Skip to main content

ထူးဆန်းသော ဝတ်ရုံတော်



ထူးဆန်းသော ဝတ်ရုံတော်
----
ထူးဆန်သော ဝတ်ရုံတော်သည် အတိုင်းအတာအားဖြင့် ( 4.4×1.1m ( 14.3 × 3.7 ft ) အလျား အနံရှိသော ထောင့်မှန်စတုဂံ အဝတ်စ တစ်စပင်ဖြစ်ပြီး ယင်းအပေါ်တွင် လူယောက်ျားတစ်ဦး၏ ပုံပေါ်နေသည် ။ ထို့ပြင် ပေါ်လွှင်နေသော ကိုယ်ခန္ဓာနှင့် ယင်းအပေါ်တွင် ရှိသော ဒဏ်ရာအနေထားတို့က လက်ဝါးကပ်တိုင်တစ်ခုအထက်တွင် ချိတ်ဆွဲစဉ် ပေါ်ပေါက်ခဲ့သော ဒဏ်ရာများဟု ယူဆနိုင်ပြန်သည် ။ သို့အတွက် ယင်းအဝတ်စအား ခရစ်ယာန်ဘာသာ၏ ဘုရားသခင် ယေရှုခရစ်၏ ကိုယ်ခန္ဓာတော်အား ရစ်ပတ်ကာ ဂူသွင်းခဲ့သည့် အဝတ်စဟု ယုံကြည်ကြသည့်အတွက် ယင်းအဝတ်စသည်ပင် အထွတ်အမြတ်ထားရာ မြင့်မြတ်သောအရာအဖြစ် ဖြစ်ပေါ်လာရတော့သည် ။ သို့သော် ယင်းဝတ်ရုံတော်အားလေ့လာကြသော သုတေသီများအကြားတွင်လဲ အယူအဆ ကွဲလွှဲမှုများ အများအပြားလဲ ရှိနေကြလေ၏ ။ ယုံကြည်သူများမှ ယင်းဝတ်ရုံတော်သည် ထာဝရဘုရားသခင် ပြန်လည်ရှင်ပြန်ထမြောက်လာသည့်အချက်အား အထောက်အပံ့ပြုသော မြင့်မြတ်သည့် သက်သေပြချက်ပင်ဖြစ်သည်ဟု ယူဆကြသော်လဲ မယုံကြည်သူများမှာမူ ယင်းဝတ်ရုံတော်သည် ယုံလွယ်သူများအတွက် အလွန်ကြီးကျယ်သော လှည့်ကွက်တစ်ခုတာဖြစ်သည်ဟု ယူဆကြပြန်သည်။ တစ်ဖက်မှလဲ ယင်းအဝတ်စသည် ခရစ်တော်အား ရစ်ပတ်မြှပ်နှံခဲ့ရာ ဝတ်ရုံတော်ဖြစ်သည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ သက်သေပြခြင်းမရှိနိုင်သော်လည်း ယင်းအဝတ်စပေါ်တွင် ထင်နေသည့် ဒဏ်ရာများနှင့် လူပုံသဏ္ဍာန်မှာမူ သက်သေပြစရာမလိုသော လုံလောက်သည့် အကြောင်းအချက်ဖြစ်သည်ဟု ယုံကြည်သူများက ဆိုကြပြန်သည်။

ဝတ်ရုံတော်၏ ဇာတ်လမ်းအစ
---
ယင်းထူးဆန်းသောအဝတ်စ သို့မဟတ် အဝတ်ရုံတော်အား 1357 ခုနှစ်တွင်ပြင်သစ်နိုင်ငံ လိုင်ရီ Lirey အမည်ရှိ ရွာငယ်တစ်ခုရှိ ဘုရားကျောင်းငယ်တစ်ခုအတွင်း တွေ့ရှိခဲ့သည် ။ ထို့နောက် 1578 ခုနှစ်မှ ယခုအချိန်ထိ ယင်းဝတ်ရုံတော်အား အနီရောင် ပိုးထည်စဖြင့် ရစ်ပတ်ကာ အလွန်ခိုင်ခန့်သည့် ငွေသတ္တာကြီးအတွင်း ထည့်သွင်းပြီးအီတလီနိုင်ငံ တူရင် ( Turin ) မြို့ရှိ စိန့်ဂျွန် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် အလွန်လုံခြုံစွာ ထားရှိသည် ။

ဝတ်ရုံတော်၏ ထူးခြားဆန်းကြယ်မှုများ
---
သာမန်အားဖြင့် ပုံမှန်အဝတ်စတစ်စနှယ် ထင်စရာအကြောင်းရှိသော်လဲ ဝတ်ရုံတော်တွင် ထင်နေသည့် ပုံများမှ အချက်အလက်များမှာမူ ယင်းအဝတ်စသည် ခရစ်တော်အား ရစ်ပတ်သည့် အဝတ်စဟု ထောက်ခံနေသည့် အချက်များ ပါဝင်နေသည်ဟု ယုံကြည်သူ သုတေသီများက ယူဆလျက်ရှိသည် ။ တစ်ဖက်တွင် ယင်းဝတ်ရုံပေါ်ရှိ လက်ဖျံ လက်ကောက်ဝတ်နှင့် လက်ချောင်းများ၏ ပုံရိပ့်များ တည်ရှိနေပုံကို ဖေါ်ပြထားသည် ။ ပုံတွင် ကြည့်ခြင်းအားဖြစ် လက်ကောက်ဝတ်တွင်တင်ခါ သံချောင်းများ ရိုက်သွင်းရာ နေရာဖြစ်သည်ဟု ယူဆကြသည် ။ လူ့ကိုယ်ခန္ဓာအား ကားစင်တင်ရာတွင် လက်ဖဝါးပြင်တွင် ရိုက်ထားပါက ကိုယ်အလေးချိန်အား လက်ဝါးပြင်သည် မခံနိုင်ဘဲ စုတ်ပြဲကာ ပြုတ်ကျမည်ဖြစ်သည် ။ သို့အတွက် သံချောင်းများ ရိုက်သွင်းရာနေရာသည် လူတစ်ကိုယ်လုံး ခံနိုင်သည့် လက်ကောက်ဝတ်နေရာပင် ဖြစ်မည်ဟု ယူဆကြသည် ။

ထို့ပြင် ပုံတွင်ပေါ်နေသည့် လူပုံ၏ ညာဘက်တွင် ဘဲဥပုံစံဒဏ်ရာနှင့် ကြီးမားသော သွေးများစွန်းထင်းနေသည့် အကွက်ကြီးကိုလဲ တွေ့ရမည်ဖြစ်သည် ။ ယင်းဖြစ်ပေါ်နေသော ဒဏ်ရာနှင့် သွေးကွက်များအား ရာဇဝင်ပါ အချက်အလက်များနှင့် သုတေသီများ တိုက်ဆိုင်စစ်ဆေးခဲ့ပြန်သည် ။ ထိုအခါ ယင်းဒဏ်ရာသည် ခရစ်တော်ကား ကွပ်မျက်ရာတွင် ပါဝင်ခဲ့သည့် ရောမလှံကိုင်စစ်သား၏ လှံချက်ရာများဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့သည် ။

ထို့အပြင်လက်ကောက်ဝတ်တွင်ထင်ကျန်ရစ်သော ဒါဏ်ရာ၏ အနေအထားကို အသုံးပြုပြီး ယင်းဒဏ်ရာသည် လူသားတစ်ယောက် မည်သည့်အနေအထားတွင် တည်ရှိစဉ် ရရှိသော ဒဏ်ရာဟု မေးခွန်းထုတ်ကာ စမ်းစစ်မှုများ ပြုလုပ်ခဲ့လေသည် ။ စမ်းသပ်မှုများအရ လက်ကောက်ဝတ်တွင် တည်ရှိနေသော သွေးကွက်သည် လူအား 55 ဒီဂရီ အနေထားနှင့် ထောက်လျက် တည်ရှိနေစဉ် ရရှိသော ဒဏ်ရာမှ ကျလာသော သွေးဖြစ်သည်ဟု အဖြေထွက်လာသည် ။ သာမန်အဖြစ် လူတစ်ယောက်အား အထက်ဖေါ်ပြပါအတိုင်း လက်ဝါးကပ်တိုင်တွင် သံရိုက်ချိတ်ဆွဲထားပါက ယင်းသူသည် မြေပြင်မှ 65 ဒီဂရီ အနေအထားဖြင့် တည်ရှိနေမည်ဟု သတ်မှတ်ထားကြသည် ။ သို့သော် ယခုအခါ စမ်းသပ်မှုမှာ လုတစ်ဦးမှ 55 ဒီဂရီ ထောင်လျက် အနေအထားမှ ကျလာသည့်သွေးဟု အဖြေထွက်သည်နှင့် 10 ဒီဂရီ ကွာခြားနေသည့်အတွက် ယင်းသွေးကွက်သည် ခရစ်တော်အား ကားစဉ်တင်စဉ် ကျလာသည့် သွေးဖြစ်သည်ဟု ကောက်ချက်မဆွဲနိုင် ဖြစ်ရပြန်သည် ။ သို့သော် ဆေးပညာရပ်မှ ဖေါ်ပြချက်များက ယင်းအချက်သည် ဖြစ်နိုင်သည်ဟု အဖြေထွက်လာပြန်သည် ။

ဆေးပညာက လူတစ်ယောက်အား သံဖြင့်ရိုက်ကာ လက်ဝါးကပ်တိုင်တွင် ဆွဲထားပါက အထက်တွင် ဖေါ်ပြချက်အတိုင်း 65 ဒီဂရီဖြင့် တည်ရှိနေသည်မှာ အမှန်ဖြစ်သည် ။ သို့သော် ယင်းအခြေအနေတွင် ထိုချိတ်ဆွဲ ခံရသောသူသည် အလျှင်အမြန်ပင် အသက်ရှုမဝပဲ မွန်းကျပ်လာမည်ဖြစ်သည် ။ သို့အတွက် ထိုသူသည် အသက်ကောင်းစွာ ရှုနိုင်ရန်အတွက် သူ၏ ခန္ဓာကိုယ်အား အပေါ်သို့ 10 ဒီဂရီ မတင်ထားမှသာလျှင် အသက်ကောင်းစွာ ရှုနိုင်မည်ဟု ကောက်ချက်ချခဲ့ကြသည် ။ သို့အတွက် လက်ကောက်ဝတ်တွင်ရှိသော ဒဏ်ရာသည် လူတစ်ဦးတစ်ယောက်အား 55ဒီဂရီ တိမ်စောင်းချိတ်စွဲထားစဉ် ရရှိသော ဒဏ်ရာဖြစ်သည်ဟူသည့်အချက်က ခရစ်တော်အား ကားစင်တွင် တင်ထားစဉ် ရရှိသည့် ဒဏ်ရာဖြစ်သည်ဆိုသည့်အချက်ကို ထောက်ခံလျက် ရှိနေပြန်သည်။ ဤကဲ့သို့ ဝတ်ရုံလွှာပေါ်တွင် တည်ရှိနေသော ဒဏ်ရာပုံစံများနှင့် သွေးကွက်တို့အား အခြေတည်ကာ ယင်းဝတ်ရုံသည် ယေရှုခရစ်အား ဂူသွင်းစဉ်က ပတ်ထားသည့် အဝတ်စ ဟုတ်မဟုတ် ဝေဖန်ဆန်းစစ်မှုများ ပြုလုပ်ခဲ့လေသည် ။ ထို့ပြင် ယင်းပိတ်ဆပေါ်တွင် ပုံရိပ့် မည်ကဲ့သို့ ထင်ကျန်နေကြောင်းကိုလည်း သီအိုရီအမျိုးမျိုးထုတ်ပြန်ခဲ့ကြပြန်သည် ။

ပန်းချီပုံရိပ်သီအိုရီ
---
သီအိုရီများစွာမှ အလွယ်ကူဆုံးနှင့် ပထမဦးဆုံး သီအိုရီမှာ ဝတ်ရုံလွှာပေါ်တွင် ထင်ကျန်ရစ်နေသော ပုံရိပ့်တို့သည် ဆွဲသားထားခြင်း ဖြစ်သည်ဟူ၏ ။ အသုံးပြုသော ဆေးမှာလဲ သံအောက်ဆိုဒ် ( Iron oxide ) နှင့် တိရိစ္ဆာန်များမှ ရရှိသည့် ပရိုတိန်း ( Protein ) တို့ ပေါင်းစပ်ခြင်းဖြင့် ဖေါ်စပ်ထားသည်ဟု ဆိုခဲ့သည် ။

ယင်းသီအိုရီအား '" တူရင်းမှ ဝတ်ရုံလွှာ သုသေတန စီမံကိန်း " မှ သိပ္ပံပညာရှင်များမှ မှန်မမှန် စမ်းစစ်ခဲ့ကြသည် ။ ထွက်ပေါ်လာသည့်အဖြေအရ ယင်းဝတ်ရုံလွှာပေါ်တွင် ပုံပေါ်ရန် ဆွဲသားထားသော မည်သည့်ဆေးမှ တည်ရှိနေခြင်းမရှိဟု အဖြေထွက်လာသည် ။ သီအိုရီတွင် ဖေါ်ပြထားသည့် သေးငယ်သည့် သံအောက်ဆိုဒ် အမှုန့်ကလေးများအား ဝတ်ရုံပေါ်တွင် တွေ့ရှိခဲ့ကြသည် ။ သို့သော် ယင်းသံအောက်ဆိုဒ် အမှုန့်တို့သည် ပုံရေးသားထားသည့်နေရာတွင်သာ တည်ရှိနေခြင်းမဟုတ်ပဲ ဝတ်ရုံပေါ် အနှံ့အပြားတွင် တွေ့ရှိရခြင်းဖြစ်သည် ။ ယင်းသို့ တွေ့ရှိရခြင်းမှာလည်း သမိုင်းစဉ်တစ်လျောက်လုံး ယင်းဝတ်ရုံလွှာအား ပုံတူကူးကာ လေ့လာခဲ့ခြင်းမှ အသုံးပြုသောဆေးများ ဝတ်ရုံတော်ပေါ်တွင် တင်ကျန်နေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့ကြသည် ။

ထိုပြင် ဝတ်ရုံတော်ပေါ်တွင် ထင်ကျန်ရစ်သော ပုံရိမ်တို့သည် နဂ္ဂတစ် ဖြစ်ရုံမျှမက သုံးဘက်မြင် 3D အဖြစ် ရုပ်လုံးကြွလျက် တည်ရှိနေခြင်းဖြစ်သည် ။ ထို့ပြင်ဝတ်ရုံတော်ပေါ်ရှိ ပုံများတွင် စုတ်ချက်များ လုံးဝမထင်နေခြင်းကလဲ ပုံဆွဲထားခြင်းမရှိဟု ဖေါ်ပြနေပြန်သည် ။ထို့ပြင်သွေးစွန်းထင်းနေပုံများ ကြာပွတ်ရာများမှာ အထူးပင် အသေးစိတ်ကျလှသည်ဖြစ်ရာ မည်သည့်ပန်ချီဆရာများမှ ဤမျှ အသေးစိတ်ကျအောင် ဆွဲသားနိုင်မည်မဟုတ်ပေ ။ သို့အတွက် သိပ္ပံပညာရှင်အားလုံးက ဝတ်ရုံတော်ပေါ်မှ ပုံရိပ့်သည် ပန်ချီဆွဲထားခြင်းဖြစ်သည်ဟူသော သီအိုရီကို လုံးဝ လက်မခံပေ ။

တိုက်ရိုက် ထိတွေ့ခြင်း သီအိုရီ
---
ယင်းသီအိုရီမှာ အထူးအဆန်းတစ်ခုတော့မဟုတ်ပေ။ စာရေးသူတို့ ငယ်စဉ်က ပြုလုပ်တက်သည့် အရာသာဖြစ်သည် ။ တစ်နည်းဆိုရသော် သဘောဝက အဖြေထုတ်ပေးသော ဝတ်ရုံတော်ပေါ်တွင် ထင်နေသည့် ပုံရိပ့်တို့ ပုံပေါ်လာသည့် နည်းစနစ်ဖြစ်သည်။ စာရေးသူတို့ ငယ်စဉ်တွင် စွယ်တော်ရွက်များ ခရေပန်းများ အစရှိသည်တို့ကို အမှတ်တရသဘောဖြင့် စာရွက်အလယ်တွင် ညှပ်ထားခဲ့ဖူးလေသည် ။ ရက်အတန်ကြာသည့်အခါ ညှပ်ထားသော အရာဝတ္ထု၏ အောက်ဘက် အထက်ဘက် စာရွတ်နှစ်ရွက်လုံးတွင် ညှပ်ထားသည့်အရာဝတ္ထု၏ ပုံရိပ့်ကို ပြောင်းပြန်ပုံစံ ပုံရိပ်တစ်ခုအသွင် တွေ့မြင်ရမည်ဖြစ်သည် ။ ယင်းသို့ဖြစ်ရသည်မှာ အရာဝတ္ထုမှ ထွက်ပေါ်လာသော ရေငွေ့ သည် အထက် အောက် စာရွက်နှစ်ရွက်စလုံးသို့ ပျံ့နှံ့ကာ ပုံရိပ့်ပေါ်စေခြင်းဖြစ်သည် ။ ယင်းကဲ့သို့ ကိုယ်ခန္ဓာတစ်ခုကို ပတ်ချည်ထားသော အဝတ်အပေါ်တွင် အပတ်ခံရသည့်ပုံ၏ ပြောင်းပြန်ပုံရိပ်ကို တိုက်ရိုက် ပေါ်စေခြင်း ဖြစ်သည်ဟု သီအိုရီက ဆိုပြန်သည် ။ ယင်းသီအိုရီအား ဒါရိုက်ကွန်တက်သီအိုရီဟု ခေါ်သည် ။

ပုံဖေါ်ခြင်းဆိုင်ရာ သီအိုရီအား အများအပြားပင် ထွက်ပေါ်နေဆဲပင်ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် အီတလီနိုင်ငံ ( National Agency for New Technlogies , Energy and Sustainable Development ENEA ) အဖွဲ့မှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြန်သည် ။ ယင်းမှာ " စမ်းသပ်ချက်များ အများအပြားပြုလုပ်ပြီနောက် ထွက်ပေါ်လာသောအဖြေမှာ ယင်းဝတ်ရုံလွှာပေါ်ရှိ ရုပ်ပုံသည် လျှပ်ခြင်းကဲ့သို့သော ဖြစ်ရပ်ကြောင့် အလွန်တိုတောင်းသော လှိုင်းအလျားရှိသည့် လျှပ်စစ် သံလိုက်စွမ်းအင် ကြောင့် ပုံပေါ်လာခြင်းဖြစ်သည် " ဟု ထုတ်ဖေါ်ခဲ့သည် ။

ဝတ်ရုံတော် နိဂုံး
---
ကမ္ဘာတလွှား၌ ယုံကြည်သူများနှင့် မယုံကြည်သူများမှာ တစ်နေ့တစ်ခြားများပြားလာရကား ထိုသူတို့အတွက် ယုံကြည်ရန် ငြင်းဆန်ရန် အထောက်အပံ့တို့သည်လဲ အသီးသီး ပေါ်ထွက်လာမြဲဖြစ်သည်။ 2009 ခုနှစ် ဒီဇင်ဘာလထုတ် အမျိုးသား ပထဝီဝင်အသင်းမဂ္ဂဇင်းတွင် ဝတ်ရုံအကြောင်းဖေါ်ပြထားသည်မှာ " အငြင်းပွားဖွယ်ဖြစ်နေသော ဝတ်ရုံတော်မှာ ဒီအင်အေ စစ်ဆေးမှုများအရ ခရစ်တော်အား ရစ်ပတ်ခဲ့သည့်ဝတ်ရုံမဟုတ် " ဟု ဖေါ်ပြခဲ့လေသည် ။ ထို့ပြင် Telegraph.co.uk ဟူသည့် သတင်းဝက်ဘ်ဆိုက်တွင်လဲ 2009 ဒီဇင်ဘာ 16 ရက်နေ့က ယင်းအဝတ်သည် ခရစ်တော်ခေတ်တွင် ပေါ်ပေါက်ခဲ့သော အဝတ်စမဟုတ်ကြောင်း ဖေါ်ပြထားသည် ။ အကြောင်းပြချက်မှာ - သူတို့က ဂျေရုဆလင်မြို့ဟောင်းတွင် ခရစ်တော်ခေတ်တွင်ပေါ်ပေါက်ခဲ့သော အဝတ်စများကိုလေ့လာခဲ့ရာတွင်ယင်းခေတ်အခါက အဝတ်အထည်ယက်လုပ်သော စနစ်သည် နှစ်ကြိုးသွား ယက်လုပ်သော ပုံစံဖြစ်ပြီး ဝတ်ရုံလွှာပေါ်မှ ပုံစံမှာကွမ်းရိုးစင်းပုံစံ ဖြစ်နေခြင်း ဖြစ်သည်ဟု ဆိုသည် ။ ထို့ပြင် ချည်ထည်ယက်လုပ်ခြင်းဆိုင်ရာ ကျွမ်းကျင်သူများမှလဲ ဝတ်ရုံလွှာသည် ခရစ်တော်ခေတ်တွင် ပေါ်ပေါက်ခဲ့သော အဝတ်စမဟုတ်ပဲ ခရစ်တော်နောက် နှစ်ပေါင်း တစ်ထောင်ခန့်တွင် ပေါ်ပေါက်ခဲ့သော အဝတ်စဖြစ်သည်ဟု ခန့်မှန်းခဲ့ကြသည် ။ သို့သော် ယခုအချိန်ထိမူ မည်သည့်အဖြေကိုမျှ အတည်တကျ မသိရှိကြသေးပေ ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...