ရှေးခေတ်က ကွန်ပျူတာ
-----
သမိုင်းကြောင်းတွေဟာ အဖြောင့်အတိုင်းမဟုတ်ပဲ ကွေးကောက်နေတဲ့သဘောကို ဆောင်နေပါတယ် ။ ဘာကြောင့်လဲဆိုတော့ ခေတ်ဆိုတာဟာ တစ်ဖြေးဖြေး တိုးတက်လာတယ်လို့ ဆိုရတာဟာ အင်မတန် ဆင်ခြင်စရာကောင်းတဲ့အချက် ဖြစ်လာလို့ပါပဲ ။ ကွန်ပျူတာဟာ အခုခေတ်မှ ပေါ်လာတယ်လို့ ဒီလိုမှတ်ယူမယ်ဆိုရင် သင်ဟာ ခေတ်ကို အဖြောင့်တိုင်း မြင်တဲ့သဘောတာဖြစ်ပြီး ကျွန်ပျူတာဆိုတာ ဟိုးးးးရှေ့ခေတ်ကတည်းက ပေါ်ပေါက်ခဲ့ပါပြီဆိုတာကို သိရမယ်ဆိုရင် သင်ဟာ ခေတ်ကို အကွေးအနေနဲ့ မြင်ရမှာမဟုတ်ပါလား ။ ဘာကြောင့်လဲဆိုတော့ ခေတ်ဆိုတာ တိုးတက်လာတာလား ယုတ်လျော့လာတာလားဆိုတာ သင်မဝေခွဲနိုင်အောင်ရှိလာလို့ပါပဲ ။ အဲ့ဒီ့လိုအချက်နဲ့ပတ်သတ်ပြီး သိပ္ပံဆရာတွေ အင်မတန် အံ့သြစရာကောင်းတဲ့ အဖြစ်အပျက်တို့ကို မကြာခဏဆိုသလို တွေ့ရှိနေတာပဲဖြစ်တယ် ။ အဲ့လို အံ့သြစရာတွေထဲကမှ အခုမှာတော့ ရှေးခေတ်ကွန်ပျူတာ တစ်ခုကိုရေးသားမှာဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်လောက်က ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ ဆူးမား လူမျိုးတစ်ခုဟာ ကမ္ဘာအပါအဝင် ဂြိုလ်ကြီးရှစ်လုံးက နေကို လှည့်ပတ်နေတယ်ဆိုတာ သိပြီးဖြစ်နေတယ် ။
၂၀ ရာစု အစောပိုင်းကာလဖြစ်တဲ့ ၁၉၀၁ ခုနှစ်ရဲ့ အီစတာပွဲတော်နေ့ မတိုင်မီဖြစ်တယ် ။ ဂရိနိုင်ငံပိုင် အန်တီကစ်သီးရားကျွန်းအနီးမှာ ပင်လယ်ပြင်ထွက် ရေမြုပ်ငုပ်သမားတစ်စုဟာ ရေငုပ်ပြီး ရေမြုပ်များကို စုဆောင်းနေစဉ် ရှေးဟောင်းသင်္ဘောပျက်တစ်စီးကို ရေအောက်မှာ ရှာဖွေတွေ့ရှိခဲ့တယ် ။ အဲ့ဒီ့သင်္ဘောကို ဆယ်ယူကြတဲ့အခါ အဖိုးတန်ပစ္စည်းများနည်းတူ အဲ့ဒီ့အထဲမှာ ကြေးညိုနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတစ်ခုနဲ့ အဲ့ဒီ့ပစ္စည်းအစိတ်အပိုင်းတွေလို့ ယူဆရတဲ့ အခြားအပိုင်းအဆ အတော်များများကိုလဲ ဆယ်ယူရရှိခဲ့တယ် ။ သက်တမ်းကို တွက်ကြည့်တဲ့အခါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ခန့်က ပစ္စည်းတစ်ခုဖြစ်ကြောင်း တွေ့ရတော့ပါတယ် ။ ပင်လယ်အောက်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့အတွက် အသေးစိတ် အချက်အလက်တွေတော့ ပျောက်ကွယ်ခဲ့ပါပြီ ။
ဒါပေမယ့် လေ့လာမှုများအရ အဲ့ဒီ့ပစ္စည်းကိရိယာမှာ သေတ္တာပုံစံတစ်ခုပါဝင်ပြီး အဲ့ဒီ့ သေတ္တာရဲ့ အပြင်ဘက်မှာ ဒိုင်ခွက်များ ပါဝင်ကာ သေတ္တာအတွင်းမှာဆိုရင် ဂီယာဘီးများကို အလွန်ရှုပ်ထွေးစွာ တပ်ဆင်ထားပါတယ် ။ ဥပမာအနေနဲ့ ပြောရရင်တော့ အဲ့ဒီ့စက်ပစ္စည်းက ၁၈ ရာစုမှာ ပြုလုပ်တဲ့ စက်နာရီ တစ်ခုလိုပါပဲ ။ ဒါ့အပြင် ပတ္တာများနဲ့ တွဲဆက်ထားတဲ့ တံခါးများလဲ ပါရှိရုံတာမက အဲ့ဒီ့တံခါးတွေဟာ သေတ္တာပေါ်မှာရှိတဲ့ ဒိုင်ခွက်များကို အကာအကွယ်ပေးထားကြတယ် ။ အဲ့ဒီ့ တံခါးများပေါ်မှာ ရှေးခေတ် ဂရိအက္ခရာများနဲ့ ရှည်လျားစွာ ရေးသားထားတဲ့ အရေးအသားတွေကို တွေ့ရပါတယ် ။ သုတေသီများအလိုကတော့ အဲ့ဒီ့ စာတမ်းတွေဟာ အဲ့ဒီ့ကိရိယာ အလုပ်လုပ်ပုံနဲ့ တည်ဆောက်ပုံကို ရေးထိုးထားတယ်လို့ ယူဆကြတယ် ။ လေ့လာမှုများအရ အနည်းဆုံး ဂီယာဘီး ၂၀ ခန့်တို့ကို အလွန်ခေတ်မီတဲ့ နည်းစနစ်များနဲ့ တစ်ခုကို တစ်ခု ချိတ်ဆက် လည်ပတ်နိုင်အောင် တည်ဆောက်ထားခဲ့တယ် ။ အဲ့ဒါအပြင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က စုဆောင်းရရှိတဲ့ ပစ္စည်းများမှာ ဒီလိုကိရိယာမျိုး တစ်ခုတစ်လေတောင် မတွေ့ဖူးကြတာပါပဲ ။ အဲ့ဒါကြောင့် ဘာမှန်းမသိတဲ့ကိရိယာဟာ မဖြေရှင်းနိုင်တဲ့ ပဟေဠိအဖြင့် တဖြေးဖြေး ထင်ရှားလာခဲ့ပြီး အန်တီကစ်သီးရားမှ စက်ကိရိယာအမည်နဲ့ ကမ္ဘာကျော်လာခဲ့တော့တာပါပဲ ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်က နည်းပညာများဟာ အခုခေတ် ပညာမျိုးတွေဖြစ်ပေါ်နေတာဟာ အင်မတန် အံ့သြစရာပါပဲ ။ တွေ့ရှိရတဲ့အထောက်အထား ခေတ်ပေါ်နည်းပညာများနဲ့ တွက်ချက်မှုများအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကလို့ အတိအကျ ဖေါ်ပြနေပါတယ် ။ အချို့က လွန်ခဲ့တဲ့ အနှစ် နှစ်ထောင်က ဂရိတို့ဟာ အဲ့ဒီလို ဆန်းပြားတဲ့ ကိရိယာများကို တည်ဆောက်ခြင်းကို စိတ်ဝင်စားမှုမရှိပဲ ကျွန်များကိုသာအသုံးပြုကြတယ်လို့ ဆိုတယ် ။ ဒါပေမယ့် တစ်ဖက်က ကြည့်မယ်ဆိုရင် သင်္ချာပညာ စတင်တီထွင်ခဲ့သူများမဟုတ်ခဲ့ပေမယ့် အတိုင်းအတာများမှာ ကျွမ်းကျင်သူများ ဖြစ်နေပြန်ပါတယ် ။ သို့ သော်လဲ လူသားတွေဟာ အလွန်ရှုပ်ထွေးလှတဲ့ အဲ့ဒီ့ကိစ္စကို အဖြေထုတ်ခဲ့ပါတော့တယ် ။
အဖြေထုတ်ခဲ့သူမှာ ဒီရက်ခ် ပရိုက် ဖြစ်တယ် ။ ၁၉၅၉ ခုနှစ်မှာ အင်္ဂလိပ့်လူမျိုးသမိုင်းပညာရှင် ဒီရက်ခ် ပရိုက်က အဲ့ဒီ့ ကိရိယာဟာ နက္ခတ္တဗေဒမှာ အသုံးပြုဖို့အတွက် တည်ဆောက်ခဲ့တဲ့ ကိရိယာဖြစ်ပြီး အာကာသအတွင်းက အဖြစ်အပျက်တွေကို ဟောကိန်းထုတ်ဖို့ အသုံးပြူခဲ့တာလို့ ပြောဆိုလိုက်ပါတယ် ။ ဒါ့အပြင် ၁၉၇၄ ခုနှစ်မှာ ထပ်မံပြီး အဲ့ဒီ့ စက်ကိရိယာအတိုင်း ပုံစံတူ တစ်ခုကို ဖန်တီးပြခဲ့ပါတယ် ။ စက်ကိရိယာကို တည်ဆောက်ပြီး အဲ့ဒီ့ စက်ကိရိယာထဲကို အတိတ်နဲ့ အနာဂတ် ရက်စွဲတွေကို ထည့်တွင်းကြည့်တဲ့အခါ အဲ့ဒီ့ စက်က နေ လ အစရှိတဲ့ ဂြိုလ်တွေ နက္ခတ္တ ပညာအချက်အလက်တွေကို ပေးခဲ့တယ် ။ အဲ့ဒီ့အတွက် ယင်းစက်ဟာ ယနေ့ခေတ် ကွန်ပျူတာ တစ်လုံးကဲ့သို့ လိုအပ်တဲ့ ရက်စွဲကို ကိရိယာအတွင်း ထည့်တွင်းလိုက်ပါက နေ လ နဲ့ ဂြိုလ်များရဲ့ အနေအထားကိုဖေါ်ပြတဲ့ အဖြေတွေထွက်ပေါ်လာပါတယ် ။ ပရိုက်စ်တာမက အခြားသော သုတေသီပညာရှင်တို့ကလဲ အဲ့ဒီ့အချက်ကို ထောက်ခံတွေ့ရှိမှုတွေ ရှိလာခဲ့ကြတယ် ။ ဒါပေမယ့် ဆောင်ရွက်ပုံ အားလုံးကိုတော့ အတိအကျ မသိရှိကြသေးပါဘူး ။
ယခုအခါမှာ အံ့သြစရာကောင်းလောက်အောင် အဲ့ဒီ့ စက်ကိရိယာကို အန်တီကစ်သီးရားစက်ကရိယာ စီမံကိန်းအမည်နဲ့ ကားဒစ်တက္ကသိုလ် / အေသင် တက္ကသိုလ် / အရစ်စတိုတက္ကသိုလ် / အေသင်သဘာဝသမိုင်းပြတိုက် / အင်္ဂလန်မှ အိပ်က်စ်တက်ခ်ဆစ်စတမ် / အမေရိကန်မှ ဟောလပ်ပက်ကော့ထ် ကုမပ္ပဏီတို့က အတူပူးပေါင်းပြီး လေ့လာမှုတွေ ပြုလုပ်နေကြတယ် ။ အခုအခါမှာ အလွန်ခေတ်မီတဲ့ စက်ကိရိယာများကို အသုံးပြုပြီး လေ့လာကြတဲ့အတွက် ကျန်ရှိတဲ့ အစိတ်အပိုင်း ရှစ်ဆယ်ကျော်ကို ထပ်မံ တွေ့ရှိပြီးဖြစ်ပါတယ် ။ သို့အတွက် မကြာမီအတွင်း အဲ့ဒီ့ ကိရိယာကို ပြည့်စုံတဲ့ ပုံစံအနေနဲ့ ထပ်မံတည်ဆောက်နိုင်ပြီး အလုပ် လုပ်နိုင်စွမ်းကိုပိုမို သိရှိရတော့မှာပဲဖြစ်ပါတယ် ။
#htoohtoolay

myothetzaw23.blogspot.com
Comments
Post a Comment