အယုတ်စား အလှူခံအား လှူပုံ နှင့် လူယုတ် မုဒိမ်းသမား အလှူခံအား လှူပုံ
----
၁ ။ ခွေးတစ်ကောင်အား စားသောက်ဖွယ်တစ်ခုခုကို ဝတ္တရားအနေဖြင့် ကျွေးမွေးလိုက်လျှင် ဒါနကုသိုလ် သာမန်ပဲဖြစ်၏ ။
၂ ။ ထိုသို့မဟုတ် … ယင်းခွေးအား စားဖွယ်ကို ကျွေးရာ၌ ခွေးဟူသော အမှတ်ကိုဖယ်ပြီး ပရမတ္ထရုပ်အစုနှင့် နာမ်အစုအနေဖြင့် ပြောင်းကာ ယင်းပရမတ္တ ရုပ်နာမ်တို့အား တောင့်တင်းစေရန် ထောက်ပံ့ပေးအံ့ဟု နှလုံးသွင်း၍ ပေးလှူလိုက်လျှင် နံပါတ် ၁ ထက် ကုသိုလ်ပိုလာသည် ။
၃ ။ ထို့အပြင် ယင်းခွေး ဟူသော အမှတ်ကိုဖယ်ပြီး ဖြစ်ပေါ်စဲ ရုပ်နာမ်တို့ တောင့်တင်းစေရန်လည်းကောင်း ထိုသို့ တောင့်တင်းခွင့်ရ၍ လမ်းဖြာ ကြည်ရွှင်မှုရစေရန်၎င်း ထောက်ပံ့ပေးအံ့ဟု ညာဏ်ရှင်နှလုံးသွင်း၍ ပေးလှူလိုက်လျှင် နံပါတ် ၂ ထက် ကုသိုလ်တွေ တိုးမြင့်လာ၏ ။
၎။ ထို့အပြင် နံပါတ် ၃ လာ ရည်မှန်းချက်တို့နှင့်တကွ လမ်းဖြာ ကြည်ရွှင်မှုရသဖြင့် ကျွေးမွေးသူ ကျေးဇူးရှင်တို့အပေါ်၌ မေတ္တာဓါတ်ဝင်၍ ကုသိုလ်ဓမ္မဖြစ်ပေါ်စေရန် ၄င်း ထိုကုသိုလ် ဓမ္မဖြင့် ကြုံတွေ့နေရသော ခွေးတိရိစ္ဆာန်ဒုက္ခမှ လွတ်ပေါက်ရောက်ရှိစေရန်၎င်း ပညာဖြင့် မြှော်ခေါ်၍ ကောင်းကျိုးအမျိုးမျိုးကို တကယ်ရရှိစေလိုသော မေတ္တာ ကရုဏာတို့ ခြံရံကာ ထက်သန်သော စေတနာ သဒ္ဓါတို့ဖြင့် ပေးလှူလိုက်လျှင် နံပါတ်သုံးထက် ကုသိုလ်ရရှိမှု ပိုမိုမြင့်တက်သွားတော့၏ ။
၅ ။ ထို့နောက် နံပါတ်လေးလာ စေတနာတို့နှင့်တကွ ယင်းဒါနကံကြောင့် ဒုက္ခိတ သတ္တဝါအနတ္တတို့၏ ကောင်းကျိုးတွေကို ဆောင်ရွတ်နိုင်ရန်၎င်း ယင်းဓမ္မဒါနကို အမှီပြု၍ ဓမ္မဒါနဘက်၌ ပိုမိုအမြင်ကျယ်ကာ အကြိမ်ကြိမ် ဆက်၍ ပြုနိုင်စေရန်လည်းကောင်း ယင်းဒုက္ခိတ ရုပ်နာမ်အခြေအနေတို့သည် ဒုဂ္ဂတိဒုက္ခကို သိမြင်စေခွင့်ရသဖြင့် ဒုဂ္ဂတိဒုက္ခနှင့် သုဂတိဒုက္ခဟူသမျှသည် ဒုက္ခစာရင်းထဲသာဝင်နေတော့၍ ထိုထိုဒုက္ခဟူသမျှမှ လွတ်ကင်းရာ နိဗ္ဗာန်သည်သာ မြဲသောချမ်းသာ အစစ်ပါတကားဟု ညာဏအမြင်ပေါက်လျက် ဤဓမ္မဒါနအစုကြောင့် နိစ္စ သုခဖြစ်သော နိဗ္ဗာန်အတွက် အထောက်အပံ့ကုသိုလ်သည် ဖြစ်ပါစေတသည်း ဟု ညာဏဝင်ကာ ပေးလှူလိုက်လျှင် နံပါတ် ၄ ဒါနထက် မြင့်မြတ်သွားတော့၏ ။
အထက်ပါဒါနပုံကိုနမူနာပြု၍ ခွေးတိရိစ္ဆာန်ကိုပင် ဒါနပြုရာ၌ အယုတ်စား ခွေးသတ္တဝါဟူသော ဝေါဟာရ ပညတ်သညာကို ညာဏ်ဖြင့်ဖယ်ရှား၍ အလှူခံကို ပရမတ္ထ ရုပ်နာမ်အဖြင့်သို့ ဦးစွာ ပြောင်းတက်ရန်အရေးကြီ၏ ။
ထိုသို့ အလှူခံသည် သတ္တဝါနှင့် ပုဂ္ဂိုလ်မဟုတ်တော့ပဲ ဓမ္မအနေ ရောက်သွားလျှင် ဓမ္မ ဒါနအဖြင့်သို့ စတင်ရောက်ရှိသွာလေပြီ ။
ယင်းသို့ ဓမ္မဒါန ရောက်လာချိန်ကစ၍ မိမိညာဏ်အမြင်ရှိသလောက် ဓမ္မဒါန အဆင့်ဆင့် မြင့်တက်သွားနိုင်တော့သည်သာဖြစ်သောကြောင့် အထက်ပါပုံစံကို နမူနာထားလျက် မိမိတို့ညာဏ်ရှိသလို တိုးချဲ့ဆင်ခြင်သွားကာ ကောင်းကျိုးအဖုံဖုံကို ထုတ်ယူနိုင်တော့၏ ။
ထို့နောက် လူယုတ် မုဒိမ်းသမား အလှူခံအား လှူပုံကို နည်းနည်းဆင်ခြင်တက်စေရန် ဖေါ်ပြပါအုန်းမည် ။
အလှူခံသည် မျက်မြင်ဓါတ်သိ လူယုတ်မာ မုဒိမ်းသမားဟုဆိုရာ၌ ဤကိစ္စအတွက် သဘောပေါက်ရန်မှာ ပရမတ္ထ တရားသဘောအရ သုံးသပ်လိုက်လျှင်မူ ယုတ်မာမှုနှင့် ကောင်းမှုသည် ထာဝရ မရှိနိုင်ပေ ။ အခိုက်အတန့်မျှသာ ရှိနေသည်ဟု သိ၏ ။
ထင်ရှားအောင် ပြရလျှင်မူ ယုတ်မှု မြတ်မှုသည် နာမ်တရားတာ ဖြစ်သည် ။ ယင်းနာမ်တရားနှင့် ယုတ်တရားတွေပါ တစက္ကန့်အတွင်းမှာပင် ဖြစ်ပျက်ပြောင်းလွှဲနေကြသောကြောင့် ယခင်အချိန်က ယုတ်မှုနှင့် မြတ်မှုတို့သည် နောက်စက္ကန့်အချိန်မှာပင် မရှိတော့ပေ ။ နောက်စိတ် နောက်နာမ်နှင့် နောက်ရုပ်အသစ်တွေသာ ဖြစ်ပေါ်ပြောင်းလဲလျက် ရှိနေလေတော့ရာ ယင်းရှေ့က ဖြစ်ပေါ်ခဲ့သော နာမ်နှင့် ရုပ်တို့ကို မပျောက်ပျက်ပဲ တည်နေအောင် မည်သူမျှ မတက်နိုင်ကြပေ ။
( ဥပမာပင်လျှင်မူ သတ္တလောက၌ မယုတ်မာဖူးသောသူသည် မရှိပေ ။ ပွင့်ထွန်းတော်မူခဲ့ပြီးသော ဘုရားရှင်များ ပွင့်လတ္တံ့ဘုရားရဟန္တာများနှင့်တကွ ငါ သူတစ်ပါး ယောက်ျား မိန်းမ အစရှိသည့် ငါ သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါတို့သည် ရှည်လျာလှသော သံသရာအဆက်ဆက်အတွင်း၌ ယုတ်မာသူ မုဒိမ်းပြုသောသူ ခိုးဆိုးသောသူ သူ့အသတ်ကို လွန်စွာ သနားခြင်းကင်း၍ ရက်စက်စွာသတ်ဖြတ်ခဲ့သောသူများပင် အကြိမ်ကြိမ်ဖြစ်ခဲ့ ကျင်လည်ခဲ့ရလေသည် ။ ထိုစရိုက်မျိုးကို မြတ်စွာဘုရားတို့ပင်လျှင် သံသရာ၌ ကျင်လည်ခဲ့ရ၏ ။ ဤသည်မှာ ရှေ့ရုပ်နှင့် နောက်ရုပ် ရှေ့စိတ်နှင့် နောက်စိတ်တို့မှာ မတူသည်အား ကောင်းစွာနှလုံးသွင်းလျှင်မူ လွန်စွာ ဓမ္မဒါန မြောက်ပေတော့လေတသည်း )
လှူဒါန်းဒါနကို ညာဏ်ဖြင့်ဆင်ခြင်၍ ရိုးရိုးဒါနအား ဓမ္မဒါနအသွင်ထိရောက်အောင် ရှုမြင်လှူဒါန်းနိုင်ကြပါစေခင်ဗျာ ။
#htoohtoolay

Comments
Post a Comment