Skip to main content

ဂေါတမ မြတ်စွာဘုရား နှင့် ဝက်သား ( သုကရမဒ္ဒဝံ ) အကျဉ်းရှင်းတမ်း

ဂေါတမ မြတ်စွာဘုရား နှင့် ဝက်သား ( သုကရမဒ္ဒဝံ ) အကျဉ်းရှင်းတမ်း
-------
ယခုအချိန်အခါ၌ ဗုဒ္ဓထေရဝါဒနှင့်ဆက်လျှင်း၍ ဘာသာခြားများသည် သူ့အသတ်သတ်၍ ဘုန်းပေးတော်မူသော ဝက်သားကို စားသုံးကာ ဝမ်းတော်လာ၍ ပိရိနိဗ္ဗာန်စံရသည်ဟု နားလည်ထားကြသော်လည်း တစ်ချို့သော ဘာသာခြားများမှာမူ ကြမ်းတမ်းသောစကားများကို သုံးကာ ဘာသေ ညာသေဟူ၍ ပြောဆို ဝေဖန်မှုများရှိလာပါ၏ ။ ထိုအကြောင်းချင်းရာနှင့်ဆက်လျှင်း၍ အနည်းငယ် ရှင်းလင်းပေးရန်လိုအပ်လာသည်ဖြစ်သောကြောင့် မဟာပိရိနိဗ္ဗာန်နသုတ်ပါ သုကရမဒ္ဒဝံနှင့် ဆက်စပ်၍ အနည်းငယ် ရှင်းလင်းပေးလိုက်ရပါသည် ။ သို့သော် အစားအသောက်နှင့်ပတ်သတ်၍ ဗုဒ္ဓဘာသာ၌ အဓိကမကျသည်ကိုတော့ သိရှိရန်လိုအပ်ပေသည် ။ ယခု ဝက်သားနှင့် ပတ်သတ်၍ ရှင်းလင်းလိုက်ပါတော့၏ ။

အဌကထာဆရာများက သုကရမဒ္ဒဝန္တိနာတိတရုဏဿန နာတိဇိဏ္ဍဿ ဧကဇေဌကသုကရဿ ပဝတ္တမံသံ ဟု ဆိုထားကြောင်း တွေ့ရလေရာ အဓိပ္ပါယ်သည် အလွန်လည်း မငယ်သော အလွန်လည်းမအိုသော တစ်ကောင်သောဝက်ကြီး၏ ဝယ်သူမလာမီ ဖြစ်နှင့်သောအသားကို စီမံသည်။ တံကိရမုဒုစေ ဝသိနိဒ္ဓဥဟောတိ - ထိုအသားသည် နုလည်းနု၏ ညက်လည်း ညက်၏ ။ တံပဋိယာ ဒါပေတွာသာ ဓုကံပစာ ပေက္ခာတိအတ္တော - ထိုအသားကို စီမံစေပြီး၍ ဟု ပါရှိလေ၏ ။ သို့သော် ဧကေဆရာတို့ကမူ သုကရမဒ္ဒဝဟူသော ဤမည်သည့် နွားမှဖြစ်သော အရသာ ငါးမျိုး၏ အနှစ် အဆီဖြင့် ချက်နည်း အစီအရင်ကျအောင် ချက်အပ်သော နူးညံ့သောထမင်း၏ အမည်ဖြစ်၏ ။ ဥပမာ - နွားမှဖြစ်သော သောင်ဖွယ်ဟူရာ၌ ချက်ပြီးနွားနို့၏ အမည်ကဲ့သို့တည်း ။ ဤသို့ ဧကေဆရာတို့က ဆိုကြသည် ။

တစ်ဖန် ကေစိဆရာတို့ကမူ ရသာယနဆေးကျမ်း၌ လာသော ရသာယနဟအစားမျိုးသည် အသက်ရှည်နိုင်သောကြောင့် ဗုဒ္ဓမြတ်စွာ၏ ပိရိနိဗ္ဗာန်စံခြင်းသည် မဖြစ်ပါစေနဲ့ဟု ကြံ၍ ထိုသုကရမဒ္ဒေဝကို စီမံသည်ဟု ကေစိဆရာတို့က ဆိုလေသည် ။

ကျမ်းစာတို့၌ သုကရမဒ္ဒဝနှင့် စပ်၍ သုံးဝါဒရှိသည့်အပြင် အိန္ဒိယနိုင်ငံဝယ် ထင်ရှားကျော်ဇောသော အင်္ဂလိပ်မဂ္ဂဇင်းတစ်စောင်၌ ပါမောက္ခ " လလစ်မိုဟန်ကား " အမ်အေဘီ အယ်လ် ( Professor LaLit Mahan. Kar, Kavyatirtha, M.A , B.L. Modren reivew of July 1936 ) ရေးသားထားသောဝါဒတစ်မျိုးရှိသေး၏ ။ ထိုဝါဒကိုလည်း စဉ်းစားဖို့ရာ တင်ပြပေးပါအုန်းမည် ။

ထိုအကြောင်းမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခြင်း၏ အကြောင်းကို ရေးသားထားအပ်သော တရုတ်စာပေများ၌လည်းကောင်း မြတ်စွာဘုရား၏ နောက်ဆုံးအာဟာရနှင့် စပ်၍ ဝက်သားကို ဖေါ်ပြခြင်းမရှိပါ ။ မဟာပရိနိဗ္ဗာန်အကြောင်းကို ရေးသားရာ၌လည်းကောင်း သာဝကနယကျမ်းဝယ် စုန္ဒ၏ ဆွမ်းလှူပွဲကိုပြရာ၌လည်းကောင်း ဝက်သားဟူသော ပုဒ်ကို မပြပါ ။

သုကရသဒ္ဒါသည် ဝက် ဟူသောအနက်ကိုသာ ဟော၏ ။ ဝက်၏ အသားဟူသောအနက်ကို သောကရ ပုဒ်ကသာ ဟောပါသည် ။ ကစ္စည်း ဏရာဂါတေဿဒ မညတ္တေသုစ သုတ်ကိုကြည့်ပါ ။ မဒ္ဒဝံသဒ္ဒါလည်း အသားဟူသော အနက်ကိုမဟော ။ မုဒုနော ဘာငေါ မဒ္ဒဝံ နှင့်အညီ နူးးညံ့သောအရာဝတ္ထု၏ ဖြစ်ကြောင်းဖြစ်ရာ နူးနူးညံ့ညံ့ ပျော့ပျော့ပျောင်းပျောင်းအနက်ကို ဟော၏ ။ ထို့ကြောင့် သုကရ + မဒ္ဒဝ နှစ်ပုဒ်ပေါင်းသော်လည်း ဝက်သားဟု အနက်မဖြစ်ပါ ။

သုကရကဏ္ဍ ဟုခေါ်ဝေါ်အပ်သော သစ်ဥသစ်ဖု တစ်မျိုးဖြစ်၏ ။ ထိုသစ်ဥသစ်ဖုကို တောဝက် ဟူသောအမည်ဖြင့် ခေါ်ဝေါ်ကြ၏ ။ ဥတ္တရဒေသတွင် ကဏ္ဍ-ကဏ္ဍမူလဖလ ဟုခေါ်ဝေါ်အပ်သော သစ်ဥတစ်မျိုးရှိသေးသည် ။ အိန္ဒိယနိုင်ငံ၌ သူတော်သူမြတ်တို့၏ အစာဖြစ်သည် ။ အမွေးထူ၍ ညိုမှောင်သောအရောင်ရှိသဖြင့် မြေကြီးမှထွက်သောအခါ ဝက်နှင့်တူ၏ ။ ထို့ကြောင့် သုကရဟု ခေါ်ဟန်တူသည် ။ ပါဝါမြို့တည်ခဲ့ရာ ပဒြောန နယ်မြေတွင် အနှံ့အပြားပေါက်၏ ။ ရောဂါဘယများကို ဓါစာဖြင့် ကုသော ဟိန္ဒူဆေးဆရာတို့သည် ထိုသစ်ဥကို အလွန်နှစ်သက်လျက် ရောဂါအတွက် အသုံးပြုလေ၏ ။ အရေကျဲကျဲကျို၍ ဝမ်းမီးညံ့သောသူများကို တိုက်ရသည်ဟုဆိုသည် ။

စုန္ဒဒါယကာသည် မြတ်စွာဘုရာအား လှူအပ်သော သစ်ဥသစ်ဖု သို့မဟုတ် သစ်မြတ်ကို အရသာရှိအောင် များစွာအမွှမ်းတင်၍ ပြင်ဆင်ထားပါလိမ့်မည် ။ ထို့ကြောင့် ထိုဥအမျိုးကို နွားနို့နှင့် ပျစ်အောင်ကျို၍ စီရင်အပ်သော ပါယသ နို့ဃနာ တစ်မျိုးသည် သုကရမဒ္ဒေဝပင် ဖြစ်ပေသည်ဟု ထိုပါမောက္ခက ဆိုထားလေသည်ကို လေ့လာတွေ့ရှိရလေသည် ။

သီဟမည်သောစစ်သူကြီးသည် ဘုရားအထံတော်မှ တရားနာရ၍ သောတပန်ဖြစ်ပြီးနောက် နက်ဖြန် မြတ်စွာဘုရားကို ရဟန်းသံဃာများနှင့်အတူ ဆွမ်းဘုဉ်းပေး ကြွတော်မူရန် ဖိတ်မံ၍ ပြန်လာပြီးလျှင် ဝယ်သူမရောက်မီ ဖြစ်နှင့်သော ပသားများကို ဝယ်ဖို့ရန် တပည့်တစ်ယောက်ကို ဈေးသို့လွှတ်၏ ။ ထို့နောက် ညနေကပင် ချက်ပြုတ်တန်သမျှကို ချက်ပြုတ်၍ နံနက်အခါ၌ ဆွမ်းခဲဘွယ်ဘောဇဉ်အားလုံးကို စီစဉ်ပြီးလျှင် ဆွမ်းဘုန်းပေးချိန်တန်ပါကြောင်း လျှောက်ထားပုံမှာ " ပဟုတံ ခါ ဒနိယံ ဘောဇနိယံ ပဋိယာဒါပေတွာ ဘဂဝ တောကာလံ အာရောစာပေတိ " ဟု ကျမ်းဂန်၌ဆို၏ ။ အသားဟင်းပါသော်လည်း ထိုအသားဟင်းသည် ဘောဇဉ်ငါးပါးတွင် ပါဝင်ပြီးဖြစ်သောကြောင့် အထူးမဆိုချေ ။

ဤ၌ကား ပဏီတံခါဒနီယံ ဘောဇနီယံ ပဋိယာဒါပေတွာ ဟု ဆိုပြီးနောက် ပတုကဉ္စသုကံရမဒ္ဒဝံ ဟုဆိုပြီးမှ ဘဂဝတော ကာလံအာရောစာပေတိ ဟုဆိုသည် ။ ဤသို့ သီးခြားဆိုသဖြင့် သုကရမဒ္ဒဝ သည် ဘောဇနီယံအရ ဘောဇဉ်ငါးပါးတွင် ပါဝင်သော မံသ မဟုတ်ဟု ကောက်ချက်ချစရာပင်ရှိ၏ ။

ထို့အပြင် နတ်တို့သည် သုကရမဒ္ဒဝ၌ နတ်သြဇာထည့်ကြ၏ ဟုဆို၏ ။ အခြားနေရာ၌ နတ်သြဇာထည့်လျှင် ဆွမ်း၌သာ ထည့်လေ့ရှိ၏ ။ စုန္ဒဒါယကာ၏ ဆွမ်းအလှူဝယ် ဆွမ်း၌ နတ်သြဇာမထည့်ပဲ ဤ သုကရမဒ္ဒဝ၌ ထည့်ကုန်ကြ၏ ။ နတ်သြဇာ စားကြသောနတ်တို့သည် အသားမစားကြ ။ မြတ်စွာဘုရား၏ နောက်ဆုံး အာဟာရသည် ဝက်သားဖြစ်လျှင် အသားမစားပဲ နတ်သြဇာကိုသာစားနေသော နတ်တို့က ဤဝက်သားဟင်း၌ နတ်သြဇာထည့်ရန် ကြံစည်မည်မဟုတ်ပါ ။ အသားမပါပဲလျက် နတ်သြဇာမဟုတ်သောကြောင့်သာ နတ်သြဇာထည့်ကြသည်ဟု ယူဆဖွယ်ရှိ၏ ။

သံဃာတော်များနှင့်တကွ ဗုဒ္ဓမြတ်စွာသည် ဆွမ်းဘုဉ်းပေးဖို့ ကြွတော်မူသောအခါ " ငါဘုရားကို သုကရမဒ္ဒဝဖြင့် ပြုစုလုပ်ကျွေးလော့ " ဟု မိန့်တော်မူပြီးလျှင် ဘုရားရှင်သည် သုကရမဒ္ဒဝကိုသာ ဘုဉ်းပေးတော်မူ၏ ။ ဆွမ်းကို ဘုဉ်းပေးတော်မမူ ။ ဝက်သားဟင်းဖြစ်လျှင် ဘုရားရှင်သည် နောက်ဆုံးအချိန်၌ ဝက်သားကိုချည်း ဘုဉ်းပေးတော်မူသည်ဟု ပြောစမှတ်ဖြစ်ပေလိမ့်မည် ။ ထို့ကြောင့် သုကရမဒ္ဒဝကို လေးလေးနက်နက်ဆင်ခြင်သောအခါ ဝက်ပျိုသားဟင်းမဟုတ်သည့်ဘက်မှ အားကောင်းနေသည်ကို တွေ့ရလေ၏ ။

အချုပ်အားဖြင့် တင်ပြရလျှင်မူ ကမ္ဘာ့သတ်သတ်လွတ် ချက်ပြုတ်နည်းများ စာအုပ်၌ ဦးစံလှရေးသားဖေါ်ပြထားသည်မှာ စဉ်းစားစရာကောင်းလှလေတော့သည် ။ ထိုသူ၏ အဆိုမှာ -

မဇ္ဈိမဒေသ ပါဝါမြို့တွင် နေထိုင်သူအပေါင်းတို့သည် သက်သတ်လွတ် စာသူများသာဖြစ်ကြကြောင်းကို ကျွန်တော်ကိုယ်တိုင် တွေ့မြင်သိရှိခဲ့ရပါသည် ။ ကျွန်တော်သည် သုကရမဒ္ဒဝ တည်းဟူသော ဘောဇဉ်တစ်မျိုးကို မြတ်စွာဘုရား ဘုဉ်းပေးတော်မူခဲ့ကြောင်း ။ ထိုအစာမှာ မည်သို့သော အစာဖြစ်သည်ကို သီဟိုဠ် ကျမ်းပြုဆရာများသည် မသ်နာားမလည်ရကား သီဟိုဠ်ဘာသာသို့ တွေးမိတွေးရာ ဘာသာမပြန်ဆိုပဲ သုကရမဒ္ဒဝ ဟူ၍ပင် ခေါ်ဝေါ်ဖေါ်ပြထားကြကြောင်း ။ မြန်မာနိုင်ငံ၌မူ ထိုအစာကို ဝက်ပျိုသားဟု ဘာသာပြန်ကြကြောင်းကို ပြောပြရာဝယ် ထိုမြို့ရှိ ခေတ်ပညာတက် ခေါင်းဆောင်အပေါင်းတို့က ကျနသေခြာစွာမသိသော ဝေါဟာရတစ်ခုခုကို ချွင်းချက်အနေဖြင့်သာ ဘာသာပြန်ဆိုရန် သင့်ကြောင်း ။ တွေးထင်ချက်ဖြင့် မည်သည့်အရာဖြစ်သည်ဟု တစ်ထစ်ချ ယုံကြည်စွဲလမ်းခြင်းသည် မသင့်လျော်ကြောင်း ။ မြန်မာနိုင်ငံ၌ ထိုပုဒ်ကို ဝက်ပျိုသားးဟု ဘာသာပြန်ဆ်ုလျက် ရေးသားဖေါ်ပြနေကြောင်းကို သိရသဖြင့် အထူး အံ့အားသင့်လျက် ဝမ်းနည်းမိကြကြောင်း ။ အဘယ်ကြောင့်ဆိုသော် တ်ဗက် မွန်ဂိုလီးယား ကိုရီးယား တရုတ် ဂျပန စသော တိုင်းပြည်များတွင် မှိုတစ်မျိုး သို့မဟုတ် သစ်ဥတစ်မျိုးမျိုး ဖြစ်တန်ရာသည်ဟူ၍သာ ဖေါ်ပြထားခြင်းကို တွေ့ရှိရကြောင်းနှင့် ပြန်ဆို ဖြေကြားကြပါသည် ။

ထို့နောက် ဆက်လက်၍ ရှင်းပြသည်မှာ သုကရပုဒ်ပါတိုင်း ပါတိုင်း၌ ဝက်ဖြစ်သည်ဟု မယူဆနိုင်ကြောင်း ၄င်းတို့နေထိုင်ရာ မဇ္ဈိဒေသတွင် သစ်ဥတစ်မျိုးရှိကြောင်း ထိုသစ်ဥ၏အမည်မှာ သုကရကန္ဒဖြစ်လျက် ထိုဥကို အမှုန့်ပြုလုပ်၍ ဟိန္ဒူလူမျိုးတို့၏ ဥပုသ်နေ့များနှင့် ရက်ကြီးအခါကြီးများတွင် ထောပတ် ဆီဥ သကြား သစ်စေ့ သစ်စံ စသည်များနှင့် ဟာလဝါပြုလုပ်ကာ တရားအားထုတ်သော ရသေ့ ယောဂီ တောမှီပုဂ္ဂိုလ်တို့အား လှူဒါန်းပြီးနောက် မိမိတို့လည်း မှီဝဲလျက် တရားအားထုတ်လေ့ရှိကြောင်း စသည်ဖြင့် ဇီဝဋ္ဌာယီ ဦးစံလှက မိမိလက်တွေ့ သုတေသနပြုခဲ့သည်ကို ရေးသားဖေါ်ပြထားကြောင်း လေ့လာတွေ့ရှိသမျှကို ဆက်စပ်၍ ရေးသားတင်ပြလိုက်ရပါတော့၏ ။

ဗဟုသုတ ရရှိကြပါစေခင်ဗျာ -

#htoohtoolay



Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...