မိမိနှင့် ပတ်သတ်ပြီး သေသွားတဲ့အခါ အပြစ်ရှိနိုင်လား
-------
သီရိဓမ္မာသောကမင်းကြီးဟာ ဗုဒ္ဓသာသနာကို အကြီးအကျယ် ထောက်ပံ့ပေးသောအခါမှာ တိတ္ထိပရိဗိုဇ်တွေက လာဘ်လာဘငဲ့ပြီး သာသနာထဲ ဝင်ရောက်လာခဲ့ပါတယ် ။ သူတို့အယူအတိုင်းပဲ ပြုမူပြောဟောကြတယ် ။ ဥပုသ်ပဝါရဏာကံပြုရာမှာလဲ သူတို့ဟာ အတင်း ဝင်ရောက်လာကြတယ် ။ ဒါကြောင့် ရဟန်းကောင်းတွေဟာ ကံကြီး ကံငယ်မပြုလိုတဲ့အတွက် အဲ့ဒီ့တုန်းက ပါဋလိပုတ်ပြည် အသောကာရုံကျောင်းတိုက်မှာ ခုနှစ်နှစ်တိုင်တိုင် ဥပုသ်မပြုဘဲ ပြတ်နေပါတယ် ။ အဲ့တော့ အာသောကမင်းကြီးဟာ ကျောင်းတိုက်သွားပြီးတော့ အဓိကရုဏ်းကို ငြိမ်းစေပြီး ဥပုသ်ပြုစေရမယ်လို့ အမတ်တစ်ယောက်ကို စေလွှတ်လိုက်ပါတယ်။
အဲ့ဒီ့အမတ်ဟာ အဓိကရုဏ်းလုပ်ဖို့ဆိုတာတော့ သူက နားမလည်ဘူး ။ ဥပုသ်ပြုစေရမယ်ဆိုတာလောက်တာ နားလည်ပြီးတော့ ကျောင်းတိုက်ကို သွားပါတယ် ။ ဒီတော့ ရဟန်းကောင်းတွေက ငါတို့ဟာ တိတ္ထိတွေနဲ့ ရောပြီးတော့ ဥပုသ်ပြုလို့ မသင့်ဘူး ။ ဥပုသ်ပြုတယ်ဆိုတာ ရဟန်းစစ်တွေ အချင်းချင်းသာ စည်းဝေးပြီး ပြုရပါတယ် ။ အဲ့ဒီ့အထဲမှာ အာပတ်သင့်တဲ့ ( အပြစ်ရှိတဲ့ ) မစင်ကြယ်တဲ့ ရဟန်းများရှိရင်လဲ စင်ကြယ်အောင် ကုစားဆုံးမရပါတယ် ။ အားလုံးစင်ကြယ်ပြီလို့ ယုံကြည်ရတဲ့အခါမှာသာ ဥပုသ်ကံကို ပြုကြရပါတယ် ။ ရဟန်းမဟုတ်တဲ့ တိတ္ထိတွေနဲ့ ရောပြီး ပြုမူလို့ ဘယ်ဖြစ်ပါ့မလဲပေါ့ ။ ဒါကို အမတ်ဖြစ်သူဟာ အထင်လွှဲပြီး မင်းအမိန့်အာဏာကို ဖီလာဆန့်ကျင်တယ်ထင်ပြီးတော့ ငြင်းဆန်တဲ့ ရဟန်းကောင်းတွေကို ဓါးနဲ့ ခုတ်သတ်ခဲ့ပါတယ် ။ အဲ့ဒါကို မင်းရဲ့ ညီတော် အိမ်ရှေ့မင်းအဖြစ်မှ ရဟန်းပြုလာတဲ့ တိဿမထေရ်က မြင်တဲ့အခါ " မင်းကတော့ ဒီလိုခိုင်းမှာ မဟုတ်ပေဘူး ။ ဒီအမတ်အထင်လွှဲမှားပြီး ပြုမူတာ ဖြစ်ပါလိမ့်မယ် " လို့ ယူဆမိလေတော့ အဲ့ဒီ့ အမတ်အနီးမှာ ရုတ်တရပ်သွားပြီး ထိုင်နေလိုက်ပါတယ် ။ အမတ်လဲ ရဟန်းကို မှတ်မိတာနဲ့ ပြုမူတာတွေကို ရပ်တန့်ပြီး မင်းကြီးဆီ သူဆောင်ရွတ်ခဲ့တာတွေကို အစီရင်ခံတယ် ။ အဲ့ဒီ့အခါ ဘုရင်မင်းမြတ်ဟာ အကြီးအကျယ် သံဝေဂဖြစ်သွားခဲ့ပါတယ် ။ အဲ့ဒီ့ ကိစ္စအတွက် မိမိမှာ အပြစ် ရှိ မရှိ သံသယရှိလို့ မေးမြန်းလျှောက်တဲ့အခါ မပြီး မပြတ်နိုင်ပဲ ဖြစ်နေတယ် ။ နောက်ဆုံးတော့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ကို ပင့်ပြီး မေးလျှောက်ခဲ့ရတယ် ။ အဲ့ဒီ့တော့ မထေရ်က " မင်းကြီး သင့်မှာ အမတ်ကိုသွားပြီး ရဟန်းတွေကို သတ်ပါစေလို့ ဒီလို စိတ်စေတနာ ရှိပါသလား " လို့ မေးပါတယ် ။ အဲ့ဒီလို စိတ်မျိုးမရှိကြောင်း မင်းကြီးက ပြန်လည်လျှောက်တဲ့အခါ ဒီလို စိတ်စေတနာမရှိလျှင် အပြစ်မရှိကြောင်း အဆုံအဖြတ်ပေးတော်မူပါတယ် ။ အထောက်အထား သာဓကကို -
ရဟန်းတို့ ငါဘုရားသည် မည်သို့ ဖြစ်စေဟု ရည်ရွယ်တိုက်တွန်းသော စေတနာကို ကံဟူ၍ ဟောပေ၏ ။ မည်သို့ ဖြစ်စေဟု ရည်ရွယ်တိုက်သွန်း၍ အမှုကံကို ကိုယ် နှုတ် စိတ်ဖြင့် ပြု၏ ဆိုတဲ့ ဘုရားဟောကို ထုတ်ပြခဲ့ပါတယ် ။ ဒါကြောင့် စေတနာ မပါသော အမှုမျိုးတွေ များစွာ ရှိတက်တာကို သံဝေဂအဖြစ်တာ ယူစေပြီး သေစေလိုတဲ့ စေတနာမရှိရင် မတော်တဆ သူ့ဟာသူ သေသွားလဲ အပြစ်မရှိလေတာကို ဒီနေရာမှာ မှတ်သားစရာတစ်ခုဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျာ ။
အကျိုးကျေးဇူး များကြပါစေခင်ဗျာ ။
#htoohtoolay

Comments
Post a Comment