တတိယမြောက် မျက်လုံး
***
သတ္တဝါဟု သက်မှတ်ခြင်းဟာ ခံစားမှုကိုအခြေတည်သော နာမ်တရားရှိရန်ဖြစ်ရမည်ဖြစ်ပြီး ၄င်းနာမ်၏ ထောက်ပံ့မှုများအရ ခံစားမှုကို ပြုလုပ်နိုင်ရမှာဖြစ်ပါတယ် ။ အဲ့ဒီ့အခါ ရှာဖွေရမှာကနာမ်တရားခေါ်ခံစားမှုများဖြစ်တည်ရာနေရာပဲ ဖြစ်ပါတယ် ။
၎င်းအား မည်သည့်နေရာတွင်ရှိသနည်းဟု လေ့လာခဲ့ကြရာမှာတော့ သိပ္ပံပညာ၏ လေ့လာတွေ့ရှိချက်အရ ဦးနှောက်အတွင်းမှာ တည်ရှိနေတဲ့ ဂလင်းတစ်မျိုးကို ဖေါ်ပြကြပါတယ် ။ အမည်အပြည့်အစုံမှာ ပိုင်နီယက်ဂလင်းလို့ ခေါ်ပါတယ် ။
ပိုင်နီယယ်ဂလင်းဟာ ပိုင်နီယယ်ဘော်ဒီ အီပီဖိဆစ်စယ်ရီဘရီ ။ တတိယမျက်လုံးး စသည်ဖြင့် အမည်အမျိုးမျိုးဖြင့် ထင်ရှားသော ဂလင်း အဖုအကျိတ်တစ်ခုဖြစ်ပါတယ် ။ ယင်းဂလင်းဟာ ကျောရိုးရှိသတ္တဝါအများစုရဲ့ ဦးနှောက်အတွင်း တည်ရှိလေရာ ထူးဆန်းသည့် ဟော်မုန်းများကို သွေးအတွင်း တိုက်ရိုက်ထည့်သွင်းပေးပါတယ် ။ ယင်းဂလင်းက ထင်းရှုးသီးပုံစံရှိသည့်အတွက် ပိုင်နီယယ် ဂလင်းလို့ အမည်ဖြစ်ပေါ်လာခြင်းဖြစ်တယ် ။ အရောင်အဆင်းအားဖြင့် အနီရောင်ဆန်သော မီးခိုးရောင်ရှိပြီး အရွယ်အစားအားဖြင့် ဆန်စေ့ တစ်စေ့ခန့် 5 ~ 8 mm ခန့်ရှိပြီး ဦးနှောက်နှစ်ခြမ်း၏ အောက်ဘက် အလယ်တည့်တည့် တွဲလဲခိုလျက် ပုန်းလျှိုတည်ရှိနေပါတယ် ။
ပိုင်နီယယ်ဂလင်းမှာ မျက်လုံးအတွင်းရှိ မြင်လွှာကဲ့သို့ အလင်းရောင်ကို တုန့်ပြန်နိုင်သော ဆဲလ်များနှင့်ဖွဲ့စည်းထားတယ်လို့ဆိုပြီး မြင်နိုင်သည့် အစွမ်းသတ္တိရှိတယ်လို့လဲ ဆိုပါတယ် ။ ယင်းဂလင်းရဲ့ ထူးခြားမှုမှာ မယ်လ်တိုနင်အမည်ရှိ ဟော်မုန်းတစ်မျိုးကို ထုတ်လွှတ်နေခြင်းပင် ဖြစပါတယ် ။ ယင်းဟော်မုန်း ထုတ်လွှတ်နေမှုကို ထိန်းချုပ်နေသည့်အရာမှာ ပြင်ပမှ အလင်းရောင် ရရှိမှုပင်ဖြစ်တယ် ။ ပိုင်နီယယ်ဂလင်းဟာ အလင်းရောင်ကို တုန့်ပြန်နိုင်သည့်အတွက် အိပ့်ခြင်း နိုးထခြင်း ပုံမှန်ဖြစ်ပေါ်မှုကို ထိန်းချုပ်ထားပြီး ကိုယ်ခန္ဓာအတွင်း နာရီတစ်လုံးကဲ့သို့ အလုပ် လုပ်ဆောင်လျက်ရှိပါတယ် ။ ကလေးအရွယ်မှာ ထိုမယ်တိုနင်ထုတ်လုပ်မှု မြင့်မားပြီး ၆နှစ်အရွယ်မှာတော့ အမြင့်ဆုံးသို့ရောက်ကာ လူပျိုပေါက်အရွယ်မှစပြီး ပြန်လည်လျော့ကျလာကြောင်းတွေ့ရတယ်လို့ ဆိုပါတယ် ။
( မယ်လ်တိုနင်ဟိုမုန်းသည် ရိုးရှင်းသော ဓါတုတည်ဆောက်ပုံရှိသော်လည်း ခန္ဓာကိုယ်အတွင်းရှိ အခြားဂလင်းများနှင့် ဟော်မုန်းထုတ်လုပ်မှုများကို ထိန်းချုပ်နိုင်စွမ်းရှိသည်မှာ ထူးခြားလှ၏ ။ စမ်းသပ်မှုအရ ခံစားခြင်း ကောင်းစွာအိပ်စက်ခြင်း ကိုယ်ခန္ဓာဇီဝဖြစ်စဉ်တို့ကို ထိန်းညှိပေးခြင်းနှင့် ရောဂါပိုးများနှင့် ဗိုင်းရပ်စ်များကို ခုခံအားတိုးတက်စေရုံသာမက အိုမင်းရင့်ယော်ခြင်းကိုပါ ထိန်းချုပ်ပေးစွမ်းနိုင်ကြောင်း တွေ့ရှိကြလေ၏ )
ထူးဆန်းသော ပိုင်နီယက်ဂလင်းအား အလွန်ရှေ့ကျသော အခါကပင် စတင်သတိပြုမိပြီးဖြစ်ပါတယ် ။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၀ ခန့်က ဂရိနိုင်ငံမှာ ဆေးပညာရှင် ဟီရိုဖီးလစ် ဆိုသူတစ်ဦး နေထိုင်ခဲ့ပါတယ် ။ သူက ဆေးပညာရှင်တစ်ဦးဖြစ်တဲ့အတွက် အလောင်းကောင်များကို ခွဲစိတ်ကာ မျိုးပွားအင်္ဂါများနဲ့ ဦးနှောက်ကို အထူးလေ့လာခဲ့ပါတယ် ။ ထိုအခါမှာ ဦးနှောက်နှစ်ခြမ်းရဲ့ အောက်ဘက်အလယ်တည့်တည့်မှာ ရှိနေတဲ့ ထူးခြားလှတဲ့ ပိုင်နီးယက်ဂလင်းကို သတိထားမိခဲ့ပါတယ် ။ သူက ယင်းဂလင်းဟာ လူသားရဲ့ သန္ဓေသားလောင်းဘဝပထမဆုံး ဖွံ့ဖြိုးလာခဲ့တဲ့ ဂလင်းတစ်ခုဖြစ်ပြီး သုံးပတ်ကျော်တာနဲ့ အဲ့ဒီ့ ဂလင်းကို သိသာထင်ရှားနိုင်ပါတယ်လို့ ဆိုခဲ့ပါတယ် ။ အဲ့ဒီ့ ဂလင်းဟာ အလွန်အာဟာရ ပြည့်ဝနေပြီး ကိုယ်ခန္ဓာမှာ အကောင်းဆုံးသွေး အောက်ဆီဂျင်ကို ထောက်ပံ့ပေးနေပါတယ် ။ ခန္ဓာဗေဒအရ ပြိုင်ဘက်ကင်းတဲ့ အနေအထားနဲ့ အထူးဖြစ်ပေါ်နေတဲ့ ဖွဲ့စည်းပုံတို့အရ အဲ့ဒီ့ဂလင်းပေါ်မှာ ကောက်ချက်တစ်ခု ဆွဲခဲ့ကြပါတယ် ။ အဲ့ဒါကတော့ ကျွန်တော်တို့ စိတ်ဝိညာဉ်များအတွင်းကို ထဲထဲဝင်ဝင် ထိုးဖေါက်နိုင်တယ်လို့ ဆိုတာပါပဲ ။
ဟီးရိုးဖီးလပ်စ်က သူရှာဖွေခဲ့တဲ့ များစွာသော ခန္ဓာဗေဒ အချက်အလက်များနဲ့ သရုပ်ဖေါ်ပုံများကို စာအုပ်ပေါင်းများစွာနဲ့ မှတ်တမ်းတင်ခဲ့ပါတယ် ။ ဒါပေမယ့် သူ့ရဲ့ ကျမ်းအမြောက်အများမှာ အလက်ဇန်းဒရီးယားမြို့မှာရှိတဲ့ စာကြည့်တိုက်ကြီးပျက်ဆီးစဉ်မှာ အားလုံး ပါဝင်သွားခဲ့ပါတယ် ။
ပိုင်နီးယက်ဂလင်းရဲ့ထူးခြားချက်က စိတ်ဝိညာဉ်ရဲ့နေရာ သို့မဟုတ် နားခိုစရာလို့ ယူဆခဲ့သူမှာ ၁၆ နှစ်ရာစုအတွင်းက ကမ္ဘာကျော် ပြင်သစ်အတွေးခေါ်ပညာရှင် ရူပဗေဒပညာရှင် သဘာဝသိပ္ပံပညာရှင်လည်းဖြစ်တဲ့ ဒက်စ်ကားတက်စ်ဖြစ်ပါတယ် ။ ဒါ့အပြင် သူက ဂလင်းဟာ စိတ်ဝိညာဉ်နဲ့ ကိုယ်ခန္ဓာတို့ ဆက်နွယ်ထားတဲ့ ဆုံချက်ဖြစ်တယ်လို့လဲ ယူဆခဲ့တယ် ။ သူက စိတ်ဝိညာဉ်ဟာ သီးခြားဖြစ်တည်တယ်လို့ ယူဆခဲ့သူပါ ။ သူ့ရဲ့ ကမ္ဘာကျော် ဆင်ခြင်စဉ်းစားမှုတစ်ခုမှာ " ငါတွေးနေသည် ဒါကြောင့် ငါရှိသည် " တဲ့ ။ အဲ့ဒီ့အတွေးအခေါ်နဲ့ပဲ ငါဟူသောအတ္တဟာ ငါ့ကိုယ်တွင်းမှာရှိနေတယ်လို့ ယူဆခဲ့တယ် ။ ပိုင်နီယက်ဂလင်းမှာ ထူးခြားဆန်းပြားမှုတွေ များစွာရှိနေပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စတင်ပြီး ယခုချိန်ထိ လေ့လာမှုတွေ ရှိခဲ့ပါတယ် ။ မကြာသေးမီကလဲ တက္ကသိုလ်ကျောင်းသားများရဲ့ လေ့လာမှု ထွက်ပေါ်လာခဲ့တယ် ။ အဲ့ဒီ့အဆိုမှာ ပိုင်နီယက်ဂလင်းက မျက်လုံးအတွင်းရှိ မျက်ကြည်လွှာကဲ့သို့ အလင်းရောင်ကို တုန့်ပြန်နိုင်တဲ့ ဆဲလ်များနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုတယ် ။ ဆိုလိုတာက မျက်စိကဲ့သို့ မြင်နိုင်တဲ့ အစွမ်းသတ္တိရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် ပိုင်နီယက်ဂလင်းကို တတိယမျက်လုံးလို့ သမိုင်းစဉ်တစ်လျောက် ခေါ်တွင်ခဲ့ခြင်းဟာ အဓိပ္ပါယ်ပိုမို ပြည့်ဝလာခဲ့တယ် ။
ဟိန္ဒူဘာသာဝင်တွေမှာ တတိယမျက်လုံးကို ကိုယ်စားပြုတဲ့ အမည်အမျိုးမျိုးရှိတယ် ။ အဂျန / ဘရိုး / စက္ကရ စတာတွေဖြစ်တယ် ။ တတိယမျက်လုံးဟာ အကြား အမြင် ကြိုတင်သိမြင်နိုင်ခြင်း ကိုယ်ခန္ဓာမှာ တည်ရှိနေတဲ့ စက္ကရခေါ် စွမ်းအင်ကွက်များ ကိုယ်ရောင်ကိုယ်ဝါကို စောင့်ကြည့်နိုင်ခြင်း စတဲ့ အရည်အချင်းများနဲ့ ပြည့်စုံတယ်လို့ ယူဆကြတယ် ။ ဒါ့အပြင် တတိယမျက်လုံးဟာ အဲ့ဒီ့ ပိုင်နီယက်ဂလင်းကိုဆိုပါတယ်လို့လဲ ယူဆကြပြန်ပါတယ် ။ ဟိန္ဒူရိုးရာအယူအဆအရ တတိယမျက်လုံးဟာ နှဖူးပြင်ရဲ့ အလယ်တည့်တည့်နဲ့ မျက်ခုံးမွှေးနှစ်ခုဆက်တဲ့ အပေါ်ဘက် ကျကျမှာ တည်ရှိနေတယ်လို့ ယူဆကြပါတယ် ။ အချို့ဘာသာရေးဆိုင်ရာ သီအိုရီတွေက အရင်အခါက လူတွေမှာ မျက်လုံး သုံးလုံးပါဝင်တယ်လို့ ယုံကြည်ကြပါတယ် ။ အဲ့ဒီ့ နောက်မျက်လုံးတစ်လုံးဟာ သာမန်မြင်ကွင်းအတွက်မဟုတ်ပဲ နာမ်ဝိညာဉ်နဲ့ ဆိုင်တဲ့ ကိစ္စများကိုသာ ဆောင်ရွက်တယ်လို့ ဆိုပါတယ် ။ ကာလကြာလာတဲ့အခါ အဲ့ဒီ့ မျက်လုံးဟာ ဦးခေါင်းအတွင်း နစ်မြှပ်ပျောက်ကွယ်သွားပြီး ပိုင်နီယက်ဂလင်းအဖြစ် ပြောင်းလဲသွားခြင်းဖြစ်တယ်လို့ ယူဆကြပါတယ် ။ သို့သော် ယခုအချိန်အထိ တိကျသော အဖြေများကို မရရှိကြသေးပေ ။
#htoohtoolay

Comments
Post a Comment