ဘာသာရေး သမိုင်း
----
အိန္ဒိယပြည်ကြီးသည် ကျယ်ဝန်းသလောက် လူမျိုးရေး ဘာသာရေး လူမှုထုံးတမ်း ဓလေ့များသည် များပြားလျက်ရှိလေသည် ။
တသီးတခြားနေထိုင်ကြသော နိုင်ငံများသည် အပြိုင်ပေါ်ထွန်းခဲ့ကြပြီးလျှင် အချင်းချင်း စစ်ထိုးကာနေကြ၏ ။ အာရီယန်လူမျိုးများ ဝင်ရောက်လာပြီးနောက်ပိုင်းတွင် ဒရာဗီဒီးယန်းနှင့် အာရိယန်တို့သည် စစ်ပြိုင်တိုက်ခိုက်ကြသည် ။ ထို့နောက် အာရီယန်များက ဒေသများတို့တွင်နေပြီး နိုင်ငံငယ်များကို ခေတ်ပြိုင်တည်ထောင်ကြပြီးလျှင် အချင်းချင်း အဆက်မပျက် စစ်တိုက်နေကြသည် ။
အိန္ဒိယပြည်သို့ ရောက်ရှိနေထိုင်ကြပြီးဖြစ်သည့် ထိုအာရိယန်လူမျိုးတို့ကို ဟိန္ဒူလူမျိုးဟု ခေါ်ကြသည် ။
ဟိန္ဒူလူမျိုးတို့၏ နိုင်ငံရေးအတွေးအခေါ်သည် အီဂျစ် မက်ဆီပိုတေးမီးယားတို့၏ အတွေးအခေါ်များနှင့် မတူသဖြင့် လူနေမှုစနစ်နှင့် ဖွဲ့စည်းပုံ အုပ်ချုပ်ပုံတို့မှာလည်း ကွဲပြားခြားနားကြသည် ။
ဟိန္ဒူတို့သည် နိုင်ငံအုပ်ချုပ်ရာတွင် ဘာသာရေးနှင့် နိုင်ငံရေး၌ တိုက်ရိုက်ဝင်ရောက်လွှမ်းမိုးခြင်းမရှိ ။ ဘုရင်များက တိုင်းပြည်အုပ်ချုပ်ရန်တာဝန်ရှိ၍ ဘုန်းကြီးတို့၏ တာဝန်မှာ ဘုရင်အပါအဝင် ပြည်သူများအား ကိုယ်ကျင့်တရားနှင့် ပတ်သတ်၍ သွန်သင်ဆုံးမရန် တာဝန်ရှိလေသည် ။
ထိုခေတ်တွင် ဓမ္မသျှတ္တရ အမည်ရှိသော ဟိန္ဒူကျမ်းဝင် မနုဓမ္မသတ်သည်အလွန်ထင်ရှားသည် ။ မနုအမည်ရှိသောပုဂ္ဂိုလ်ကို လူအများက မင်းအဖြင့် ရွေးကောက်တင်မြောက်ခဲ့သည်ဟုလည်းကောင်း မနုအား နိုင်ငံသားတို့က နိုင်ငံ၏ အုပ်ချုပ်မှုကို ဆောင်ရွက်ရသည့်အတွက် မိမိတို့ လုပ်ကိုင်ရှာဖွေရရှိသော အကျိုးစီးပွား၏ ဆယ်ပုံတစ်ပုံကို ပေးကြသည်ဟုလည်းကောင်း မင်းကလည်း နိုင်ငံသားများ၏အကျိုးစီးပွားကို ဆောင်ရွက်ရသည်ဟု လည်းကောင်း အစဉ်အလာအားဖြင့် ယုံကြည်ခဲ့ကြ၏ ။
ရှေးဟောင်းဟိန္ဒုတို့၏ လူနေမှုစနစ်သည် အီဂျစ် ဘေဘီလိုးနီးယန်း အားဆီးရီးယန်း စသည့် လူ့အဖွဲ့စည်းများစွာကဲ့သို့ ကျေးပိုင် ကျွန်ပိုင် စနစ်မရှိခဲ့ပေ ။ အိမ်မှုလုပ်ငန်းများအတွက် အခနှင့် ငှားရမ်းခိုင်းစေသည့် ကျေးကျွန်များသာရှိလေသည် ။ ဤကျွန်ခိုင်းစနစ်သည် ရောမခေတ်တွင်ရှိသော ကျေးပိုင် ကျွန်ပိုင်စနစ်မျိုးနှင့်မတူပေ ။ ဆိုလိုသည်မှာ ဘေဘီလုံမှ ကျွန်ပိုင်စနစ်မျိုးဖြစ်သည် ။ အကျဉ်းချုပ်ဖေါ်ပြရလျှင် ကျွန်သည် ကျွန်ကို ဝယ်ယူနိုင်ပြီး ဝယ်ယူထားသောကျွန်ကို ဝယ်ယူသည့် ကျွန်၏သခင်က ပိုင်ဆိုင်ခြင်းမရှိပေ ။ ကျွန်သည်လည်း တစ်နည်းနည်းဖြင့် ပိုက်ဆံ အသပြာ ရှိလာခဲ့သည်ဆိုသော် မိမိကိုယ်ကို ကျွန်ပိုင်ရှင်ထံမှ ရွေးထုတ်ယူနိုင်လေသည် ။ ယခုဆိုလိုသောစနစ်မှာလည်း ဤကဲ့သို့ပင်ဖြစ်၏ ။
ဟိန္ဒူတို့၏ လူ့အဖွဲ့အစည်းတွင် မူလက ဇာတ်ကွဲများ မရှိသော်လည်း နောင်တွင် နိုင်ငံနှင့် လူမျိုးတို့၏ တာဝန်များကို ခွဲခြားသတ်မှတ်ရာမှ ဇာတ်များပေါ်လာခဲ့လေသည် ။
အာရိယန်လူမျိုးတို့ ရောက်မလာခင်ကပင် ရှေးဟောင်းဟိန္ဒု မြစ်ဝှမ်းယဉ်ကျေးမှုခေတ်၌ ဘာသာအယူဝါဒများ ရှိခဲ့သည် ။ ဟိန္ဒူတို့၏ ကိုးကွယ်မှုအခြေခံများသည် ရှေးမဆွက ရှိခဲ့သည်ဟု သုတေသီတို့ကဆို၏ ။ သို့သော် အထောက်အထားမခိုင်လုံသောကြောင့် မည်သူမျှအတိအကျမပြောနိုင်ခဲ့ချေ ။
အာရိယန်တို့ ရောက်လာပြီးနောက် ဖြစ်ပေါ်လာသော ဘာသာရေး စာပေနှင့်ပတ်သတ်၍ အခိုင်အမာ အထောက်အထားများ ရှိခဲ့ပေသည် ။ အာရိယန်တို့နှင့်အတူ မန္တာန်အတက်သည်တစ်ပါးတည်း ပါလာခဲ့သည် ။ ထိုမန္တာန်ပေါ်သော ခေတ်မှစ၍ ဘာသာရေးနှင့်စာပေများ ဒွန်တွဲပေါ်လာခဲ့သည် ။
ထိုခေတ်ကို ဝေဒခေတ်ဟု ခေါ်သည် ။ ထိုခေတ်တွင်ဝေဒဗေဒင် လေးမျိုး လေးပုံ ပေါ်ခဲ့သည် ။ ထိုဗေဒင်အတက်လေးမျိုးမှာ ရီဝေဒ ။ ဆာမဝေဒ ။ ယဇုဝေဒ ။ အာတဗ္ဗဏဝေဒ တို့ဖြစ်သည်။
၎င်းဝေဒကျမ်းအားလုံးတွင်ရှိသော လင်္ကာများမှာ ဘုရားဂုဏ်ကို ရွတ်ဖတ်ခြင်းနှင့် နတ်များအား ပင့်ဖိတ်ပူဇော်ရာတွင်လည်းကောင်း ယဇ်ပူဇော်ရာတွင်လည်းကောင်း ပြုလုပ်သော ကျင့်စဉ်များဖြစ်သည် ။အားလုံးသော ဝေဒတို့သည် နှုတ်တိုက်ရွတ်ဆိုသော မန္တာန်များဖြစ်သည် ။ ထိုမန္တာန်များကို သင်ကြားရာ၌ လည်း နှုတ်တိုက်သင်ကြားရသည် ။
ဟိန္ဒူတို့သည် နတ်များစွာကို ကိုးကွယ်ကြ၏ ။ ဟိန္ဒူတို့သည် ဝေဒ - ဒေဝီ မြောက်များစွာ ကိုးကွယ်ကြသော်လည်း နောက်ဆုံးအချုပ်မှာ ဗြဟ္မာဟုခေါ်သည့် တစ်ဆူတည်းသော ဘုရားတစ်ဆူသာဖြစ်သည် ။
ပညာသင်ရာ၌ ရှေးဦးစွာ ရိုးရိုးနှုတ်တိုက်သင်ရာမှ နောင်တွင် အရေးပါသော စကားလုံးများကိုရွေးချယ်စပ်ဟပ်၍ မန္တာန်များဖွဲ့ကာ သင်ကြားသည် ။ ထိုအခါ၌ သုတ်တရားပေါ်လာခဲ့သည် ။ ထို့နောက် သုတ်များကို အကျယ်ချဲ့သော ဘာသာပေါ်လာသည်။
ထိုအခါ ယဇ်ပူဇော်ခြင်း မင်္ဂလာယူခြင်တို့နှင့် ပတ်သတ်သည့် ဗြဟ္မာဏကျမ်းများ ပေါ်လာသည် ။ ထိုခေတ်၌ ပုဏ္ဍားများသည် မင်းဘုရင်တို့၏ဆရာများ ဖြစ်လာကြသည် ။
ထို့နောက်တွင် တောထွက်၍ အမှန်တရားကို ရှာဖွေသောသူများ ပေါ်လာသည် ။ ထိုသို့ တောထွက်သူများကို အရညဝါသီဟု ခေါ်သည် ။ နောက်ပိုင်းတွင် ဘာသာရေးနှင့်ပတ်သတ်၍ တွေးခေါ်ရှင်များ ပေါ်လာသည် ။ ထိုသူများကို ဥပဏ္ဍစ္စ ဟုခေါ်သည် ။ ဤတွေးခေါ်ရှင်များခေတ်တွင် ဘာသာရေးဂိုဏ်ပေါင်းများစွာ ပေါ်ပေါက်လာခဲ့သည် ။ ထိုဂိုဏ်းများအနက် အချို့က ဝေဒကိုလက်ခံ၍ အချို့က ဝေဒကို လက်မခံကြချေ။
အမှန်မှာ ဝေဒသည် လူတို့က သိသည်ဖြစ်စေ မသိသည်ဖြစ်စေ လောက၌ အမြဲရှိနေသော တရားဖြစ်သည်ဟု ယူဆကြသည် ။ ထိုဝေဒကို လက်ခံသည့်ဂိုဏ်းများက ယဇ်ပူဇော်ခြင်း နတ်ကိုးကွယ်ခြင်း စသည့် လုပ်ငန်းများကို လုပ်ကိုင်ကြ၏ ။ ရဟန်းပုဏ္ဍားတို့သည် ဝေဒနှင့် ကိုးကွယ်သူများ စပ်ကြားတွင် ဆက်သွယ်ရေး တာဝန်များကို ထမ်းဆောင်ကြသည် ။
ထိုအထဲတွင် ဝေဒကို စွန့်ပျယ်သော ဂိုဏ်းသုံးမျိုးရှိသည် ။ ၄င်းတို့မှာ . . .
ကိုယ်ခန္ဓာကို ညှင်းပန်း၍ အကျင့်ကျင့်သောဂိုဏ်း ။
ဘုရားမရှိ ဘဝမရှိဟု ယူဆသော ရုပ်ဝါဒီသမားများဂိုဏ်း နှင့်
ရုပ်နာမ်တို့ကို အသိအမှတ်ပြုအပ်သော မဇ္ဈိမပဋိဒါ အလယ်အလတ် ကျင့်သူများဂိုဏ်း ( ဗုဒ္ဓဂေါတမဝါဒီ ) တို့ဖြစ်ကြသည် ။
ထိုအချိန်ကာလ၌ ဗုဒ္ဓဝါဒီသည် အနူးညံ့ဆုံး အသိမ်မွေ့ဆုံး ဖြစ်သည်ဟု လက်ခံကြလေသည် ။
ဗုဒ္ဓဂေါတမက ဗြဟ္မာဏယဉ်ကျေးမှု၏ အခြေတည်ရာ ဇာတ်များ ခွဲခြားသည့်စနစ်ကို ရှုတ်ချ၍ သစ္စာလေးပါးတရားများကို ဟောကြားတော်မူ၏ ။ ဂေါတမဗုဒ္ဓ လောကီဆိုင်ရာ အဆုံးအမများနှင့် နိုင်ငံရေးကျင့်စဉ်ကို ပြုပြင်ပြောင်းလဲပေးခဲ့သည် ။
ထိုဟိန္ဒူတို့၏ ဥပဏ္ဍစ္စခေတ် ဂိုဏ်းများထွန်းကားလာသည့် အချိန်အထိ ကျောက်ထက်အက္ခရာတင်ခြင်း မရှိသေးဘဲ ဂုရု ဆရာများက နှုတ်တိုက် သင်ပေး ပို့ချခြင်းမျိုးသာရှိ၏ ။
ဟိန္ဒူတို့ ထိုဂိုဏ်းဂန အမျိုးမျိုး ပေါ်ပေါက်ချိန်တွင် ဂေါတမမြတ်စွာဘုရားပွင့်ထွန်းခဲ့သော်လည်း ဗုဒ္ဓသာသနာမှာ အရိယန်နွယ်ဝင် ဟိန္ဒူတို့နိုင်ငံ၌ ကြာရှည်စွာ မတည်တံ့ခဲ့တော့ချေ ။ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက်ပိုင်းတွင် ဟိန္ဒူတို့သည် ဗြဟ္မာဏအယူကိုပင်ဆက်လက်၍ ယုံကြည်ကိုးကွယ်ခဲ့ကြသည် ။
ဗြဟ္မာဏဘာသာ၏ အချုပ်မှာ သဘာဝတရားအားလုံးကို ထာဝရမဟာဗြဟ္မာကြီးက ဦးစီးချုပ်ကိုင်နေ၏ ။ မဟာဗြဟ္မာကြီးသည် ဤကမ္ဘာလောကကြီးတစ်ခုလုံးကို ဖန်ဆင်းသူ ထာဝရသခင်ကြီးဖြစ်၏ ။ ဗိဿနိုးကား ကမ္ဘာကြီးကို စောင့်ရှောက်သူ နတ်ကြီးဖြစ်၏ ။ သီဝကား အချိန်တန်လျှင် ကမ္ဘာကြီးကိုဖျက်ဆီးပစ်ရန် တာဝန်ရှိသည့် နတ်ကြီးဖြစ်သည်ဟုဆို၏ ။
ထို့ကြောင့် ဟိန္ဒူဘာသာဝင်တို့သည် ဤနတ်ကြီးသုံးပါးကို အထူးသလည် ဦးထိပ်ထား၍ ကိုးကွယ်ကြသည် ။ ဤဟိန္ဒူ ဗြဟ္မာဏဘာသာ၌ သီဝဂိုဏ်း ။ ဗိဿနိုးဂိုဏ်း ။ လက်ချမီးဂိုဏ်း စသည်ဖြစ် ဂိုဏ်းခွဲများ ရှိသည်ဆို၏ ။ ဟမီလ်ရပီ ။ ဂူဂျာရသီ ။ ယူဗီ ။ ဘီဟာရီ ။ နိပေါလ် ။ ပန်ချာပီ စသည့်လူမျိုးတို့မှာ ဗြဟ္မာဏ ( ဟိန္ဒူဘာသာ ) ဘာသာဝင်များဖြစ်ကြောင်း လေ့လာတွေ့ရှိရသော သမိုင်းတို့ကို ဆက်စပ်၍ ရေးသားတင်ပြလိုက်ရပါ၏ ။
( ကျောင်းအုပ်ဆရာကြီး ဦးသောင်းဖေ ရေးသားပြုစုသော ဘာသာကြီးများလက်စွဲကျမ်းအား မှီငြမ်းရေးသားသည် )
#htoohtoolay

Comments
Post a Comment