မင်းမြှောက်တန်ဆာတွေနဲ့မြတ်စွာဘုရား ဆင်းတုတော်
-------
ဇမ္ဗုပတိချွတ်ခန်းပုံပြင်ဟာ ထေရ၀ါဒပိဋကတ်တော်မှာ မတွေ့ရပါဘူး။ ဇမ္ဗုပတိမင်းကို ချွတ်ချင်လို့ ဘုရားက အဲဒီ မင်းထက် ပိုပြီးလှအောင် မင်းဝတ်တန်ဆာတွေ ဆင်မြန်းပြတယ်ဆိုတာပါ။ ဒါဟာ မဟာယာနတို့ လက်ခံကျင့်သုံးနေတဲ့ အယူအဆ တစ်ရပ်ပါပဲ။ သို့သော်လည်း မြန်မာပြည်မှာ ထိုကဲ့သို့သော ဘုရားဆင်းတုတော်များ အများအပြားကို ခေတ်အဆက်ဆက်က ထုလုပ်ကိုးကွယ်နေကြတာ ယနေ့အထိပါပဲ။ ဒါကို ထေရ၀ါဒမဟုတ်လို့ ပစ်ပယ်မယ်ဆိုရင် မြန်မာပြည်မှာ ဆင်းတုပေါင်း မရေတွက်နိုင်အောင်ကို ဖျက်သိမ်းပစ်ရပါလိမ့်မယ်။ မြန်မာပြည်တစ်ပြည်လုံးက ကိုးကွယ်နေတဲ့ မန္တလေးမြို့က မဟာမြတ်မုနိ ရုပ်ရှင်တော်သည်ပင်လျှင် ဇမ္ဗုပတိ ပုံပြင်လာအတိုင်းထုလုပ်ထားတဲ့ ရုပ်တုဖြစ်နေတာကို အထင်အရှား သတိထားကြည့်နိုင်ပါတယ်။ ဒီအယူအဆကို မဟာယာနဆိုပြီး တိုက်ထုတ်နေမယ့်အစား မြန်မာ့ ရိုးရာယုံကြည်မှုတစ်ရပ်အနေနဲ့သာ စွဲယူ ကိုးကွယ်လိုက်ပါ။ ဘုရားဆင်းတုကို ဘုရားရဲ့ကိုယ်စား ကိုယ်ပွားဆင်းတုလို့သာ ယုံကြည်ကိုးကွယ်လိုက်ပါ။ အကျိုးမယုတ်ပါဘူး။ ကုသိုလ်ရတဲ့အလုပ်ပါ။ မည်သည့်ဆင်းတုမှ ဘုရားရှင်အစစ်နဲ့ ချွတ်စွပ်တူတာမရှိပါဘူး။ ပုံတော်မှတစ်ဆင့် ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို မှန်းဆကိုးကွယ်ကြရတဲ့သဘောပါ။ မြန်မာပြည်မှာ အခုနောက်ပိုင်း ထေရ၀ါဒနဲ့ မဟာယာနဆိုပြီး စကားလုံးကြီးကြီး ကျယ်ကျယ်တွေ တော်တော်တွင်တွင်ကျယ်ကျယ် သုံးလာကြတာ တွေ့ရပါတယ်။ ထေရ၀ါဒနဲ့ မဟာယာနဟာ အယူအဆချင်း လိုက်နာကျင့်သုံးမှုချင်း တစ်ခြားစီဖြစ်နေပေမယ့် ဗုဒ္ဓဘာသာဆိုတဲ့ခေါင်းစီးအောက်မှာ ရှိနေတာချင်းတော့ တူညီပါတယ်။ ဗုဒ္ဓဘာသာချင်း တူညီတော့ တစ်ခုနဲ့တစ်ခု နှီးနွယ်ဆက်စပ်မှုတော့ ရှိနေတာ ငြင်းပယ်လို့မရပါဘူး။ ထို့အတူ ဟိန္ဒူသည်လဲ ဘုရားပွင့်တဲ့ အိန္ဒိယမှာ ဘုရားမပွင့်မီကပင် ခေတ်စားနေတဲ့အယူအဆ ဖြစ်နေတာကြောင့် ဗုဒ္ဓဘာသာထဲတွင် အချို့ကိစ္စတွေမှာ မသိမသာ ရောနှောပါဝင်နေတာ တွေ့ရပါတယ်။ လူသေလျှင် (၇) ရက်စေ့မှ ၀ိညာဉ်ဟာ အိမ်ကထွက်သွားတယ် ဆိုတဲ့အယူအဆ၊ နတ်ကိုးကွယ်ယုံကြည်မှု အယူအဆ၊ ဗေဒင် ယတြာ၊ ဓာတ်ရိုက်ဓာတဆင် အယူအဆ စသည်ဖြင့်။ ဒါတွေဟာ တကယ်တော့ စိတ်ဖြေဆည်ရာ စိတ်သက်သာရာရအောင် လုပ်ကြတဲ့အလုပ်တွေပါ။ ကိုးကွယ်ရာအဖြစ်နဲ့ မခံယူမိဖို့သာ အရေးကြီးပါတယ်။ နတ်ကမှ ကိုးကွယ်ရာအစစ်၊ ဗေဒင်ဆရာ၊ ဘိုးတော်၊ ဘရသေ့တို့ကမှ ဒို့ရဲ့အားကိုးရာ အစစ်လို့ ခံယူမိပြီး ဘုရား တရား သံဃာ ပစ်ပယ်လိုက်မယ်ဆိုရင်တော့ ဘ၀ သံသရာ ထိခိုက်နစ်နာပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ အပျင်းပြေ၊ စိတ်ပြေလက်ပျောက် လုပ်တာလောက်တော့ ငရဲရောက်ဖို့ အကြောင်း မရှိပါဘူး။ ဗုဒ္ဓဘာသာအတွင်းသို့ ရောနှောဝင်ရောက်ပြီး အမြစ်တွယ်နေပြီဖြစ်တဲ့ အခြားဘာသာတို့ရဲ့ အယူအဆတွေ၊ ကိုယ့်နိုင်ငံရဲ့ ရိုးရာဖြစ်လာတဲ့ အမူအကျင့်တွေဟာ အပြစ်အနာအဆာ တစ်စုံတရာမရှိဘူးဆိုရင်တော့ အပြင်းအထန် တိုက်ထုတ်နေစရာမလိုလှပါဘူး။ ဗုဒ္ဓ၀ါဒနဲ့ ဖီလာကန့်လန့် ဆန့်ကျင်နေတယ်ဆိုရင်တော့ဖြင့် ရဲရဲရင့်ရင့် တိုက်ထုတ်ပြစ်ရမှာပါပဲ ။ ဥပမာ ယဇ်ဆိုတဲ့ အရာလိုတွေပေါ့ ။ ဒါနဲ့ မင်းမြှောက်တန်ဆာတွေကို ထည့်သွင်းပြောဆိုမိပြီဆိုတော့ မဟာမြတ်မုနိသမိုင်းကိုလဲ နည်းနည်းပြောပြပါအုန်းမယ်ခင်ဗျာ ။ အရှင်ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တော်က ရခိုင်ဒေသတွင် (ဓညဝတီပြည်) ရခိုင်ဘုရင် စန္ဒသူရိယမင်းကြီးအုပ်စိုးခဲ့သည် စန္ဒသူရိယမင်းသည် မြတ်စွာဘုရားပွင့်တော်မှုပြီးကတည်းက ဖူးမြော်လိုစိတ်များရှိသောကြောင့် သာဝတ္ထိပြည်သို့သွားခဲ့သည် သို့သော် မြတ်စွာဘုရားအရှင်တော်မြတ်နှင့်မတွေ့ခဲ့ပါ ထိုအချိန်ကမြတ်စွာဘုရားရှင်သည် ဒေသစာရီကြွချီနေသည်ဟုဆိုသည်.. ဘုရင်ကြီးသည် ဓညဝတီနေပြည်တော်သို့ပြန်ခဲ့ပြန်သည် မြတ်စွာဘုရားသည်မိမိမရှိတဲ့အခိုက် စန္ဒသူရိယမင်းကြီးလာသွားတဲ့အကြောင်းကိုသိလေသော် ယူဇနာမိုင်းပေါင်းအဝေးကလာရတာကတစ်ကြောင်း သာသနာပြုမင်းဖြစ်သည်ဆိုသည်ကိုသိရှိသောကြောင့်ကတစ်ကြောင်း..ဘုရားရှင်သည် ရခိုင်ပြည်သို့ကြွလှမ်းဖို့ အရှင်အာနန္ဒာအားခေါ်ယူ၍ ဓညဝတီခရီးကြွခဲ့သည်စန္ဒသူရိယမင်းကြီးသည်မြတ်စွာဘုရားကသူ၏ထံကြွလာသည်ကိုဝမ်းသာလှိုက်လှဲခရီးဦးကြိုခဲ့သည် မြတ်စွာဘုရားရှင်သည်တရားဟောလမ်းညွှန်မိန့်ကြားသည် ပြန်ကြွခါနည်းတွင်ဓညဝတီပြည်သူပြည်သားတို့ဆက်လက်ပြုစုပျိုးထောင်နိုင်ရန်ကိုယ်စားတော်တစ်ခုထားရှိရန် မင်းကြီးကလျှောက်ထားပေးသည် မြတ်စွာဘုရားကခွင့်ပြုခဲ့သည်။ ထို့ကြောင့် သီရိဂုတ္တတောင်(ဦးရစ်တောင်)တွင်ညောင်ပင်အောက်တွင် မြတ်ဘုရားရှင်ကိုယ်တော်တိုင် စံပယ်ရင်း ညီတော် ရုပ်ပွားတော်မြတ်အားသွန်းလုပ်စေ၏ သွန်းလုပ်ရန်အင်မတန်ခက်ခဲသောရုပ်ပွားတော်မြတ်အား သကြားမင်းကိုယ်တော်တိုင်ဆင်း၍သွန်းလုပ်ပေးခဲ့သည် မြတ်စွာဘုရားသည် ညီတော်မုနိအားအနေကဇာတင်၍ ဤအရပ်တွင်နေကျန်စေဟုညီတော်မုနိရုပ်ပွားတော်အား ထားရစ်ခဲ့ခြင်းဖြစ်သည်...
ထိုမှစ၍ ညီတော်မုနိရုပ်ပွားတော်မြတ်သည် မဟာမြတ်မုနိဘုရား
ဟုကျော်ကြားလာခဲ့သည်.. စန္ဒသူရိယမင်းမရှိတဲ့နောက် ရခိုင်ဘုရင်များအဆက်ဆက်စိုးစံစဉ် နဂိုအရှိတိုင်းဖြင့်ဆက်လက်ကိုးကွယ်ခဲ့ကြသည် ။ ဒါတွေဟာ မဟာယာနထဲက ပုံပြင်ကိုမှီပြီး ဖြစ်တည်လာခြင်းဖြစ်ပါတယ်ခင်ဗျာ ။
သမိုင်းကြောင်းကို အနည်းငယ် ဖေါ်ထုတ်ရပါလျှင်မူ မြတ်စွာဘုရား ပိရိနိဗ္ဗာန်စံပြီးနောက် ဘိုးတော်ဘုရား၏ သားတော် အိမ်ရှေ့မင်းက မဟာမုနိရုပ်ပွားတော်ကို မြန်မာပြည်သို့ ပင့်ဆောင်သည့် ၁၇၈၅ အေဒီ အထိ နှစ်ပေါင်း အရေအတွက်သည် ၂၃၂၈ ဖြစ်သည် ။ ထိုမျှသောကာလပတ်လုံး သီရိဂုတ္တတောင်ထိပ့်တွင် မဟာမုနိကိုယ်တော် ကိန်းဝပ်ခဲ့သည် ။ သာသနာထက်ဝတ်နီးပါးဖြစ်၏ ။ မန္တလေးမြို့၌ ရောက်ရှိတော်မူသည်မှာ ၁၉၅ နှစ်ခန့်သာ ရှိသေးလေသည် ။
အချို့က မြန်မာတို့ပင့်ဆောင်သွားသော ရုပ်ပွားတော်မှာ မဟာမုနိအစစ်မဟုတ်ဟု ဆိုလေသည် ။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓတရားတော်နှင့် ဆက်လျှင်၍ မသက်ဆိုင်ပါသော်လည်း ဗဟုသုတရရှိစေရန်အလို့ငှာ ရေးသားတင်ပြရပေ၏ ။
ဆရာငမည်းရေးသော ဓညဝဓိ ရာဇဝင်၌ ရေကျသောရုပ်ပွားတော်နှင့် ပတ်သက်၍ ပါရှိသည်မှာ " အင်းဝရွှေနန်းရှင်သား အိမ်ရှေ့ ဥပရာဇာသည် အဟာမုနိဘုရားရှင်အား ပင့်ဆောင်ရန် ဗိုလ်မင်း သီရိကျော်ထင်ကို စေလွှတ်လိုက်လေသည် ။ သီရိကျော်ထင်လဲ သွားရောက်ပင့်ဆောင်လေရာ ၁၁၄၆ခု တပို့တွဲလဆန်း ၁၃ရက်နေ့ ဈေးချောင်းဆိပ့်ဝယ် ဖေါင်တော်နှင့် တင်လေသော် ဖေါင်တော်အတ်ကွဲ၍ ရုပ်ပွားတော်မှာ ရေသို့တိုင် နှစ်မြှပ်လေ၏ ။ ထိုအခါ ကုလားပျို သွေးသောက်တို့လဲ ရုပ်ပွားတော်ကိုမမြင်လျှင် ရာဇဝဏ်ဒါဏ်ကို ကြောက်၍ ရှာဖွေကြလေသောအခါ ထိုရုပ်ပွားတော်နှင့် အဆင်းသဏ္ဍာန်တူသော နောက်ထပ်ရုပ်ပွားတော်တစ်ဆူကို တွေ့ရှိကြ၍ ဖေါင်တော်တင်ကြပြန်၏ ။
မည်သို့ဆိုစေ ရခိုင်မှသွန်းလုပ်သော ကြေးဆင်းတုတစ်ဆူ ပင့်ဆောင်သွားသည်ကား မှန်ပေ၏ ။ တောင်ကုတ်လမ်းမှ ပန်းတောင်းသို့ ပင့်ဆောင်ရာတွင် ရုပ်ပွားတော်ကို အပိုင်းပိုင်း အပြတ်ပြတ်ပြု၍ ပင့်ဆောင်သည် ။ ပန်းတောင်း၌ ပြန်လည်ဆက်ဆက်၍ ချောမောမွမ်းမံခဲ့သည် ။ လက်သမားနှင့် ဗိသုကာတို့ ကြီးကြပ်သယ်ဆောင်ကြ၏ ။ သမိုင်းသစ်၌ကား နေပြည်တော်ရောက်ပြီးမှ ရွှေချိန် ၁၀၀၀ နှင့် ဦးခေါင်းတော် မျက်နှာတော် ပခုံးတော် စသည်တို့ကို မွမ်းမံခြယ်လှယ်သည်ဟု ဆို၏ ။
ရမ်းဗြဲ ဦးကာတီ၏ ရခိုင်ရာဇဝင် လင်္ကာပိုဒ်ရေ ၈၈ / ၈၉ ၌ ရုပ်ပွားတော် ရေကျပုံပါရှိသည် ။ ဦးကာတီသည် ၁၈၈၇ ခု အင်္ဂလိပ်တို့ ရခိုင်သို့ ချီတက်စဉ်က လမ်းညွှန်ခဲ့သူဖြစ်သည် ။ ၁၁၉၀ခုနှစ်တွင် စကားပြန်အဖြင့် ထမ်းရွတ်ပြီး အဂ်လိပ်တို့က မြို့အုပ်အဖြင့် သူကောင်းပြုခြင်း ခံရသူဖြစ်သည် ။
၁၂၁၂ခု၌ ရမ်းဗြဲ ဦးစံတင်၏ လင်္ကာ၌ကား မြန်မာအိမ်ရှေ့မင်းသားက ရုပ်ပွားတော်ကို တောင်ကုတ်လမ်းမှ အမရပူရအထိ ချောမောသိုက်မြိုက်စွာ ပင့်ဆောင်သွားကြောင်း ပါရှိ၏ ။
မြတ်စွာဘုရား ရွှေလက်တော်၌ စီရင်သွန်းလုပ်ရာတွင် ရုပ်ပွားတော် အင်္ဂါကြီးငယ်တို့မှာ ညီညွတ်စွာပင်ဖြစ်သည်။ သို့သော် ရခိုင်မင်းရိုး မင်းဘီလူးလက်ထက်တွင် အမတ် အသေင်္ခယာက ပုန်ကန်လေ၏ ။ ဤတွင် မြန်မာရင်ခွင်သို့ သားတော် အိမ်ရှေ့မင်းသား မင်းရဲဘယ ပြေးလာ၍ အလောင်းစည်သူမင်းထံ ခစားလေ၏ ။ ပုဂံပြည်တွင် ထိုရခိုင် အိမ်ရှေ့မင်းမှ မြင်သော " လက်ယာမင်းနံ " ကို ရခိုင်ပြည်၌ မြန်မာဘုရင်က နန်းတင်ပေးခဲ့လေသည် ။
လက်ယာမင်းနံနှင့်အတူပါသော ပျူနှင့် မွန်အဖွဲ့တို့သည် သီရိဂုတ္တတောင်ဝယ် မဟာမုနိရုပ်ပွားတော်ကို ဖိုကျင်တစ်ထောင်ထိုး၍ ကျောသားတော် ပေါင်သားတော်တို့ကို ယုဆောင်ကြလေသည် ။ ထိုတွင် ရွှေကိုယ်တော်၏ ပမာဏသည် ယခုအမြင်အတိုင်းရှိလေသည် ။ ရခိုင်ဧချင်းတွင် " မွန်တီနှင့် ပျူ။ နှစ်ပြည်သူတို့ သုံးလူ့ထွတ်ချာ မဟာမုနိ တရိနာတော် ရုပ်ရှင်ကျော်ကို ပေါင်တော်ကျောသား ယူသောအားဖြင့် " ဟု ဆို၏ ။
ပကတိ ထက်ဝယ်ဖွဲ့ကိုယ်၏ အတိုင်းအထွာမှာ ရှစ်တောင် နှစ်မိုက်ရှိ၏ ။ ပျူနှင့် မွန်တို့က ဖိုကျင်ထိုးပြီးနောက် ခုနှစ်တောင်နှင့် နှစ်မိုက်ခန့်သာရှိတော့သည်ဟု ယုဆဖွယ်ဖြစ်သည် ။ယခု အမရပုရ နေပြည်တော်သို့ ကြွရောက်ပြီးသော် အတိုင်းအတာမှာ ဓမ္မခဏ်မှ မကိုဋ်တော်အဆုံးညာဏ်တော် ၁၅ ပေ တိတိရှိသည် ။ ဘိုးတော်မင်းတရားက အတွင်းဝန် နန္ဒကျော်ထင်ကို မောင်ထောင်ဆရာထံ မေးလျောက်စေရာတွင် မြို့တော်နှင့်မနီးမဝေး အလားအလာကောင်းသည့်အရပ်တွင် ကိုးကွယ်သင့်ကြောင်း ဖြေကြာသည့်အတိုင်း လက်ရှိ ရှမ်းစုအရပ်တွင် ဂန္ဓကုဋိတိုက်တည်ကိုးကွယ်ခဲ့၏ ။
ဖိုတိုက်တော်မှာ ရခိုင်မှ ပင့်ခဲ့ပြီး၍ နှစ် ၁၀၀ အကြာ သီပေါမင်းလက်ထက်တွင် မီးလောင် ပျက်ဆီးခဲ့သည် ။ မီးခစဉ် ရုပ်ပွားတော် ပကဓိမှာ တစ်စုံတစ်ရာ ချွတ်ယွင်းပျက်ဆီးမှုမရှိ ။ မကိုဋ်တော် နားပန်တော် စလွယ်တော်နှင့် ရွှေသင်္ကန်းတော်များသာ ပျက်ဆီးသည် ။ မီးခ၍ ကျသော ရွှေများကို အရာရှိ မူးမတ်တို့ ကြီးကြပ်သိမ်းဆည်းစုပုံကာ ချိန်တွယ်ကြရာ၌ ရွှေချိန်ပိဿာ ၅၄၅၀ ကျော်ရလေသည် ။
၁၂၄၆ ခု ဝါဆိုလဆုတ် ၉ ရက်နေ့တွင် ငွေ သိန်းပေါင်း ၃၀ တန် ရွှေမကိုဋ်နှင့် ဒုယင်တင်လှူကာ မျက်နှာတော် ဖွင့်လေသည် ။ အရှင် ၂ ပါး ရေစက်ချသည် ။ ၁၂၄၇ ခုနှစ်တွင် ပါတော်မူသည် ။
၁၂၆၀ ခုနှစ်တွင် အနာထပိဏ်မည်သော ဂဟပတိသူမြတ်က လက်ရှိ အုတ်ပြာသာဒ်ကြီး လှူဒါန်းသည် ။
၁၂၇၈ ခုနှစ်၌ ထီးတော်ကို လေခ၍ မြေသို့ကျရာတွင် မိုင်းပြင်းရက်စောက် စော်ဘွားကြီးက အသစ်လှူ၏ ။ ငှက်မြတ်နားနှင့် စိန်ဖူးတော်ကို ဆာဘွဲ့ရ ညောင်ရွှေစော်ဘွားကြီးက လှူဒါန်းလေသည် ။
ဘုရားပင့်သူ အိမ်ရှေ့မင်းသား၏ ကြေးရုပ်ကို ပရိဝဏ်အတွင်း ပြတိုက်ရှေ့၌ ကောင်းစွာ ထုလုပ်ထားရှိပေသည်ကို ဆရာကြီး ညိုမြရေးသားပြုစုသော ကုန်းဘောင်ရှာပုံတော်ကျမ်းတွင် တွေ့ရှိပါသဖြင့် အနည်းငယ် ထုတ်နုတ်ကာ ဆက်စပ်၍ ရေးသားတင်ပြလိုက်ရပါတော့၏ ။
ဗဟုသုတ ရရှိကြပါစေခင်ဗျာ ။
#htoohtoolay

Comments
Post a Comment