Skip to main content

စက်ဆုပ်ဖွယ်အစု တောင်ပို့ကြီး

စက်ဆုပ်ဖွယ်အစု တောင်ပို့ကြီး
-----
တောင်ပို့ဆိုတာ ခြကောင်တွေ သယ်ယူလာတဲ့ မြေမှုန့်တွေ အစုအပုံပဲ ။ အဲ့ဒီ့မြေမှုန့်တွေဟာ ခြကောင်တွေ စွန့်ထားတဲ့ ဟာတွေပဲ ။ ဒီတော့ ခြကောင်ကလေးတွေက စွန့်ထားတဲ့ မြေမှုန့်အစုကို တောင်ပို့လို့ ခေါ်ရသလို ဒီကိုယ်ခန္ဓာကြီးဆိုတာကလဲ ဘုရား ပုစ္စေကဗုဒ္ဓါ ရဟန္တာ အရှင်မြတ်တွေက စွန့်ပစ်ထားတဲ့ ဆံပင် မွှေးညင်း အစရှိတဲ့ ၃၂ ကောဋ္ဌာသ အစုအဝေးမျှပဲ ဖြစ်နေပါတယ် ။ ဆံပင်ဆိုတာကို အရှည်ထားတဲ့သူကထား အတိုထားတဲ့သူကထားနဲ့ ကိုယ်သဘောကျသလို ထားပြီးတော့ ဒီဆံပင်ကို သာယာဖွယ်ဖြစ်အောင် ဖီးလိမ်းပြုပြင်နေကြတယ် ။ ဒါကြောင့် ဆံပင်ဟာ သာယာဖွယ်ဖြစ်ပါတယ်တဲ့ ။ ဒါတွေဟာ ဘုရားရဟန္တာတွေက စက်ဆုပ်ရွံရှာလို့ စွန့်ပစ်ထားတဲ့ အရာတွေတာ ဖြစ်ပါတယ် ။ တို့လူစုတွေက ဒါတွေကို သာယာဖွယ်ဖြစ်အောင် လုပ်ပြီး သာယာနေကြတာ ။ ကိုယ်က ကျွတ်ကျလာတဲ့အခါကြတော့ ရွံရှာတက်ကြတယ်ပေါ့ ။ ပိုဆိုးတာမှာ ထမင်းပန်ကန်ထဲများဝင်သွားရင် အဲ့ထမင်းတောင် ဆက်စားချင်စိတ်မရှိတော့ဘူးလေ ။ ဒါမျိုးနော် ။

ဆံပင်သာမဟုတ်သေးဘူး ။ ကိုယ်မှာ ပေါက်နေတဲ့မွှေးညင်း အပေါက်ကလေးတွေကိုလဲ လူတွေက သာယာကြပြန်တယ် ။ ဘယ်လိုလဲဆိုတော့ မျက်ခုံးမွှေးတို့ မျက်တောင်မွှေးတို့ ဒီလိုအမွှေးတွေပေါ့ ။ မျက်ခုံးမွှေးဆိုရင် လှပအောင် အမျိုးမျိုး ပြင်ရတယ် မဟုတ်လား ။ နှုတ်ခမ်းမွှေးဆိုရင်တော့ ယောက်ျားလေးတွေအကြိုက်များမယ်ထင်တယ် ။ ဒါတွေဟာ ကိုယ်တိုင်ကလဲ သာယာလို့ သူတစ်ပါးကလဲ သာယာစေချင်လို့ ဖြစ်ပါတယ် ။ အဲ့ဒါတွေအားလုံးဟာ အရိယာတွေ စွန့်ပစ်ထားတဲ့ အရာတွေတာ ဖြစ်တယ် ။ အရိယာတွေ ထွေးထားတဲ့ တံတွေးလို့ပဲ ဆိုရမလိုပါပဲ ။ မွှေးညင်းတင်မကဘူး ခြေသဲ လက်သဲ အစရှိတာတွေဟာလဲ အင်မတန် စွဲလမ်းစရှာ ကောင်းနေပါတယ် ။ ပိုပြီး စွဲလမ်းစရှာကောင်းတာက သွားပါပဲ ။ သွားကောင်းတဲ့အခါ စားလို့သောက်လို့ကောင်းပြီး စကားလဲ ပီပီသသ ပြောနိုင်တယ် ။ ဒါကြောင့် အားကိုးသင့်သလောက် အားကိုးရတာပေါ့ ။ အဲ့ဒါတွက်တင်မကဘူး အလှအပအတွက်တွေကိုလဲ စွဲလမ်းကြပြန်ရော ။ တစ်ချို့ဆို သွားလေးလှအောင် ပြုံးတဲ့အခါ သွားလေးပေါ်ရုံပြုံးတက်ကြတယ် ။ တစ်ချို့ဆိုလဲ ရွှေသွားလေးတွေ လဲတပ်ကြပြန်တယ် ။ သွားမကောင်းလို့ နုတ်ရပေမယ့် အဲ့သွားလေးနေရာကို အစားထိုးလိုက်တာပဲမဟုတ်လား ။ ဒါတွေဟာ စွဲလမ်းလို့ ဖြစ်တာချည်းပါပဲ ။ ဘုရားရဟန္တာတွေကတော့ အဲ့ဒါတွေကို စွန့်ပစ်ထွေးထုတ်ထားပါတယ်တဲ့ ။

အရည်ဆိုရင်လဲ အဲ့ဒီ့အတိုင်းပဲ ။ ကိုယ့်သဏ္ဍာန် သူ့သဏ္ဍာန်မှာ ချောညက်နေစေချင်တယ် ။ လှပတယ်ထင်ပြီး အင်မတန် သာယာနေကြတယ် ။ မိန်မပဲ ယောက်ျားပဲလို့ စွဲမက်နေကြတယ် ။ ဒါဟာ အရည်ခွံလေးကိုမြင်ပြီး သာယာစွဲလမ်းနေကြတာပါ ။ ဒီအရည်လေးဟာ ယားနာတို့ ဝဲနာတို့ နူနာတို့ဖြစ်တဲ့အခါကြတော့ အင်မတန်ပဲ ရွံစရာကောင်းပါတယ် ။ ပြီးတော့ အသားကလဲ နီးနေတာ ဖြူနေတာ / လက်မောင်း ကိုယ်လုံး ရင်ဘတ် ပါးစပ် စတဲ့ ပြည့်ပြည့်ဖြိုးဖြိုး တုတ်တုတ်ခိုင်ခိုင်တွေဆို အင်မတန် ကောင်းတယ် လှတယ် ပေါ့ ။ အရိုး / ရိုးတွင်းခြင်ဆီ အညှို့ အစရှိတဲ့ ကာဋ္ဌာသ တွေကတော့ ထင်ရှားမတွေ့ရလို့တာ တော်သးတော့တယ် ။ နို့မို့ဆို စွဲလမ်းနေအုန်းမှာဖြစ်တယ် ။

အထူးသဖြင့် ရွံစရာကောင်းတာကတော့ နှပ်တို့ ချွဲသလိပ်တို့ ဒီလိုဟာတွေပါပဲ ။ ဒါပေမယ့် တံတွေးကတော့ ပါးစပ်ထဲမှာရှိနေတုန်းကတော့ ရွံစရာလို့ မထင်ဘူး ။ ဒါကြောင့်လဲ တံတွေးတွေကို မြိန်မြိန်ရှက်ရှက် မျိုမျို ချနေကြတာဖြစ်တယ် ။ မမျိုချပဲလဲ နေလို့ မရဘူးလေ ။ အာခေါင်တွေ ချောက်ကုန်လာမှာစိုးလို့တာပဲ ။ အဲ့ဒီ့တုန်းကတော့ ရွံစရာလို့ မထင်ဘူး ။ မြတ်နိုးစရာတွေ ဖြစ်နေပါတယ် ။ ဟော ! ထွေးလိုက်တဲ့အခါကြတော့ ဒီတံတွေးဟာ ဘယ်သူမျှ မထိချင် မကိုင်ချင်ရုံတင်မကဘူး ကိုယ်ထွေးတဲ တံတွေးကိုတော် ကိုယ်တိုင် မကိုင်ချင် မထိချင်တော့လောက်အောင် ရွံရှာလေတော့တယ် ။ ဒါကြောင့် ကိုင်မိတာနဲ့ ချက်ခြင်း ရေဆေးတော့တာပါပဲ ။

နှပ်ဆိုတာကတော့ သာပြီးတောင် ရွံဖို့ကောင်းပါသေးတယ် ။ ဒါပေမယ့် နှာခေါင်းထဲရှိနေတုန်းကတော့ ရွံစရာလို့ မထင်ဘူး ။ စုပ်လိုက်တာကနေ အာခေါင်အထိ သွင်းယူပြီး မြိုချတက်တယ်မဟုတ်လား ။ အဲ့ဒီလို ပါးစပ်ထဲရောက်လာတာတောင် ရွံစရာလို့ မထင်ပါဘူး ။ သလိပ်တွေဆိုလဲ ခဏခဏ မြိုလိုက်တက်တာပါပဲ ။ ဒါတွေဟာ ပြန်တွေးကြည့်ရင် အင်မတန် ရွံစရာ မနှစ်မြို့စရာ စက်ဆုပ်စရာကောင်းပါတယ် ။ စွဲမက်စရာ လိုချင်စရာ တစ်ခုမှ မရှိပါဘူး ။ အဲ့ဒါဟာ ဘုရား ရဟန္တာတွေ ရွံရှာတော်မူသလို သာမန်ပုဂ္ဂိုလ်တွေအမြင်နဲ့ ရွံစရာကောင်းနေပုံတွေဖြစ်တယ် ။

ဒီ ကောဋ္ဌာသ ၃၂ ပါးထဲမှာ ရွံစရာအကောင်းဆုံးကတော့ ကျင်ကြီး ကျင်ငယ်ပါပဲ ။ ဒါပေမယ့် ကျင်ကြီးရော ကျင်ငယ်ရောကို ကိုယ်ခန္ဓာထဲ ရှိတုန်းကတော့ ရွံစရာလို့ မထင်ဘူး ။ အပြင်ရောက်ပြီးရင်တော့ မြင်တောင် မမြင်ချင်တော့ပါဘူး ။ မြင်မိတာနဲ့ကို အော့အန်ချင်တော့တာပါပဲ ။ ဒါကြောင့် ဒီလို အင်မတန် ရွံစရာကောင်းတယ်လို့ အသိအမှတ်ပြုကြသလို ဘုရား ရဟန္တာတွေကလဲ ကာမဂုဏ်တွေ ကိလေသာတွေကို အင်မတန် ရွံရှာကြပါတယ်တဲ့ ။ အဲ့လိုရွံရှာကြတဲ့အတွက်ကြောင့် ဘယ်မှာစွဲလမ်းနိုင်တော့မလဲ ။

ဒါကြောင့် ဒီရုပ်အစုကြီးဟာ ခြကောင်ကလေးတွေက စွန့်ချထားတဲ့ မြေမှုန့်အစု တောင်ပို့ကြီးနဲ့ တူတယ်လို့ ဥပမာ ပြုထားပါတယ် ။ ဒီနေရာမှာ သိစေလိုရင်းကတော့ ဘုရားရဟန္တာအရှင်မြတ်တွေက မတွယ်တာပဲ စွန့်ထားတဲ့ ဒီရုပ်ကိုယ်ကြီးကို စက်ဆုပ်ရွံရှာဖွယ် အစုကြီးလို့ ဒီလိုအမှန်အတိုင်း သိဖို့ပါပဲ ။ အဲ့ဒီလို သိပြီးတော့ ဘုရား ရဟန္တာ အရှင်မြတ်များလို ဒီရုပ်ခန္ဓာကိုယ်ကြီးကို တွယ်တာမှုကင်းသွားအာင် ပယ်စွန့်နိုင်အောင် အားထုတ်ကြဖို့ပါပဲ ။

နောက်အနက်တစ်ခုကတော့ တောင်ပို့ဆိုတာဟာ ခြကောင်ကလေးတွေ ထွေးအန်ထုတ်ထားတဲ့ တံတွေး အစေးနဲ့ တစ်လုံးတစ်ခဲတည်းပေါင်းစုနေတဲ့ မြေမှုန့်အစု ဖြစ်တယ် ။ အဲ့ဒါလိုပဲ ဒီခန္ဓာကိုယ်ကြီးဟာလဲ ဘဝတဏှာအစေးနဲ့ ဖွဲ့ယှက်ထားတဲ့အတွက် တောင်ပို့ကြီးနဲ့ တူပါတယ်တဲ့ ။ ဘယ်မှာ စွဲလမ်းစရာ တွေ့နိုင်ပါသေးသလဲနော် ။ အင်မတန် ဆင်ခြင်စရာကောင်းတဲ့ ရုပ်တရားတွေတာ ဖြစ်ပါတော့တယ် ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...