အလှဘုရင်မ ကလီယိုပါးထရား ( ဘီစီ ၆၈ - ၃၀ )
--------
ကလီယိုပါးထရားဆိုတာ ရှေးခေတ်က ကမ္ဘာ့သမိုင်းမှာထင်ရှားခဲ့တဲ့ အီဂျစ်ဘုရင်မတစ်ဦးဖြစ်ပါတယ် ။ သူဟာ အင်မတန် ထူးခြားလှပတဲ့ အဆင်းအင်္ဂါကို ပိုင်ဆိုင်ထားတာကြောင့် အဲ့ဒီ့ခေတ်က အထူးထင်ရှားတဲ့ ပုဂ္ဂိုလ်နှစ်ဦးဟာ သူရဲ့ ရူပါရုံ အာရုံကြောထဲ သက်ဆင်းသွားခဲ့ရတဲ့အထိဖြစ်လာခဲ့ပါတယ် ။ သူစေတဲ့အတိုင်း တသဝေမတိမ်း ပြုလုပ်ကြတဲ့အခြေထိတိုင် သြဇာရောက်ခဲ့တာတင်မကပါဘူး အဲ့ဒီ့ အာဇာနည် ပုဂ္ဂိုလ်ကြီး နှစ်ဦးအနက်က တစ်ဦးကိုဆို အသေဆိုးနဲ့ သေရတဲ့ အခြေအနေထိ ဖန်တီးခဲ့တယ် ။ ဒါကြောင့် ကလီယိုပါးထရား ကို နိုင်းမြစ်ဒေသရဲ့ မြွေဟောက်မ လို့ ခေါ်ဆိုကြပါတယ် ။
ကလီယိုပါးထရားဟာ အီဂျစ်သွေးမပါဘူး ။ မက်ဆီဒိုးနီးယန်းနဲ့ ဂရိသွေးနှောတဲ့ အဆက်အနွယ်ဝင် ဘုရင်မဖြစ်တယ်။ အက်လက်ဇန္ဒာ - သ - ဂရိတ်ရဲ့ နိုင်ငံတော်ကို ခွဲဝေအုပ်ချုပ်ကြတဲ့ စစ်ဗိုလ်ချုပ်များအနက်မှ တော်လမီ အမည်ရှိတဲ့ ဗိုလ်ချုပ်ကြီးဟာ အီဂျစ်နိုင်ငံကိုဝေစုယူပြီးနောက် အဲ့ဒီ့ နိုင်ငံရဲ့ ဘုရင်အဖြစ် အုပ်စိုးခဲ့တယ် ။ ဘီစီ ၅၁ ခုနှစ်မှာ အဲ့ဒီ့ဘုရင်ကံကုန်တော့ ၁၇ အရွယ်သာရှိသေးတဲ့ သမီးတော် ကလီယိုပါးထရားနဲ့ ၁၀ နှစ်အရွယ်ရှိတဲ့ သားတော် ၁၂ ဆက်မြောက် တော်လမီ မင်းသားတို့ဟာ အီဂျစ်နိုင်ငံကို တွဲဖက်အုပ်ချုပ်ခဲ့ရပါတော့တယ်။
ဒါပေမယ့် ဘုရင်ကြီးနတ်ရွာစံတာ သုံးနှစ်လောက် အကြာရောက်တော့ မောင်တော်ဘုရင်ငယ်နဲ့ အပေါင်းအပါတို့ဟာ ကလီယိုပါးထရားကို နန်းချပြီး တိုက်ထုတ်လာကြပါတယ် ။ အဲ့ဒီ့အချိန်မှာ ရောမဗိုလ်ချုပ်ကြီး ဂျူးလီးယပ်ဆီဇာဟာ ဇန္ဒြီးယားမြို့ကို ရောက်လာခိုက်ဖြစ်နေတယ် ။
အဲ့ဒီ့အခွင့်ကောင်းကို ကလီယိုပါးထရားက လက်လွတ်မခံပဲ ကြံပါတော့တယ်။ ကြံစည်ပုံက မိမိရဲ့ကိုယ်ကို ကောဇောပေါ် ထည့်လိပ်စေပြီး ဆီဇာရဲ့ ရှေ့မှောက်ကို ရောက်အောင် ဝင်ခဲ့တယ် ။ အဲ့ဒီ့အချိန်က ကလီယိုပါးထရားဟာ အသက် ၂၀ သာ ရှိသေးတဲ့အတွက် အင်မတန်မှ အလှသွေး ကြွနေတဲ့အချိန်ဖြစ်တယ် ။ ထီးနန်းပြန်ရရေးအတွက် အကူညီပေးဖို့ ဆီဇာကို ဖြားယောင်းတောင်းပန်လေတယ်။ စစ်သားကြီးပီပီ တည်တည်ကြီး နေလေ့ရှိတဲ့ ၅၂နှစ်အရွယ် ဆီဇာကြီးပင် အလှဘုရင်ရဲ့ ကြော့ကွင်းထဲ ဝင်ရောက်ကျဆင်းသွားခဲ့ပါတော့တယ် ။
ဆီဇာဟာ ကလီယိုပါးထရားကို အီဂျစ်နိုင်ငံရဲ့ တစ်ဦးတည်းသောဘုရင်အဖြင့် ပြန်လည်ရရှိအောင် ကလီယိုပါးထရားရဲ့ ရန်သူတွေကို တိုက်ခိုက်သုတ်သင်ပေးခဲ့တယ် ။ ကလီရိုပါးထရားဟာ ဆီဇာနဲ့ ပေါင်းသင်းခဲ့ရာမှ ဇာရွန်း ( ဆီဇာကလေး ) အမည်ရှိတဲ့ သားတစ်ယောက်ရလာပါတယ်။ ဘီစီ ၄၆ ခုနှစ်မှာ ဆီဇာက ရောမကို ပြန်သွားတဲ့အခါ ကလီယိုပါးထရားလဲ လိုက်ပါသွားတယ် ။ ဘီစီ ၄၄ ခုနှစ်မှာ ဆီဇာ လုပ်ကြံခံရတော့ ကလီယိုပါးထရားဟာ အီဂျစ်ကို ပြန်လာခဲ့ပါတယ် ။ ဆီဇာ ကွယ်လွန်ပြီးတဲ့နောက် ရောမမှာ အာဏာလုတဲ့ စစ်ပွဲတွေ ဖြစ်ပွားလာတယ် ။ အဲ့ဒီ့အချိန်မှာ ကလီယိုပါးထရားဟာ ဘယ်သူ့ဘက်ကိုမှ အားမပေးပဲ နေခဲ့တယ် ။ဘာကြောင့်လဲဆိုတော့ ထိုဘုရင်မကား ရောမလူမျိုးများကို အရိုင်းအစိုင်းများလို့ သဘောထားပြီး မိမိအကျိုးအတွက် အသုံးပြုလိုသူ ဖြစ်နေလို့ပါပဲ ။
ကလီယိုပါးထရားရဲ့ ရူပကာကျော့ကွင်းကို ဒုတိယ သက်ဆင်းလာတာကတော့ ရောမ အာဇာနည်ကြီးဖြစ်တဲ့ မတ်အန်တိုနီဖြစ်တယ် ။ ဆီဇာကွယ်လွန်ပြီးတဲ့နောက် မတ်အန်တိုနီနဲ့ နောင်မှာ အော်ဂပ်စတပ်ဘုရင်ဖြစ်လာမဲ့ ဆီဇာရဲ့ တူ အော့တေးဗီးယန်တို့ဟာ ရောမနိုင်ငံကို တွဲဖက် အုပ်ချုပ်ခဲ့ကြတယ် ။ မတ်အန်တိုနီဟာ ရန်သူများကို နှိမ်နင်းတိုက်ခိုက်ရင်း အရှေ့နိုင်ငံများကိုရောက်လာခဲ့တော့တယ် ။ တားဆပ်မြို့ကို ရောက်တဲ့အခါ ကလီယိုပါးထရားကို ရန်သူအားပေးအဖြစ် စွတ်စွဲပြီး ထိုအကြောင်းကို ရှင်းလင်းချေပဖို့အတွက် ကလီယိုပါးထရားကို ဆင့်ခေါ်လိုက်ပါတော့တယ် ။
ကလီယိုပါးထရားမှာတော့ အဲ့ဒီ့ဆင့်ခေါ်မှုကို အလျင်းပင် တုန်လှုပ်ခြင်း မဖြစ်ခဲ့ပါဘူး ။ ရောမနိုင်ငံကြီးကို ဆီဇာရဲ့ မိဖုရားအဖြင့် မစိုးစံခဲ့ရစေကာမူ လူရည်ချွန် မတ်အန်တိုနီရဲ့ အကူအညီနဲ့ မြေထဲပင်လယ်အရှေ့တစ်လွှားမှာ ဂရိနိုင်ငံအသစ်ကို တည်ဆောက်ပြီး အုပ်စိုးဖို့ စိတ်ကူးကြံစည်ထားတဲ့ ကလီယိုပါးထရားဟာ ဗီးနပ် နတ်သမီးကဲ့သို့ လှပအောင် ဝတ်ဆင်ပြီး မတ်အန်တိုနီထံကိုဝင်ရောက်လာခဲ့တယ် ။ ကလီယိုပါးထရားရဲ့ အလှဒဏ်ကို မခံနိုင်ရှာတဲ့ မတ်အန်တိုနီဟာ အပြစ်သဘောနဲ့ စစ်ကြောရေးကို မေ့ပြီး ကလီယိုပါးထရားရဲ့ နောက်ကို အယ်လက် ဇန္ဒြီးယားမြို့အရောက်ထိတိုင် လိုက်သွားပါလေတော့တယ် ။
အယ်လက်ဇန္ဒြီးယားမြို့မှာ အန်တိုနီဟာ ကလီယိုပါးထရားနဲ့အတူ တစ်နှစ်ခန့်နေထိုင်ပျော်ပါးပြီးကာမှ ရောမမြို့ကို ပြန်လာခဲ့တယ် ။ ရောမကို ရောက်တဲ့အခါ အန်တိုနီဟာ တွဲဖက်အုပ်ချုပ်သူ အော့တေးဗီးယန်းနဲ့ ပိုမို စည်းလုံးမိစေဖို့အတွက် အော့တေးဗီးယားရဲ့နှမကို လက်ထပ်ယူလိုက်တယ် ။ အဲ့ဒီ့အချိန်မှာ ကလီယိုပါးထရားဟာ မတ်အန်တိုနီနဲ့ရတဲ့ အမွှာကလေးနှစ်ဦးကို မွေးဖွါးခဲ့ပါပြီ ။ ရောမမှာ လေးနှစ်ခန့် နေထိုင်ပြီးတဲ့နောက် အန်တိုနီဟာ အီဂျစ်နိုင်ငံကို ပြန်လာပြီး ကလီယိုပါးထရားနဲ့ အချိန်ဖြုန်းနေခဲ့ပါတယ် ။ ရောမနိုင်ငံရဲ့ အရေးကို လုံးဝ မေ့လျော့သွားပြီး ကလီယိုပါးထရားရဲ့ အလိုကိုပဲလိုက်ကာ ဂရိနိုင်ငံတော် တည်ဆောက်ရေး အစီအစဉ်များမှာ နားဝင်သယောင် ဖြစ်နေတော့ပါတယ် ။
အော့တေးဗီးယန်းဟာ နှမတော်ကို အန်တိုနီ စွန့်ပစ်သွားတယ်ဆိုပြီး လက်စာချေလိုတာကတစ်ကြောင်း ဆီဇာရွှန်းခေါ် ဆီဇာကလေးရဲ့ ရန်စွယ်ရန်ငြောင့်ကို ကြိုတင်ကာကွယ်လိုတာက တစ်ကြောင်းကြောင့် ဆီနိတ်လွှတ်တော်အား မတ်အန်တိုနီအပေါ် စစ်ကြေညာဖို့ တိုက်တွန်းလေပါတော့တယ် ။
ဘီစီ ၃၁ ခုနှစ်မှာ အက်ရှမ်ရေကြောင်းတိုက်ပွဲအတွင်း အန်တိုနီနဲ့ ကလီယိုပါးတရားတို့ တပ်တွေ အော့တေးဗီးယန်းရဲ့ တပ်တွေကို မယှဉ်နိုင်ပဲ ဖရိုဖရဲ အရေးနိမ့်ကြတော့တယ် ။ ကလီယိုပါးထရားဟာ သူ့ရဲ့ သင်္ဘောကို ရုပ်သိမ်းပြီး အယ်လက်ဇန္ဒြီးယားမြို့ကို ပြေးလေတယ် ။ နောက်ပါ အခြွေအရံကင်းပြီးဖြစ်တဲ့ အန်တိုနီဟာ ကလီယိုပါးထရားနောက်ကို လိုက်ပြီး ပြေးခဲ့ရတယ် ။ အက်လက်န္ဒြီးယားမြို့ကို ရောက်တဲ့အခါ ကလီယိုပါးထရား သေးဆုံးပြီဆိုတဲ့ သတင်းကို ကြားရတဲ့အတွက် အန်တိုနီဟာ မိမိကိုယ်ကို ဓါးနဲ့ ထိုးသတ်ခဲ့ပါတယ်။ သို့သော် လှည့်စားထားတဲ့ သတင်းဖြစ်ကြောင်း မသေခင် သိရတဲ့အခါ ကလီယိုပါးထရားဆီ ပို့ဆောင်စေခဲ့တယ် ။ ထို့နောက်မှာတော့ ကလီယိုပါးထရားရဲ့ လက်ပေါ်မှာပဲ သေဆုံးသွားပါတော့တယ် ။
ကလီယိုပါးထရားဟာ အော့တေးဗီးယန်းကို မိမိရဲ့ ရူပါရုံနဲ့ မြူဖို့ ကြိုးစားပါသေးတယ် ။ သို့သော် အန်တိုနီကဲ့သို့ မသိမ်းသွင်းနိုင်ခဲ့ပါဘူး ။ အော့တေးဗီးယန်းဟာ သူ့ရဲ့ ဆွဲလိုရာကို မပါရုံတာမကသေးဘူး သံကြိုးနဲ့ ချည်နှောင်ပြီး ရောမဗိုလ်ပုံအလည်မှာ အရှက်ခွဲဖို့ အစည်အစဉ်ကို သိရှိတဲ့အခါ ကလီယိုပါးထရားဟာ မိမိနဲ့အတူ အဆောင်ထားတဲ့ မြွေပွေးငယ်အား မိမိရင်ဝကို ပြန်ကိုက်စေပြီး အဆုံးစီရင်သွားခဲ့ပါတော့တယ် ။ ကလီယိုပါးထရား သေဆုံးပြီး မကြာခင်မှာပဲ အော့တေးဗီးယန်း ဟာ ဆီဇာရွန်းခေါ် ဆီဇာကလေးကို ကွပ်မျက်လိုက်ပါတော့တယ် ။
( စွယ်စုံကျမ်း အပိုင်း ( က ) စာ ၁၁၁ မှ ၁၁၂ အား မှီငြမ်းရေးသားသည် )
ဗဟုသုတ ရရှိနိုင်ကြပါစေ
အစဉ်လေးစားလျက်
#htoohtoolay
myothetzaw23.blogspot.com
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment