မူးဝါးလူမျိုး
----
အာဖရိကတိုက် အနောက်မြောက်ဖက်မြေထဲပင်လယ် ကမ်းခြေတလျောက်မှာရှိတဲ့ အခုအခါမှာတော့ မိုးရော့ကို / တျူနစ်ဇီးယား နဲ့ အယ်လဂျီးယားလို့ ခေါ်တွင်နေတာဟာ ရှေးအခါတွေက ဗာဗရီနယ်များလို့ အမည်တွင်နေခဲ့တာဖြစ်ပါတယ် ။ အဲ့ဒီ့အရပ်တွေမှာ နေထိုင်သူတွေကို ဗာဗာ လူမျိုးတွေလို့ ခေါ်တယ် ။ မူးဝါးလူမျိုးတို့ဟာ အဲ့ဒီ့ ဗာဗာလူမျိုး အစုအဖွဲ့ဝင်တွေဖြစ်ပြီး အဲ့ဒီ့ကနေမှ ဆက်နွယ်ပေါက်ပွားလာခဲ့ကြတာဖြစ်ပါတယ်။ ဗာဗရီနယ် အပါအဝင်ဖြစ်ပြီး အခုအခါမှာတော့ မိုးရော့ကို လို့ ခေါ်တဲ့ ဒေသကို ရှေးအခါက မော်ရီတီးနီးယားလို့ ခေါ်တွင်ပြီး အဲ့ဒီ့အမည်ကိုလဲ ရောမတွေက မှည့်ခေါ်ခဲ့ကြတာဖြစ်တယ် ။
မော်ရီတီးနီးယားမှာ နေထိုင်တဲ့သူတွေကို ရောမလူမျိုးတွေက မာရီလို့ ခေါ်တယ် ။ မူးဝါးဆိုတဲ့ စကားဟာ အဲ့ဒီ့စကားကနေ ပျက်လာတဲ့ စကားဖြစ်ပါတယ် ။ ကာလတွေ ကြာလာတဲ့အခါ အာဖရိက အနောက် မြောက်ပိုင်းမှာ နေထိုင်ကြပြီး အစ္စလာမ် အယူဝါဒများ ဖြစ်တဲ့ အတွက်ကြောင့် အာရဗီစကား ပြောဆိုကြတဲ့ သူမှန်သမျှကို မူးဝါးလို့ ခေါ်လာခဲ့တာမှာ ယခုထက်တိုင်ပဲဖြစ်တယ် ။
၇ ရာစုအတွင်းက အာရပ်လူမျိုးတို့ဟာ အာဖရိကတိုက် မြောက်ပိုင်းကို နယ်ချဲ့ရင်း ရောက်ရှိလာခဲ့ရာကနေ ဗာဗာလူမျိုးတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်တယ် ။ အာရပ်တို့ဟာ လူနည်းစုတာ ဖြစ်ပေမဲ့လည်း လူများစုဖြစ်တဲ့ ဗာဗာတို့ကို မိမိတို့ အယူဝါဒအတွင်း တဖြေးဖြေး သွတ်သွင်းနိုင်ခဲ့ပါတယ် ။ အာရပ်နဲ့ ဗာဗာတို့ဟာ ပူးပေါင်းပြီး စပိန်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ် ။ အဲ့ဒီ့ လူမျိုးနှစ်စုကနေ သွေးနှောပြီးပေါက်ပွားလာတဲ့ သူတွေကို မူးဝါးဆိုပြီး ခေါ်ဆိုလာကြတာ ဖြစ်ပါတယ် ။
မူးဝါးတွေဟာ နီဂရိုးတွေဖြစ်တယ်လို့ တစ်ချို့က ထင်ကြတယ် ။ အမှန်မှာတော့ မူးဝါးလူမျိုးတို့ဟာ တင့်တယ်ပြေပြစ်တဲ့ အဆင်းတွေ ရှိကြပါတယ် ။ ဆံပင်နက်မှောင်ပြီး မျက်လုံးညိုကာ အသားကလဲ ညိုတဲ့အတွက် မြေထဲပင်လယ်သားလို့ ခေါ်အပ်တဲ့ လူမျိုးစုဝင် ဖြစ်ရာ လူဖြူမျိုးဖြစ်ကြောင်း ထင်ရှားလှပါတယ် ။ မူးဝါးတွေဟာ အလယ်ခေတ်မှာ ထင်ရှားခဲ့ပြီး ယဉ်ကျေးမှုအရာမှာလဲ အထွတ်အထိပ့်ကို ရောက်ခဲ့ကြတယ် ။ မူးဝါးယဉ်ကျေးမှုလို့ ခေါ်သော်လည်း တစ်စိတ် တစ်ဒေသအားဖြင့် အာရပ်ယဉ်ကျေးမှုတွေသာ ဖြစ်ပါတယ် ။ စပိန်နိုင်ငံမှာ မူးဝါးလူမျိုးတို့ရဲ့ ရှေးဟောင်း လက်ရာကောင်းများကို တွေ့ရှိနိုင်ပါသေးတယ် ။ ( စပိန်နိုင်ငံ / စပိန်အနုပညာ - ရှု )
မူးဝါးလူမျိုးတို့ဟာ စပိန်နိုင်ငံကို နှစ်ပေါင်း ၅၀၀ ခန့် အုပ်ချုပ်ခဲ့ပြီး ကော်ဒိုးဗားကို အစိုးရကာ ကဲလစ်ဘုရင် လက်ထက်မှာတော့ အထွတ်အထိပ့်ကို ရောက်ခဲ့ပါတယ် ။ နှစ်ပေါင်းများစွာပဲ ကော်ဒိုးဗားဟာ အနောက်ဥရောပတိုက်ကြီးမှာ အကြီးဆုံး မြို့ကြီး ဖြစ်ခဲ့တယ် ။
ခရစ် ၁၂၁၂ ခုနှစ်ကနေ စပြီး မူးဝါးတို့ အင်အား ဆုတ်ယုတ်လာပေမဲ့လည်း စိပိန်ဘုရင် ဖာဒီနန်နဲ့ အဇ္ဇဗဲလားမိဖုရားတို့လက်ထက် ၁၄၉၂ ခုနှစ်မှာမှ အပြီးတိုင် တိုက်ခိုက် အောင်မြင်ခဲ့တာဖြစ်တယ် ။ စပိန်နိုင်ငံမှာ ကျန်ရစ်သူတွေကို စပိန်လူမျိုးတွေက မောရစ္စတို လို့ ခေါ်ကြပါတယ် ။ အာဖရိကတိုက်ကို ပြန်ရောက်သွားသူတွေကိုတော့ အဒန်လျူရှန် လို့ ခေါ်ကြပါတယ်ခင်ဗျာ ။
ဗဟုသုတရရှိနိုင်ကြပါစေ
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment