မြန်မာပြည် သာသနာ
----
သာသနာနှစ် ၂၃၅ မှာ မြန်မာပြည်တောင်ပိုင်းကို ထေရဝါဒ သာသနာ ရောက်လာခဲ့ပါတယ် ။ ပုဂံအနီး မင်းနန်သူအရပ် ဘုရားသုံးဆူနဲ့ နန္ဒမည စေတီများအတွင်က ဆေးရေးရုပ်များကို ထောက်ပြီး ဆင်ခြင်မယ်ဆိုရင် သာသနာနှစ် ၁၀၀၀ ကျော် ၁၁၀၀ ( ခရစ်နှစ် ၄၅၆ - ၅၅၆ ) အတွင်း မြန်မာပြည် မြောက်ပိုင်းကို မဟာယာန ဗုဒ္ဓဘာသာ ရောက်နေပြီလို့ ဒီလို ယူဆရပါမယ် ။ ရဟန်းတို့ကတော့ အခုလို ရဟန်းမျိုးမဟုတ်ပဲ အရည်းကြီးတွေ ဖြစ်ဟန်တူတယ် ။
မဟာရာဇဝင်တော်ကြီးအရ ပုဂံပြည် တောင်သူကြီးအင်းလက်ထက် အရည်းကြီးတို့နဲ့ တိုင်ပင်ပြီး ပုထိုး ၅ လုံးတည်ရာမှာ နတ်ရုပ်လဲ မဟုတ် ဘုရားရုပ်ထုလဲ မဟုတ်ပဲ ဟိုမဟုတ် ဒီမဟုတ်ပုံစံတွေ ထုလုပ်ထားကာ ည နံနက် ထမင်းသေစာတွေ တင်ပြီး ကိုးကွယ်ကြတယ်ဆိုတဲ့ အရာကို ထောက်ခြင့်လို့ ဖြစ်စေ သာသနာနှစ် ၁၇၉၂ ( ခရစ် ၁၂၄၈) မှာ ထိုးထားသော နန္ဒမည စေတီအနီးမှာရှိတဲ့ ကျောက်စာများမှာ ကျောင်းနေ ပုဂ္ဂိုလ်တွေကို ည နံနက် ထမင်း သား(အမဲ ) သေစာပေးကပ်ရန်လို့ ဒီလိုအဆိုကို ထောက်ရင်ဖြစ်စေ အရည်းကြီးတို့က ကာမအလှူခံသဖြင့် လက်ထပ်မဲ့ သတို့သမီးကို ပန်းဦးလွှတ်ရတဲ့ ဓလေ့ထုံးစံကို ထောက်လို့ဖြစ်စေ အဲ့ဒီ့အချိန်အခါများက အရည်းကြီးရဟန်းတို့ဟာ ညစာ စားခြင်း သေရည် သေရက်သောက်ခြင်း မေထုန်အကျင့်ကို မှီဝဲခြင်း စတဲ့ ရဟန်းကောင်းတို့ မပြုလုပ်ထိုက်တဲ့ အရာတွေအားလုံးကို ပြုလုပ်နေကြောင်း ထင်ရှားပါတယ် ။
အနော်ရထာမင်းလက်ထက် သာသနာနှစ် ၁၆၀၁ ( ခရစ်နှစ် ၁၀၅၇ ) မှာ အရှင်အရဟံ ကြွလာတာက စပြီး မဟာယာန ဗုဒ္ဓဘာသာဟာ တဖြေးဖြေး ကွယ်ပျောက်လာခဲ့ရပါတယ် ။ ကွယ်ပျောက်တာမှာ လျင်လျင်မြန်မြန်ကို ကွယ်ပျောက်လာတာဖြစ်တယ် ။ အဲ့ဒီ့အခါမှာတော့ မြန်မာပြည် တစ်ပြည်လုံး ထေရဝါဒထွန်းကားလာခဲ့ပါတော့တယ် ။
မဟာယာနဂိုဏ်းမှာ သက္ကတ ဘာသာရင်း နဲ့ရှိပြီး တရုတ် စတဲ့ ဘာသာအမျိုးမျိုးဖြင့် ပြန်ဆိုထားတဲ့ ကျမ်းများစွာအနက်က ထင်ရှားတဲ့ ကျမ်းများမှာတော့ -
မဟာဝတ္ထု
လလိတဝိတ္တာရ
သဒ္ဓမ္မပုဏ္ဍရိက
သုခဝတီဗျူဟာ
ဗုဒ္ဓစရိတ
အဋ္ဌသာဟသိရိကပညာ ပါရမိတာ
စတ္တသာဟသိရိကပညာ ပါရမိတာ
ဝဇီရဆေဒိက ပညာပါရမိတာ
မူလမဇ္ဈိမကကာရိကာ
ဓမ္မသင်္ဂဟ
အဝဒါနဇာတက
ဒိဗျာဝဒါန
ဒသဘူမိကသုတ္တ
မဟာယာနသုတ္တလင်္ကာရ
ဗောဓိ သတ္တဘူမိ
လင်္ကာဝတာရသုတ္တ
သမာဓိ ရာဇသုတ္တ
သုဝဏ္ဍပဘာသ
ကရုဏာ ပုဏ္ဍရိကသုတ္တ
ဇာတကမာလာ
ရဋ္ဌပါလပရိပစ္ဆ
နာဂါနန္ဒ
သိဿလေခ
ကာရဏ္ဍဗျူဟာ
မဟာဗျုပ္ပတ္တိ
ဗောဓိသတ္တ အဝဒါနကာလပါလတာတို့ပဲဖြစ်ပါတယ် ။ အဲ့ဒီ့ကျမ်းတွေဟာ သာသနာနှစ် ၂၀၀ ခန့်ကနေ ၁၆၀၀ အထိ ရေးသားထားတဲ့ ကျမ်းများပဲ ဖြစ်ပါတယ် ။
( မြန်မာစွယ်စုံကျမ်း အပိုင်း ၈ ( ခ ) မြန်မာပြည် ဗုဒ္ဓသာသနာ ( ဦးကြီးဖေ ) - စာ ၄၆၅ မှ မှီငြမ်းရေးသားသည် )
#htoohtoolay

Comments
Post a Comment