အရိယာ သူတော်စင်တို့၏ ရှုမှတ်နေထိုင်ရာ စိတ်တရား
----------------------------------------------------------
" အို အရှင်သာရိပုတ္တရာမထေမြတ် သောတာပန် ဖြစ်ပြီးတဲ့အခါ သောတာပန် ပုဂ္ဂိုလ်အနေနဲ့ ဘယ်တရားကို ဆက်ပြီး ရှုမှတ်ရပါသလဲ "
" ငါ့ရှင် မဟာကောဋ္ဌိက သောတာပန် ပုဂ္ဂိုလ်သည်လည်းပဲ ဒီဥပါဒါနက္ခန္ဓာတရား ငါးပါးကိုပင် အနိစ္စ ။ ဒုက္ခ။ အနတ္တ ဟု ဝိပဿနာ ရှုရပါတယ် ။ ဒီလိုရှုတော့ ဘာဖြစ်နိုင်လဲဆိုရင် သကဒါဂါမ် ဖြစ်သွားနိုင်ပါတယ် "
" သကဒါဂါမ် ဖြစ်ပြီးယင်တော့ကော ဘယ်တရားကို ရှုမှတ်ရပါအုန်းမလဲ "
" ငါ့ရှင် ကောဋ္ဌိက သကဒါဂါမ်လည်း ဒီဥပါဒါနက္ခန္ဓာတရား ငါးပါးကို ဝိပဿနာ ရှုရမှာပဲ ။ ဒီလိုရှုယင် သူလည်း အနာဂါမ် ဖြစ်မယ် "
" ငါ့ရှင် သာရိပုတ္တရာ အနာဂါမ် ဖြစ်ပြီးယင်ကော ဘယ်တရားကို ရှုမှတ်ရပါသလဲ "
" ငါ့ရှင် ကောဋ္ဌိက အနာဂါမ် ဖြစ်သူလည်း ဒီ ဥပါဒါနက္ခန္ဓာတရား ငါးပါးကိုပင် ဝိပဿနာရှုရပါတယ် ။ ဒီလိုရှုယင် သူလဲ ရဟန္တာဖြစ်မယ် "
" ရဟန္တာ ဖြစ်ပြီးယင်ကော ဘယ်တရားကို ရှုမှတ်ရပါသေးသလဲ "
" ငါ့ရှင် ကောဋ္ဌိက ရဟန္တာလည်း ဒီဥပါဒါနက္ခန္ဓာငါးပါးကို ပဲ အနိစ္စ ။ ဒုက္ခ ။ အနတ္တ လို့ နည်းလမ်းမှန်စွာ ဝိပဿနာ ရှုရပါတယ် "
ဤနေရာ ၌ မှတ်ရန်မှာ ရဟန္တာသည် ဝိပဿနာ ရှုသည့်အတွတ် မပြည့်စုံသေးသော တရားအသစ် တိုးတက်ခြင်းလည်းမရှိပါ။ ပြည့်စုံပြီးသားတရားအဟောင်း လည်း တိုးပွားခြင်းမရှိနိုင်ပါ။
ရဟန္တာသည် ခန္ဓာငါးပါး တရားကို ဝိပဿနာရှုခြင်းဖြင့် ရရှိသော အကျိုးသည် " ဒိဋ္ဌဓမ္မသုခဝိဟာရ " ခေါ်သော မျက်မှောက်ဘဝမှာ ချမ်းသာစွာ နေရခြင်းအကျိုးကိုလည်းရရှိ၏ ။ ချမ်းသာစွာ နေရခြင်းဟူသည် ရဟန္တာပုဂ္ဂိုလ် ဖြစ်ပေမဲ့လို့ ဝိပဿနာ မရှုဘဲလျက် အလွတ်နေခြင်းသည် အာရုံခြောက်ပါးတို့က နှောက်ယှက်သောကြောင့် မချမ်းမြေ့စရာ ဖြစ်ရ၏ ။ စိတ်မချမ်းမြေ့ခြင်းဆိုရာ၌ စိတ်နှလုံး မသာမယာ ဖြစ်ခြင်းမျိုးမဟုတ် ။ အလိုမရှိဘဲလျက် အာရုံအမျိုးမျိုးတို့ကို မပြတ် တွေ့နေရသည့်အတွက် စိတ်သက်သာရာ မရခြင်းကို ဆိုလိုသည်။
ရဟန္တာသည် ပေါ်လာသော အာရုံတို့ကို မပြတ်ရှုမှတ်နေရမှ ဝိပဿနာ သုခကိုရရှိပြီး ချမ်းသာစွာ နေရပါ၏ ။ အဆက်မပြတ်ရှုမှတ်ခြင်းကြောင့် အနိစ္စ ။ ဒုက္ခ ။ အနတ္တ သဘောကို အမှန်အတိုင်းမျက်မှောက်သိသော သမ္ပဇဉ်ဉာဏ် ကို ဖြစ်ပေါ်စေပြီး ထို သတိသမ္ပဇဉ်ဉာဏ် မပျက် ပွားနေသော ရဟန္တာပုဂ္ဂိုလ်ကို " သတဝိဟာရီပုဂ္ဂိုလ် " လို့လဲ ခေါ်၏ ။ ထိုပုဂ္ဂိုလ်မှာ ဖလသမာပတ်ကို အလိုရှိတိုင်း အချိန်မရွေး ။ ကာလ အပိုင်းအခြားမရွေး အလိုရှိသလောက် ဝင်စားနိုင်လေ၏ ။
ထို့ကြောင့် အရှင်သာရိပုတ္တရာမထေမြတ် ဖြေကြားသည်မှာ -
" ငါ့ရှင် ကောဋ္ဌိက ရဟန္တာပုဂ္ဂိုလ်၏ အရဟတ္တဖိုလ်အထက်၌ ပြုဖွယ်ကိစ္စသည် မရှိသည်သာတည်း ။ ပြုအပ်ပြီးသော မဂ်ကိုလဲ တဖန် ဆည်းပူးဖွယ် ကိစ္စသည် မရှိသည်သာတည်း ။ သို့သော်လည်း ဤရအပ်ပြီးသော တရားတို့သည် ဤရအပ်ပြီးသော တရားတို့ကို ဖြစ်စေကုန်သည် ရှိသော် ပွားများအပ်ကုန်သည်ရှိသော် အကြိမ်များစွာ ပြုအပ်ကုန်သည်ရှိသော် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်းငှာလည်းကောင်း သတိသမ္ပဇဉ် အလို့ငှာလည်းကောင်း ဖြစ်ကုန်၏ "
( သီလဝန္တသုတ် ။ သုတဝန္တသုတ် )
မှတ်သားရန် စာချိုး -
သီလ သုတ စုံသူမှာ ဘယ်ဟာရှုရပါသနည်း။
စွဲလမ်းနိုင်ရာ ငါးခန္ဓာ မှန်စွာရှုရပါသတည်း။
မမြဲဆင်းရဲ ရောဂါစွဲ ပေါက်ကွဲ အိုင်းတူသည်။
ငြောင့်မကောင်းမှု ဖျားနာဟု မှတ်ရှုသူစိမ်းမည်။
ပျက်စီး သုည အနတ္တ ရှုရဆယ့်တစ် မည်။
သို့ရှုမြင်သန် သောတာပန် အမှန်ဖြစ်နိုင်သည်။
သောတာပန်ကား ဘယ်တရား ရှုပွားရသနည်း။
သောတာပန်လည်း ခန္ဓာပဲ ရှုမြဲနည်းတူသည်။
သို့ရှုမြင်သန် သကဒါဂါမ် အမှန်ဖြစ်နိုင်သည်။
သကဒါဂါမ်ကား ဘယ်တရား ရှုပွားအပ်သနည်း။
သကဒါဂါမ်လည်း ခန္ဓာပဲ ရှုမြဲနည်းတူသည်။
သို့ရှုမြင်သန် အနာဂါမ် အမှန်ဖြစ်နိုင်သည်။
အနာဂါမ်ကား ဘယ်တရား ရှုပွားရသနည်း။
အနာဂါမ်လဲ ခန္ဓာပဲ ရှုမြဲနည်းတူသည်။
သို့ရှုမြင်သန် အရဟံ အမှန်ဖြစ်နိုင်သည်။
ရဟန္တာကား ဘယ်တရား ရှုပွားရပါနည်း။
ရဟန္တာလဲ ခန္ဓာပဲ ရှုမြဲနည်းတူသည်။
သို့ရှုသော်ငြား သစ်ဟောင်းကား တိုးပွားမရှိပြီ။
သတိသမ္ပဇဉ် အမြဲယှဉ် မျက်မြင်ချမ်းသာသည်။
စသည်ဖြင့် ဉာဏ်အတွင်း၌ ရှင်းလင်းစွာ မှတ်သားရပါ၏ ။
ရှင်းလင်းနိုင်ပါစေ။

Comments
Post a Comment