စကြာယဉ် နှင့် အာသောကမင်းသာသနာပြုပုံအကျဉ်း
------------
ကျွန်တော်တို့သည် စကြာဝဠာအတွင်း၌ နေထိုင်လျက်ရှိသည်ကား မည်သူမျှ ငြင်းဆန်မည်မဟုတ်ပေ ။ သို့သော် ယခင်က သိပ္ပံပညာများ မတိုးတက်ခင်အချိန်အခါများ၌ ကမ္ဘာသည် လုံးနေသည်မဟုတ်ပဲ ပြားနေခြင်းသာဖြစ်သည်ဟု ယူဆခဲ့သော ခေတ်ကာလ၌မူ ထိုကဲ့သို့ စကြာဝဠာအတွင်း၌ နေထိုင်သည်ဆိုခြင်းကို တစ်ချို့သော ဘာသာဝင်များမှလွှဲ၍ မည်သူမျှ လက်ခံထားခြင်းမရှိခဲ့ပါပေ ။
မြတ်စွာဘုရား၏ စက္ကတတ္တိသုတ်နှင့် သုဒဿနသုတ်တို့တွင် စကြာမင်း သီဝရီ ထင်ရှားပါရှိနေရာ ခေါမနှင့် ရောမ အဘိဓမ္မာ ဆရာကြီးများထက်ပင် အရှေ့တိုင်း ဦးနှောက်ရှင်တို့က ကြိုတင်ထိုးထွင်းသိမြင်နေပြီးဖြစ်လေ၏ ။ ဤအချက်သည် အရှေ့တိုင်းသားများအတွက် ဂုဏ်ယူဖွယ်တစ်ခုဖြစ်လေသည် ။
စကြာဝဠာကြီးရှိနေသရွေ့ ထိုလောကကြီးတစ်ခုလုံးကို နယ်လှည့်ကြည့်ရှုအုပ်ချုပ်ရန် စကြာယာဉ်လည်း ရှိလေကြောင်း ဗုဒ္ဓကျမ်းများ၌ တွေ့ရှိရလေသည် ။ ထိုစကြာယာဉ်သည် ရောက်စေ ပျောက်စေဟု မျက်လှည့်ဆရာလို မန်းမှုတ်ခေါ်ယူခြင်းမျိုးမဟုတ်ပဲ အဘယ်ပုံ ဆောက်လုပ်သည်ကို ဗုဒ္ဓကျမ်းများအတွင်း အသေးစိတ် ဖေါ်ပြပါရှိ၏ ။ ယခုအခါ ရုရှားနှင့် အမေရိကန်တို့၌ ဆောက်လုပ်သော ဂြိုလ်တုများ လေယာဉ်ပျံများ အမျိုးမျိုး ပေါ်ပေါက်လာလျက် ရှိချေပြီ ။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀၀ ကျော်က ရေးစွဲထားသော စကြာယာဉ် ပုံစံကို ယခုခေတ် အင်ဂျင်နီယာများက ပျက်ရယ်ပြုမည်မထင်ပါ ။ အမေရိကန်က နောက်ဆုံးဆောက်လုပ်ခဲ့သော စကိုင်းလက်ခေါ် အာကာသ သုတေသနယာဉ်နှင့် တူညီချက်များ ပါရှိမည်မှာမလွှဲပေ ။ ထို့ကြောင့် ဗုဒ္ဓကျမ်းလာ စကြာယဉ်သည် စိတ်ကူးဆန်ဆန် ပေါ်စေ ပျောက်စေ စကြာယဉ်မျိုးမဟုတ်ပဲ အကြောင်းတရားများ စုစည်းတည်ဆောက်ထားသော စက်ယမ်းတရားကြီးတစ်ခုသာဖြစ်ကြောင်း မှတ်သားရမည်ဖြစ်သည် ။
သုဒဿန စကြာမင်းသည် ဘုရားမပွင့်မည် ပေါ်ပေါက်ခဲ့သဖြင့် လက်လှမ်းမမှီစေကာမူ အာသောက ကဲ့သို့သော စကြာမင်းကား လက်ရှိသာသနာ သက္ကရာဇ်အတွင်း၌ ပေါ်ပေါက်ခဲ့ကြောင်းကို သမိုင်းအထောက်အထားများနှင့်တကွ တွေ့ရှိရလေသည် ။
အာသောကမင်းကို ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး ဝဲလ် ရေးသော ရာဇဝင်စာအုပ်၌ ချီကျူးဖေါ်ပြထားသည်ကို တင်ပြပေးရပါလျှင်မူ " ဘီစီသက္ကရာဇ် ၂၆၄ ခုနှစ်တွင် ကမ္ဘာ့ရာဇဝင်၌ အကြီးအကျယ်ဆုံး မင်းတစ်ပါးဖြစ်သော အာသောကသည် အိန္ဒိယ တစ်ပြည်လုံးကို စိုးမိုးခဲ့သည် ။ သူလွှမ်းမိုးရာနယ်ပယ်သည် အာဖဂန်နစ္စတန်နယ်မှ မဒရတ်အထိဖြစ်သည် ။ သူသည် စစ်ပွဲအမျိုးမျိုးကို အောင်နိုင်ပြီးချိန်တွင် စစ်ဝါဒကိုအလိုအလျောက် စွန့်ပယ်ခဲ့သူဖြစ်ရာ ထိုသို့သော ဘုရင်မျိုး ကမ္ဘာ့သမိုင်းတွင် သူတစ်ဦးတည်းသာရှိ၏ ။
သူ၏ နောက်ဆုံးတိုက်ပွဲသည် ဘီစီ ၂၂၅ ခု၌ ကလိင်္ဂပြည်တွင် ဖြစ်ခဲ့၏ ။ စစ်မြေပြင်၌ မြင်တွေ့ရသော ရက်စက်မှု ရမ်းကားမှုတို့သည် သူ့အား စစ်ဝါဒကို စက်ဆုပ်စေ၏ ။ ယခုတိုင် အခိုင်အမာရှိနေသော အာသောကမင်း ကျောက်တိုင်တို့၌ သူသည် အောင်မြင်မှုကို စစ်တိုက်ခြင်းဖြစ် မလုပ်တော့ပဲ သာသနာရေးနှင့်သာ ရှာကြံတော့မည်ဟု ကြေညာ၏ ။ ထို့နောက် အသက်ထက်ဆုံး ဗုဒ္ဓသာသနာတော် ဖြန့်ဖြူးရေးကို အားထုတ်တော်မူခဲ့သည် ။
သူ၏ ကျယ်ပြန့်သောနိုင်ငံသည် သူ့လက်ထက်၌ ငြိမ်းချမ်းသာယာ၏ ။ သဘောထားကြီးစွာ ထိရောက်မှုအပြည့်ဖြင့် အုပ်ချုပ်နိုင်ခဲ့၏ ။ သာသနာပြုမင်းပင်ဖြစ်သော်လည်း တစ်ယူသန် မဟုတ်ချေ ။ သူသည် ဥပါသကာဘဝမှ နောက်ပိုင်းတွင် သင်္ကန်းဝတ်သွားသည် ။ ရှင်ဘုရင်ဖြစ်သော်လည်း လောကီနှင့် လောကုတ္တရာတရားကို မျှတစွာ ပူးတွဲအားထုတ်နိုင်ကြောင်းအား သူ့အတ္ထုပတ္တိက သက်သေခံ၏ ။
အာသောကမင်းလက်ထက်၌ အိန္ဒိယတွင် ရေတွင်းရေကန်တူးခြင်း အရိပ်အာဝါသကောင်းသော သစ်ပင်များ စိုက်ပျိုးခြင်း စသော စီမံကိန်းများကို အကြီးအကျယ် အနှံ့အပြား အကောင်အထည်ဖေါ်လေသည် ။
ဆေးရုံနှင့် ပန်းခြံများကိုလည်း ဖွင့်လှစ်သည် ။ အလှူအတန်းနှင့် ပေးကမ်းစွန့်ကြဲရေးအတွက် ဝန်ကြီးဌာနတစ်ခု သီးခြားထားရှိ၏ ။ ဆေးဖက်ဝင်သော သစ်ပင်များလည်း စိုက်ပျိုးစေခဲ့သည် ။ တိုင်းပြည် အစွန်အဖျား၌ နေသော တောင်တန်းသားတို့၏ တိုးတက်ဖွင့်ဖြိုးရေးအတွက်လည်း ဝန်ကြီးရုံးရှိ၏ ။ အမျိုးသမီး ပညာသင်ကြားရေးအတွက်လည်း ရန်ပုံငွေ ထားရှိသည် ။ စာသင်ကျောင်းများကို ဖွင့်လှစ်ကာ ဘဝရည်မှန်းချက် သင်တန်းပေးစေသော ဘုရင်များလည်း ကမ္ဘာ့ရာဇဝင်၌ သူပင် ပထမဖြစ်လေသည် ။
ဗုဒ္ဓရဟန်းတော်များကို ပရိယတ္တိ အားထုတ်နိုင်စေရန်အတွက် ကြီးစွာသော အထောက်အပံ့ကို ပေး၏ ။ မြတ်စွာဘုရား၏ မုက္ခပါဌ်တော်မှ လူတိုင်း သိနားလည် လွယ်သော ဟောကြားချက်တို့ကို ကျောက်စာထွင်းထုကာ နိုင်ငံတော် အနှံ့အပြား စိုက်ထူထားရှိခဲ့၍ ယနေ့တိုင် ၃၅ ခု ကျန်ရှိနေသေးသည် ။ ကမ္ဘာ အရပ်ရပ်၌ ဗုဒ္ဓ သာသနာပြု ရဟန်းတော်များ စေလွှတ်သည် ။ သီဟိုဠ်သို့ သွားသူများက ဗောဓိပင်ကို ပြန့်ပွားစေခဲ့သည် ။
လူတို့၏ လိုအပ်ချက်များကို ဘုရင်အနေဖြင့် ပေးကမ်းနိုင်ရန် ၂၈ နှစ်သော သူ၏ နန်ူးတက်အတွင်း အထူးကြိုးစားခဲ့သည် ။ ကမ္ဘာ့ရာဝင်၌ ဘုရင်အမျိုးမျိုးအကြောင်းကို လေ့လာနိုင်သည် ။ ပဒေသရာဇ် ဧကရာဇ် စသော ထောင်သောင်းရှိသည့် ဘုရင်တို့သည် အပြည်ပြည် အုပ်စိုးကြသည် ။ သို့သော် အာသောက မင်းတစ်ပါးတည်းသာလျှင် တစ်ခုတည်းသော ကြယ်ပွင့်ပမာ တောက်ပြောင်လျက်ရှိနေ၏ ။
ရုရှားပြည် ဗောလဂါ မြစ်ဝှမ်းမှ ဂျပန်ပြည်အထိ သူ့အမည်ကို ဂုဏ်ပြုလျက်ပင် ရှိနေသည် ။ တရုတ်ပြည် တိဗက်နှင့် အိန္ဒိယတို့သည် အာသောကကို မဟာဘွဲ့တပ်ကာ သူ့အမွေကို ထိန်းသိမ်းစောင့်ရှောက်ကြ၏ ။ အိန္ဒိယ အနေဖြင့် ဗုဒ္ဓအယူကို ပယ်သော်လည်း သူ့ကို လေးစားခြင်း၌ မလျော့ပါးချေ ။ ပြင်သစ်ပြည်၏ ဧကရာဇ် ချာလီမိန်းနှင့် အရှေ့ဥရောပဘုရင် ကွန်စတင်တိုင်တို့သည် ဥရောပတိုက်တွင် အထူးအမည်ကြီးသူများဖြစ်၏ ။ သို့သော် ကမ္ဘာသူ ကမ္ဘာသားတို့က ထိုဘုရင်များထက် အာသောကကို မေတ္တာပို့ကြလေသည် ။
အာသောကသာသနာပြုရဟန်းတို့သည် ကမ္ဘာ့မြေပုံ မပေါ်သေးသော ထိုခေတ်က အနောက်တွင် ခေါမပြည်နှင့် အီဂျစ်ပြည်အထိ ရောက်ခဲ့သည် ။ အရှေ့၌ တရုတ်ပြည် ဂျပန်ပြည်အထိ ရောက်ရှိခဲ့ကြသည် ။
ထိုခေတ်က အာသောကနှင့် မရှေ့မနှောင်း ယောနကခေါ် ရောမပြည်၌ ပေါ်ပေါက်သော အလိတ်ဇင်းထားမင်းတစ်ပါးရှိလေသည် ။ ထိုအချိန်က ပထဝီတွင် ကမ္ဘာသည် မလုံးပဲ ပြားသည်ဟု ယူဆကြဆဲပင်ဖြစ်၏ ။ တိုင်းပြည်ဆိုသည်မှာ မိမိတို့၏ မြို့ကို ခေါ်ဆိုခြင်းဖြစ်၍ မျိုးချစ်စိတ်မပေါ်သေးပဲ မြို့ချစ်စိတ် သာရှိကြသော ခေတ်တစ်ခုဖြစ်၏ ။ အလိတ်ဇင်းထားမင်းချီတက်ရာမှ ကမ္ဘာမြေပြင် အဘယ်မျှ ကျယ်ပျံ့လျက် လူမျိုးအသီးသီးက အဘယ်သို့ နေထိုင်ကြပုံကို သိရှိကာ ကမ္ဘာ့ဗဟုသုတ စတင်ဆည်းပူးနိုင်ကြလေသည် ။ ထို့ကြောင့် သူ့လက်ထက်မှစ၍ ကမ္ဘာကို ခြုံငုံရေးသားထားသော ရာဇဝင်များ ပထဝီဝင်များ စတင်ပေါ်ပေါက်လာသည် ။
အီဂျစ်ပြည်တွင် သူ့ကိုအမှတ်တရမြို့တည်ရာ " အလိတ်ဇင်းဒရီးယား " ဟု ခေါ်တွင်၏ ။ ထိုမြို့သို့ အာသောကမင်းစေလွှတ်သော ဗုဒ္ဓရဟန်းတော်များ ရောက်ရှိ၍ သာသနာဖြန့်ဖြူးခဲ့ကြသည် ။ မြို့ကြီး ပြကြီးများ၏ အင်္ဂါရပ်ဟုဆိုသော ပိဋကတ် တိုက်ကြီးများ ပြတိုက်ကြီးများသည် ထိုမြို့၌ အကြီးအကျယ်ဆုံး ဖြစ်ခဲ့သည်ဟု လေ့လာတွေ့ရှိချက်များအား ရေးသားတင်ပြလိုက်ရပါတော့၏ ။
ဗဟုသုတ ရရှိနိုင်ကြပါစေခင်ဗျာ ။
#htoohtoolay
http://myothetzaw23.blogspot.com/
စကြာယဉ်နှင့် အာသောကမင်း သာသနာပြုပုံအကျဉ်း
မျိုးသက်ဇော် / 22 hours ago
Visit website

Comments
Post a Comment