Skip to main content

တရားဟူသည် !

တရားဟူသည် !
----
ဗုဒ္ဓတရားတော်များအား အကျဉ်းချုပ်၍ ဖေါ်ပြရလျှင်ဖြစ် ရုပ် နာမ် တရားအစုကို ခွဲခြားသိမြင်နိုင်ခြင်းပင်ဖြစ်သည် ။ ရုပ်နာမ်တရားစုများအား ခွဲခြား သိမြင်လာသောအခါ မည်သည့်အရာမှ အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်းမရှိတော့ပါဘဲလျက် ဖြစ်လတ္တံ့သော တရားအစုတို့အပေါ် တဏှာဦးဆောင်သောအသိမှ လွတ်ကင်းခွင့်အား မြင်လာလေတော့၏ ။ ရုပ်နာမ် တရားစုသည် သတ္တဝါတိုင်း၏ သတ္တန်၌ တည်ရှိနေရကား မသိမှု အဝိဇ္ဇာ၏ လွှမ်းမိုးမှုများကြောင့် အစွဲဥပါဒါန်ဖြစ်ကာ ဘဝအပေါ်၌ တပ်မက်၍ ငါဟူသောအမြင်ကို အခြေခိုင်လာစေခြင်းပင်ဖြစ်၏ ။ ငါ ဟူသည်မှာ ငါကောင်းစားရေး မှအစ ငါ့အသက် ငါ့ပတ်ဝန်းကျင် ငါ့သားသမီး ငါ့အလုပ် အစရှိသရွေ့သော ပတ်ဝန်းကျင်နှင့် ဆက်စပ်သည့် အမှုများအပေါ်တွင် နစ်ရှိုင်းသောတဏှာဥပါဒါန်ကို ဖြစ်ပေါ်လာစေတော့၏ ။ ထိုအရာမှာ အတ္တကို လက်ကိုင်မိခဲ့ခြင်းပင်ဖြစ်သည် ။ ထိုသို့မဖြစ်ပေါ်စေရန် ဗုဒ္ဓတရားတော်များက ထုတ်ဖေါ် ဟောကြားခဲ့သော တရားအစုမှာ ခန္ဓာငါးပါးပင် ဖြစ်၏ ။

ခန္ဓာငါးပါးမှာ ဝိပဿနာအလုပ်ဖြစ်ပါသောကြောင့် ဉာဏ်တွင် အခြေတည်ရ၏ ။ တရားထိုင်သောအမှု၌ သမာဓိကို မွေးမြူ၍ တည်ငြိမ်မှု ရှိလာခဲ့သောအခါ ဝိပဿနာဉာဏ်ကို ပျိုးထောင်ကာ မြင်တိုင်းကြားတိုင်းအမှုများအား ရှုမှတ်ဆင်ခြင်ရမည်ဖြစ်လေသည် ။ ထိုဉာဏ်ကို တည်ဆောက်ရန်အလို့ငှာ ခန္ဓာငါးပါးတရားစုအား အကြမ်းဖျင်း သိရှိနားလည်ထားရမည်ဖြစ်၏ ။
ငါးပါးသောခန္ဓာ၏ အဓိပ္ပါယ်မှာ ရူပခန္ဓာ ဝေဒနခန္ဓာ သညာခန္ဓာ သင်္ခါရခန္ဓာ ဝိညာဏခန္ဓာ ဟူ၍ဖြစ်လေရာ ရူပသည် မြင်မှုကိုအကြောင်းပြု၍ ခံစားမှုကို ပြုလုပ်သောအခါ ဝေဒနာခန္ဓာဖြစ်ရပြီး ဤသည်မှာ ကား လူ စာအုပ် အစရှိသရွေ့သော အရာများအား ခွဲခြားနိုင်ခြင်းသည် သညာခန္ဓာသဘောကို ဆောင်ခြင်းဖြစ်လျက် ကား လူ စာအုပ် အစရှိသရွေ့သော မှတ်သားမှုမှာ သေခြာပြီဟုဆိုခြင်းအဟုန်ကို ဖြစ်ပေါ်စေက သင်္ခါရအဆင့်ထိ ရောက်သည်ဟု မှတ်ရ၏ ။ ထို့နောက်အဟုန်၏ တွန်းပို့မှုကြောင့် ဝိညာဏခန္ဓာဟူသည့်  သိစိတ်ကို ဖြစ်ပေါ်စေခြင်းဖြစ်၏ ။

ခန္ဓာ၏ သဘောကိုလည်း အနည်းငယ် သိရှိထားရန်လိုအပ်လှပါသောကြောင့် ဖေါ်ပြပေးရလျှင်မူ အတိတ် ပစ္စုပ္ပန် အနာဂတ် တို့မှီခိုနေသောကြောင့် ခန္ဓာဖြစ်သည်။ ခန္ဓာသည် အပျက်အဆီးတို့ စုဝေးရာ နေရာဌာနဖြစ်သည်။ အပျက်အဆီးဟူမူ အတိတ် ပျက်ဆီးမှ ပစ္စုပ္ပန်သို့ရောက်နိုင်သလို ပစ္စုပ္ပန် ပျက်ဆီးပါမှ အနာဂတ်သို့ရောက်နိုင်မည်ဖြစ်သည်။ ဥပမာ - အလင်းပျက်ဆီးပါမှ အမှောင် ဖြစ်ရ၏ ။ အမှောင်ပျက်ဆီးပါမှ အလင်းဖြစ်ရ၏ ။ ပထမစကား ပြောပြီးပါမှ နောက်စကားပြောလို့ရ၏ ။ နောက်စကား ပြောပြီးပါမှ ရှေ့ဆက် စကားစပ်ရ၏။ ခန္ဓာ တစ်ကိုယ်အတွက်မူ မည်သည့် အချိန်ခါမှ အာရုံနှစ်ခု တစ်ပြိုင်နက် မဖြစ်ပေါ်နိုင်ပေ။ ဖြစ် တည် ပျက် သည်အတိတ် အနာဂတ် ပစ္စုပ္ပန် သာဖြစ်သောကြောင့် ခန္ဓာမည်၏ ဟု မှတ်သားရ၏ ။ ထို့ကြောင့် ငါးပါးသော ခန္ဓာတို့သည်လည်း ဤအတိုင်းပင် ဖြစ်ပျက်ရ၏ ။

အထက်ပါအကြောင်းအရာများသည် မြင်တိုင်း ကြားတိုင်း နံတိုင်း လျှာသိတိုင်း ထိသိတိုင်းနှင့် စိတ်ကူးတိုင်း၌ မျက်စိတစ်မှိတ်ခန့်အတွင်း၌ပင် လျှင်မြန်စွာ ဖြစ်ပျက်နေပါသောကြောင့် အခုမြင် အခုသိဟု မှားယွင်းစွာ မှတ်ထင်ကြခြင်းပင်ဖြစ်၏ ။ ဤကဲ့သို့ ခန္ဓာငါးပါးသည် နတ်ဗြဟ္မာများမှအစ သတ္တဝါတိုင်း၌ လွတ်ကင်းသောတရားမဟုတ်စကောင်းပေ ။ ထို့ကြောင့်ပင် တိရိစ္ဆာန်များဖြစ်သော ခွေး ကြောင် ကြွက် တို့မှာ နာကျင်ခြင်း ကြောက်ရွံ့ခြင်း ဆာလောင်ခြင်း အစရှိသည့်ဆန္ဒများ ဖြစ်ပေါ်ခြင်းကို တွေ့ရှိရသည်ဖြစ်၏ ။ ထို့ကြောင့် သတ္တလောကတွင် ရုပ်နှင့် နာမ်သာရှိသည်ဟူ၍ ဗုဒ္ဓဟောတော်မူခဲ့ခြင်းဖြစ်လေသည် ။

ဤနေရာ၌ သညာနှင့် ဝေဒနာအကြောင်းကို ဖေါ်ထုတ်ရန် လိုအပ်ပေသည် ။ အဘယ်ကြောင့်ဆိုသော် သညာ၏ အမှတ်အသားမှာ အတ္တသဘာဝသို့ ဆင်တူရိုးမား ထင်မှတ်နိုင်ပါသောကြောင့် ရှင်းလင်းရန် လိုအပ်လှပေ၏ ။ သညာဟူသည် အမှတ်အသားဖြစ်၍ ၄င်းကို အာရုံခြောက်ပါးက ထောက်ပံ့ပေးရသည်။သညာ၏ သဘောသည် အာရုံခြောက်ပါးအား အမှီပြု၍ ပေါ်ပေါက်လာရ၏ ။ အာရုံခြောက်ပါးဟူသည် မြင်မှု ကြားမှု နံမှု အရသာသိမှု အထိအတွေ့ရှိမှု နှင့် စိတ်ကူးကြံစည်မှုတို့ဖြစ်ပေသည်။ ၄င်း အာရုံခြောက်ပါး၏ ထိတွေ့ ခံစားမှုမှ ရရှိလာသော အမှတ်အသားကို သညာဟုမှတ်ရ၏။ သညာအသိသည် ပညာအသိနှင့်မတူပေ။ သို့သော် သညာအသိမှာ ပညာအသိထက် ပိုမို ကျယ်ပျံ့၍ ၄င်း သညာ၏ ထောက်ပံ့ခြင်းမှာ အလွန်လျင်မြန်လွန်းသောကြောင့် သိစိတ်ကို လှည့်စားမှု အပေးဆုံးအရာအဖြစ် မှတ်ထားရမည်ဖြစ်၏။

သညာသည် ဆိုင်ရာအကြောင်းများ ထောက်ပံ့လာသည်ရှိသော် တစ်မဟုတ်ခြင်း ထိုးထွင်းသိရှိစေ၍ ၄င်း လျင်မြန်သောအဟုန် ကြောင့်ပင် မသိမှု (အဝိဇ္ဇာ) ကို အလွန်သိမ်မွေ့စွာ အားပြုစေတော့သည်။ သို့သော် ၄င်း၏ အကျိုးရလဒ်သည်တော့ လေးနက်မှုမရှိသော ပညတ် တစ်ခုသာ ဖြစ်ကြောင်း မှတ်သားရလေတော့၏။

ဥပမာ - ဉာဏ်ကောင်းသူတစ်ယောက်သည် ငယ်ငယ်ကအကြောင်းကို ဆင်ခြင်လိုက်သည်ဆိုရာ၌ ထိုအရာသည် ယခုဖြစ်ပျက်နေသကဲ့သို့ သိရှိနိုင်ခြင်းမျိုးဖြစ်၏။ ဤနေရာ၌ ငယ်စဉ်မှ အကြောင်းအရာသည် မပျက်မဆီဘဲလျက် ခန္ဓာအတွင်း၌ တည်ရှိနေခြင်းမဟုတ် ထိုငယ်စဉ်မှအတွေ့အကြုံသည် ဆိုင်ရာအကြောင်းတို့၏ထောက်ပံ့မှုကြောင့် ထင်ရှားလာရခြင်းဖြစ်သည်။ ၄င်း ဆိုင်ရာအကြောင်းတို့မှာ ပတ်ဝန်းကျင်ရှိ အရာများ ။ အတွေ့အကြုံများ နှင့် အာရုံခြောက်ပါးကို အမှီပြုကာ သိစိတ်၌ ဖြစ်ပေါ်လာရခြင်းသာဖြစ်၏။ ထိုဆိုင်ရာအကြောင်းများ ထောက်ပံ့ခြင်း မရှိပါက ထိုသိစိတ်သည် ဖြစ်ပေါ်လာနိုင်ရန် အင်အားမရှိပေ။

ဥပမာ - လူတစ်ဦးကို သတိရခြင်းသည် ထိုသူသုံးဖူးသော ကြိုက်တက်သော အသုံးအဆောင်တို့ကို မြင်ရခြင်း ။ ထိုသူနှင့် အတူရှိခဲ့ဖူးသော အချိန်တို့ကို ဝေဒနာခန္ဓာ၏ အထောက်အပံ့ဖြင့် စွဲလမ်းနှစ်သက်မှုကို ဖြစ်ပေါ်စေလျက် မြင်တွေ့ခဲ့ဖူးသော အတွေ့အကြုံတို့ကို တစ်ဖန် မွေးဖွားလာ စေကာ ဇောအရှိန်တို့၏တွန်းပို့မှုကြောင့် သိစိတ်ဖြစ်ပေါ်လာရခြင်းဖြစ်၏။၎င်းသိစိတ်ကိုပင် မပျက်မဆီးဘဲလျက် ငယ်စဉ်မှအကြောင်းအရာများ တည်ရှိနေခြင်းဟု မှားယွင်းစွာ မှတ်သားနေရခြင်းပင်ဖြစ်တော့၏။

ဥပမာ - မိန်းမနှင့်အလွန်တူသော မိန်းမလျာ တစ်ယောက်ကို အနောက်မှ ကြည့်မြင်ရခြင်း ဥပမာ ဖြစ်ထင်ရှားစေရာ၏ ။

အနောက်မှ ကြည့်မြင်ရသောအချိန်၌ ထိုသူသည် မိန်းမသားတစ်ဦးသာဖြစ်ကြောင်း ထင်ရခြင်းသည် အရင်၌ မိန်းမတို့၏ အပြုမူများကို တွေ့မြင်ဖူးသော အတွေ့အကြုံ တို့ကြောင့် ဖြစ်၏။ ဤသို့သော အနေအထိုင် အသွားအလာသည် မိန်းမတွေသာ ပြုလုပ်လျက်ရှိကြောင်း သညာက မှတ်သားထားခြင်းပင်ဖြစ်သည် ။ ယောက်ျားများမှာ ဤသို့သော အပြုမူမျိုးမဟုတ်ဟူ၍ မှတ်သားထားခြင်းသည် သညာ၏ သဘာဝတရားသာဖြစ်ကြောင်း၎င်းဥပမာဖြင့် လေ့လာ မှတ်သားရပေတော့၏။

ထို့နောက် ဝေဒနာ၏ သဘောကိုလည်း လေ့လာကြည့်ပါလျှင်မူ ဝေဒနာဟူသည် ခံစားမှုကို ဆိုခြင်းဖြစ်သည်။ ထိုသို့ခံစားရာ၌ အာရုံကို အမှီပြုရပြီး အကောင်းစား။ အလတ်စား ။ အညံ့စားဟူ၍ သုံးမျိုး ကွဲပြားလာပြန်တော့၏။ အကောင်းစားနှင့် အညံ့စားကို ခံစားရလျှင် ကျေနပ်နှစ်သက်မှုတဏှာကို ဖြစ်စေ၍ အညံ့စားကို ခံစားလာရပါက မကျေမနပ် ဖြစ်ရလေတော့သည်။သို့သော် မကျေမနပ် ဖြစ်ရုံဖြစ် ပြီဆုံးသွားသည်ဟု မရှိစကောင်းပေ။ (ဤသည်မှာ သာမန်လူသားပုထုဇဉ်များကိုသာ ဆိုလိုသည်။)

ထင်ရှားစေခြင်းငှာ ဝေဒနာသည် အကောင်းတွေ့တော့ သာယာသည် ။ အလတ်တွေ့တော့ သာယာသည် ။ အညံ့တွေ့တော့ လှမ်း၍ အကောင်းကို တောင်းတသည်။ ဤနည်းဖြစ် ဝေဒနာခံစားမှုမှာ မဆုံးနိုင်အောင် လည်ပတ်နေရ၏ ။ ဥပမာ - သူဋ္ဌေးတစ်ဦး ဆင်းရဲသွားသော အခါ ခံစားရသည့် အခြင်းအရာနှင့်ပင် ထင်ရှားစေလေသည်။ ပိုက်ဆံရှိချိန်၌ ကျေနပ်ဝမ်းသာ၏ ။ ပိုက်ဆံလျော့နည်းလာသောအခါ သုံးနိုင်ဖြုန်းနိုင်သေးသဖြင့် သာယာနေသေးသည်။ နောက်ဆုံး ပိုက်ဆံတစ်ပြားမှ မရှိတော့လျှင်ဖြစ် ထိုခံစားမှုသည် ပျောက်ဆုံးသွားခြင်းမရှိဘဲလျက် ပိုက်ဆံရှိလာစေခြင်းငှာ တောင်းတလာပြန်တော့၏။ ဤနည်းဖြစ် ဝေဒနာ၏ ခံစားမှု သဘာဝတရားကို လေ့လာတွေ့ရှိရ၏။

ဖြစ်တိုင်း ဖြစ်တိုင်း တရားအစုတို့အပေါ် ဝိပဿနာမရှုမိသောသူသည် အစွဲဟူသောအကြောင်းကြောင့် ဘဝကိုရရှိ ရပြီး ဘဝဟူသောအကြောင်းကြောင့် ပဋိသန္ဓေ နေရခြင်းဖြစ်၏ ။ ဇာတိဟူသော ပဋိသန္ဓေရလာသောအခါ အိုခြင်း နာခြင်းကို လည်းကောင်း သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဟူသည်ကိုလည်းကောင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပူပန်ခြင်းတို့သည်လည်းကောင်း ဖြစ်တည်ကြရ၏ ။ ဤကဲ့သို့ ချမ်းသာမဖက်သော ဆင်းရဲခြင်းကို လွန်မြောက်ဖို့ရာအတွက် ဖြစ်တိုင်း ဖြစ်တိုင်း၌ ဝိပဿနာဉာဏ်ကို မွေးမြူရမည်ဖြစ်ပြီး ပေါ်လာသောတဏှာကို ပျယ်သတ်ရ၏ ။ " လောဘ ဒေါသ မောဟပွားများ၍ ဝိတက်တို့ဖြစ်လျှင် ကုသိုလ်နှင့်ယှဉ်သော တစ်ပါးသောအကြောင်းကို နှလုံးသွင်းအပ်၏ ။ ဝိတက်တို့၏ အပြစ်ကို ဆင်ခြင်အပ်၏ ။ ဝိတက်တို့ကို နှလုံးမသွင်းဘဲ နေရာ၏ ။ ဝိတက်တို့ ပြုပြင်စီရင်အပ်သော အကြောင်း၏ တည်ရာကို နှလုံးသွင်းရာ၏ ။ အထက်သွားဖြင့် အောက်သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိမိလျှင် ကုသိုလ်စိတ်ဖြင့် အကုသိုလ်စိတ်ကို နှိပ်အပ်၏ " ( မဇ္ဈိမနိကာယ် ဝိတက္ကသဏ္ဌာနသုတ် ) ။ ထိုတရား၏ အဓိပ္ပါယ်ကို ဆင်ခြင်လျှင်မူ ဖြစ်တိုင်းစိတ်၌ ပေါ်သောအကုသိုလ်စေတသိက်တို့အား ကုသိုလ်စိတ်ဖြစ်ဖို့ရာအတွက် ရှုမြင်ရမည်ဟု ထင်ရှားလေတော့၏ ။ " ရဟန်းသည် ယုံကြည်မှုသဒ္ဓါတရားဖြစ်သည်ရှိသော် တရားကို ကြားနာ၏ ။ တရားကို ဆောင်၍ တရားတို့၏ အနက်သဘောကို စုံစမ်းဆင်ခြင်၏ ။ ထို့နောက် အလိုဆန္ဒဖြစ်ပေါ်၍ နှိုင်းယှဉ် ချိန်စက်ပြီးသော် ကျင့်ကြံအားထုတ်၏ ။ အထူးအားထုတ်အပ်သည်ရှိသော် နိဗ္ဗာန်ကို မျက်မှောက်ပြု၍ ထိုးထွင်းသိမြင်၏ ။ အို - ဘာရဒွါဇ ။ တရားအားထုတ်သောသူအား နှိုင်းယှဉ် ချိန်စက်ခြင်းသည် များသောအကျိုးရှိ၏ " ( မဇ္ဈိမနိကာယ် ။ စင်္ကီ သုတ် ) ။
" အချို့သောသူတို့က သီလ စောင့်တည်ခြင်း။ ကောင်းမှုပြုခြင်းဖြစ် ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိသည်ဟု ဆိုကြသည်။ ၄င်းတို့မှာ သူတို့လမ်းစဉ်ဖြစ်သည်ဆို၍ သူတို့ကို သူတို့ ဆရာအခေါ်ခံကြ၏ ။ သူတို့သည် ယုံကြည်ချက် တစ်ခုခု၌ ဖောက်ဖျက်မိလျှင် ပူပန်သောက ဖြစ်ကြရ၏ ။ ထို့ကြောင့် " ဤသို့ ပြုကျင့်ရမည် ။ ထိုသို့ မပြုကျင့်အပ်ဟု သတ်မှတ်ထားသော စည်းကမ်းများ၌သော် လည်းကောင်း ကောင်းမှု မကောင်းမှု ခွဲခြားသတ်မှတ်သော ကျင့်စဉ် တစ်ခုခု၌သော်လည်းကောင်း အစွဲဥပါဒါန်မရှိဘဲ လွတ်လပ်စွာ ပြုမူနေထိုင်ရာ၏ " ( အဋ္ဌကဝဂ် ။ မဟာဗျူဟသုတ် ) ။ ထိုကဲ့သို့ အဆုံးအမကြောင့် ပညာရှိသည် သီလကို စောင့်ထိန်းရာ၌ ပြင်းထန်စွာ စွဲလမ်းခြင်းမထားသင့်ကြောင်းမှတ်ရ၏ ။ ထိုသို့စွဲလမ်းသူမှာ တစ်စုံတစ်ခုကြောင့် သီလဖေါက်ဖျက်မိပါက ငါဖေါက်ဖျက်မိပြီဟူ၍ သောက ကို မေ့ဖျောက်ရန် အလွန်ခက်ခဲပေလိမ့်မည်ဟု မှတ်ရ၏ ။ ထို့ကြောင့် ပညာရှိသည် အစွဲလမ်းမထားဘဲ သီလစောင့်တည်ကာ တစ်စုံတစ်ခုကြောင့် ချိုးဖေါက်မိပါကလည်း သောကဖြစ်ပွားခြင်းကို ရှောင်ကြဉ်လျက် နောက်တစ်ကြိမ် ထပ်မံမဖြစ်ရန် စောင့်ထိန်းခြင်းဖြစ် ကျင့်ကြံနေထိုင်ရမည်ဖြစ်ကြောင်း မှတ်သားရမည်ဖြစ်၏ ။

 အချုပ်အားဖြင့်မူ " အို အာနန္ဒာ ကာယဒွါရ၌ ဖြစ်သော စေတနာကြောင့် ကိုယ်တွင်းသန္တာန်၌ ချမ်းသာမှု ဆင်းရဲမှုသည် ဖြစ်၏ ။ ကိုယ်တိုင် ကာယသင်္ခါရကို ပြုပြင်စီရင်၍ ချမ်းသာမှု ဆင်းရဲမှုကို ဖြစ်စေ၏ ။ တစ်ပါးသော သူတို့သည်လည်း ထိုကာယသင်္ခါရကို ပြုပြင်စီရင်ခြင်းကြောင့် ချမ်းသာမှု ဆင်းရဲမှုဖြစ်စေ၏ ။ မသိဘဲ မူလျက်လည်း ထိုကာယသင်္ခါရကို ပြုပြင်စီရင်၍ ချမ်းသာမှု ဆင်းရဲမှုကို ဖြစ်စေ၏ "( နိဒါနသံယုတ် ။ ဒသဗလဝဂ် ။ အာယသသ္မာဘူမိဇသုတ် ) ။ ဤတရားတော်အရမူ လူတို့သည် တရားကို မကျင့်ဘဲနှင့်လည်း တရားသည် ရပ်နေခြင်းမရှိ အစဉ် ဖြစ်ပျက်နေသည်ကို သိရ၏ ။ တရားကို ရှုသူသည် တရားကို မြင်သည် ။ တရားကို မရှုသူသည် တရားကို မြင်နိုင်ခြင်းမရှိ ။ သို့သော်လည်း တရားသည် ခန္ဓာအတွင်း၌ ဖြစ်ပျက်နေသည်ရှိသောကြောင့် တရားရှုသူသည် တရားကိုမြင်၍ လောဘ ဒေါသ ဖြစ်မှုမှာ တရားမရှုသူများ၏ ဆင်းရဲချမ်းသာမှုနှင့် ကွာခြားဖြစ်တည်ရလေ၏ ။ ထို့ကြောင့် ခန္ဓာအတွင်းရှိတရားသည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှမခွဲခြားပါဘဲလျက် အစဉ် ဖြစ်ပျက်ရ၏ ။ တရားကို ရပ်နိုင်သူမရှိ ။ တရားကြောင့် ဖြစ်ပျက်ရသော ချမ်းသာ ဆင်းရဲသည်ကိုသာ ကြည်လင် ရှင်းသန့်စေရန် တရားကျင့်ကြံရသည်ဖြစ်ကြောင်း ဗုဒ္ဓတရားတော်များးအား အကျဉ်းဖေါ်ပြလိုက်ရပါတော့၏ ။

#htoohtoolay

myothetzaw23.blogspot.com


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...