈာန် သမာပတ်တို့ ဖြစ်စေပြီး ဈာန်ဟူသော ပျော်မွေ့ခြင်းဖြင့် အချိန်ကုန်စေတယ်လို့ ဆိုထပါတယ် ။ ဒါကြောင့် အဲ့ဒီ့တုန်းက ရထားတဲ့ ဈာန်နဲ့ နောက်ကာလမှာရတဲ့ ဗြဟ္မာဘဝကို လမ်းဆုံးတရား အမြတ်တရားလို့ ယူဆထားကြောင်း ထင်ရှားပါတယ် ။ ဒါကြောင့် မြဲတယ်လို့ ချီးမွှမ်းခြင်းဖြစ်ပါတယ် ။
မြတ်စွာဘုရားက ဗကဗြဟ္မာရဲ့ဘဝကို မချီးမွှမ်းဘူး ။အဲ့ဒါထက် မြင့်မြတ်တဲ့ ဗြဟ္ဗာဘဝတွေကိုလဲ မချီးမွှမ်းဘူး ။ ဗြဟ္ဗာတွေဟာ အိုခြင်းဆိုတာလဲ မထင်ရှားဘူး ။ ဒါပေမယ့် အသက်တမ်းကုန်တဲ့အခါမှာ သေကြရမှာချည်းပဲ ။ ဒီလို ဘဝအပြစ်တွေကို မြင်တော်မူတဲ့အတွက် မြတ်စွာဘုရားက ဘဝကို မချီးမွှမ်းတာပဲ ။ မချီးမွှမ်းရုံတင်မကပါဘူး ။ ကဲ့လဲ ကဲ့ရဲ့ ရှုတ်ချတော်မူပါတယ် ။ တစ်ဘဝဖြစ်ရင် အိုနာသေခြင်း ဆင်းရဲကို တစ်ကြိမ်တွေ့ရမယ် ။ ဆယ်ဘဝဆိုရင် ဆယ်ကြိမ် ။ ဘဝတစ်ရာဆို တစ်ရာတွေ့မယ် စသည်ဖြင့် ကဲ့ရဲ့ရှုချတော်မူပါတယ် ။ ဒေသနာ၏ အဆုံး၌ ဒေသနာကို အစဉ်လျောက်သဖြင့် ဝိပဿနာ ကိုယ်ဝန်ကို ယူစေကုန်၍ တစ်သောင်းခန့်မျှသော ဗြဟ္မာတို့သည် မဂ်ဖိုလ်ဟူသော အမြိုက်အဖျော်ကို သောက်ကြလေကုန်ပြီ ။ လို့ အဲ့လို ဖွင့်ဆိုထားပါတယ် ။ အဲ့ဒီမှာ ဝိပဿနာကိုယ်ဝန်ကို ယူစေတယ်ဆိုတဲ့စကားကို အထူးပြုပြီး မှတ်ထားရမယ် ။ တရားနာရင်း မဂ်ဖိုလ်ရောက်တယ်ဆိုတာ ဒီပုံ ဒီနည်းချည်းပါပဲ ။ တရားနာရင်း ဝိပဿနာ ရှုပြီး ရောက်ကြတာချည်းပါပဲ ။
ယခုပြောခဲ့တဲ့ ဗက ဝတ္ထုထဲမှာ စသိစေလိုရင်းကတော့ ရူပဗြဟ္မာဘဝကို သေခြင်းကင်းတဲ့ အမြတ်ဆုံးနေရာလို့ ထင်နေတယ် ။ အဲ့ဒါ အဝိဇ္ဇာပဲ ။ အဲ့ဒီ့ အဝိဇ္ဇာကြောင့် ဆဏှာ ဥပါဒါန်ဖြစ်ပြီး ရူပ စတုတ္ထဈာန် သင်္ခါရကမ္မဘဝတွေ ဖြစ်ခဲ့တယ်။ အဲ့ဒီ့ ကမ္မဘဝကြောင့် ဝေဟပ္ဖိုလ်ဘုံ ရောက်ခဲ့တယ်။ အဲ့ဒီမှာ တစ်ဖန် တတိယဈာန် သင်္ခါရ ကမ္မဘဝ ဖြစ်စေတဲ့အတွက် တတိယဈာန်ဘုံကို ရောက်ရတယ် ။ အဲ့ဒီမှာ ဒုတိယဈာန်သင်္ခါရ ကမ္မဘဝကို ဖြစ်စေခဲ့တဲ့အတွက် ဒုတိယ ဈာန်ဘုံကို ရောက်ခဲ့တယ် ။ အဲ့ဒီမှာလဲ ပထမဈာန် ကမ္မသင်္ခါရကို ဖြစ်စေခဲ့တဲ့အတွက် ပထမဈာန်ဘုံမှာ မဟာဗြဟ္မာကြီးဖြစ်ပြီး အဲ့ဒီ့ဘုံဌာနကို မြဲတယ် စသည်ဖြင့် ယူဆစွဲလမ်းပြီး ပြောဆိုနေတယ် ။ ဒါတွေဟာ ဒီနေရာမှာ သိစေလိုရင်းပါပဲ ။
#htoohtoolay

Comments
Post a Comment