Skip to main content

မဟာ ဗုဒ္ဓဃောသ

မဟာဗုဒ္ဓဃောသ

-----

မဟာဗုဒ္ဓဃောသမထေရ်သည် ဗုဒ္ဓဘုရားရှင်၏ ပိဋကတ်သုံးပုံနှင့် တကွ အဋ္ဌကထာတို့ကို သီဟိုဠ်ဘာသာမှ မဂဓဘာသာသို့ ပြန်ဆိုကာ အဓိပ္ပါယ် ရှင်းလင်းဖွဲ့ဆိုသော အဋ္ဌကထာတို့ကို ပြုစုခဲ့သဖြင့် ကျော်ကြားထင်ရှားခဲ့သော ပုဂ္ဂိုလ်ထူးတစ်ပါးဖြစ်ပေသည် ။ မထေရ်မြတ်၏ မွေးသက္ကရာဇ် စသည်တို့ကို အတိအကျမသိရသော်လဲ ရှင်မဟာဗုဒ္ဓဃောသသည် အေဒီ ၅ ရာစု ခုနှစ်အတွင်းက ကျော်စော ထင်ရှားသော ပုဂ္ဂိုလ်ကျော် တပါးဖြစ်ကြောင်းကိုမူ အထောက်အထားများ တွေ့ရှိရလေသည် ။ 


ရှင်ဗုဒ္ဓဃောသအလောင်းသည် ပုဏ္ဍားမျိုးဖြစ်၍ ဗုဒ္ဓဘုရား ပွင့်တော်မူရာ ဗောဓိပင်အနီး ပုဏ္ဍားရွာတစ်ရွာ၌ ဖွားမြင်ခဲ့သည် ။ ဗုဒ္ဓဃောသုပ္ပတ္တိကျမ်းအရ((( စားကြကုန် သောက်ကြကုန် ))) အစရှိသဖြင့် ပုဏ္ဍားတို့ ကြွေးကျော်နေစဉ်တွင် မွေးဖွားသောကြောင့် ဃောသ ဟူ၍ အမည်မှည့်သည်ဟု ဆိုလေသည် ။ 


ဃောသလုလင်သည် ငယ်ရွယ်စဉ်အခါကပင် ဗေဒင်သုံးပုံကို တစ်ဖက်ကမ်းခတ် တက်မြောက်သည် ။ ထိုထို အယူဝါဒ ကိုလည်း ကောင်းစွာသိကျွမ်း၍ သူတပါးနှင့် အပြောအဆို အဟော အဖြေအတင် ဝါဒကိုလဲ အလိုကြူးသည် ။ ဇမ္ဗူဒိပ်မြေပြင်တစ်ခုလုံးကို လှည့်ပတ်လတ်သော် တဆောင်သော ကျောင်းသို့ရောက်၍ ပတဉ္စလီရှင်ရသေ့၏ အယူကို ပုဒ်ဗျည်းမကျန် ပြည့်စုံစွာ ပြန်လှန်သရဇ္ဈာယ်သည် ။ ထိုအခါ ထိုကျောင်းတိုက်၌ သီတင်းသုံးနေသော ရေဝတမထေရ်မြတ်သည် ပုဏ္ဍားလုလင်၏ ပညာကြီးပုံကို သိသည် ။ ထို့ကြောင့် ထိုလုလင်အား ဆုံးမခြင်းငှာ သင့်၏ဟု အကြံဖြစ်တော်မူပြီးလျှင် ရေဝတမထေရ်သည် ဃောသလုလင်နှင့် စကားအဖြေအတင်ပြုသည် ။ ပုဏ္ဍလုလင်သည် မိမိ၏ အတက်ပညာ အယူဝါဒ အလုံးစုံကို မေးသည် ။ မေးတိုင်း မေးတိုင်း မထေရ်က ဖြေတော်မူသည် ။ ဆန့်ကျင်ဘက်ကိုလဲ ပြတော်မူသည် ။ 


လုလင်မေး၍ပြီးလျှင် မထေရ်က အဘိဓမ္မာပါဠိတော်၌ လာသော ပြဿနာကို မေးတော်မူသည် ။ လုလင်က မဖြေကြားနိုင်၍ မည်သူ၏ အတက်ပညာ မန္တန်နည်းဟု မေးသည် ။ မထေရ်မြတ်က ဗုဒ္ဓ၏ မန္တန်ဟု ဖြေကြားတော်မူသည် ။ ထိုမန္တန်ကို ပေးပါဟု တောင်းလျှင် ရှင်ရေဝတက ရဟန်းပြုမှ သင်ကြားပေးမည်ဟု မိန့်ကြားသည် ။ ထိုကြောင့် ပုဏ္ဍလုလင်သည် ရဟန်းပြု၍ ပိဋကတ် သုံးပုံကို အကုန်သင်ယူသည် ။ ပုဏ္ဍားလုလင်သည် ညာဏ်ပညာ အင်မတန် ကြီးမားပြီး နက်သောအသံရှိသောကြောင့် ဗုဒ္ဓဃောသဟု အမည်ဘွဲ့ မှည့်ခေါ်ကြ၍ ဇမ္ဗူဒိပ်မြေပြင်၌ အလွန်ကျော်စောလှပေသည် ။ 


ရှင်ဗုဒ္ဓဃောသသည် ဖခင် ပုဏ္ဍားကြီးအားလည်း မိစ္ဆာဒိဋ္ဌိအယူမှ ခြေချွတ်သည် ။ ဥပဇ္ဈာယ်ဆရာဖြစ်သော ရှင်ရေဝတနှင့်အတူ နေထိုင်ပြီးလျှင် ဥာဏေဒယကျမ်း အဋ္ဌသာလိနိကျမ်းတို့ကို ပြုစုသည် ။ ထို့နောက် ပရိတ္တအဋ္ဌကထာကို ပြုရန် အထုတ်ရာ ရှင်ရေဝတက ဤဇမ္ဗူဒီပါ၌ ပါဠိတော်မျှသာရှိသည် ။ အဋ္ဌကထာလဲမရှိ အာစရိယဝါဒလဲ အကွဲကွဲ အပြားပြားရှိ၏ ။ ထို့ကြောင့် မဟိန္ဒမထေရ်မြတ် ဆောင်ယူခဲ့သော သီဟိုဠ်၌ရှိသည့် အဋ္ဌကထာ သင်္ဂါယနာ သုံးတန်တင်သော ပါဠိတော် ရှင်သာရိပုတ္တရာ အစရှိသော ရဟန္တာတို့ ဟောသော စကားအစဉ်များသည် သီဟိုဠ်ကျွန်းတွင်ရှိသည်ကို သင်သွား၍ မဂဓဘာသာ ရေးသားပြန်ယူချေ ။ ထိုသို့ပြန်ယူသော် အလုံးစုံသော သတ္တလောက၏ အစီးအပွားကို ဆောင်နိုင်လတ္တံ့ဟု မိန့်တော်မူသည် ။ 


ထို့ကြောင့် ရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ ထွက်လာခဲ့ရာ ထိုအချိန်သည် သီိုဠ်ကျွန်း၌ မဟာနာမမင်း လက်ထက်ဖြစ်၍ သာသနာသက္ကရာဇ် ၉၃၀ ပြည့်နှစ်ခန့်ဟု ခန့်မှန်းရသည် ။ သီဟိုဠ်ကျွန်းသို့ ရောက်လျှုင် အနုရာဓမြို့ မဟာ ဝိဟာရကျောင်းတိုက် သံဃပါလမထေရ်အထံ၌ သီဟိုဠ် အဋ္ဌကထာနှင့်တကွ ထေရဝါဒ အလုံးစုံကို ကြားနာပြီးမှ အဋ္ဌကထာများကို ပြုအံ့သောငှာ ပန်ကြား၏ ။ ထိုအခါ သံဃာများက ရှင်ဗုဒ္ဓဃော၏ အစွမ်းကို စုံစမ်းခြင်းငှာ သီလေပတိဋ္ဌာယ အစချီသော ဂါထာနှစ်ပုဒ်ကို ပေး၍ ထိုဂါထာ၌ ပိဋကတ်သုံးပုံကို ယှဉ်လျက် အနက်အဓိပ္ပါယ်ပြန်ရန် တိုက်တွန်းသည် ။ 


ရှင်ဗုဒ္ဓဃောသသည် ထိုနေ့ညမှစ၍ ထိုဂါထာ၏ အဖွင့်ဖြစ်သော ဝိသုဒ္ဓိမဂ်ကျမ်းကို စီရင်သည် ။ တစ်စောင်ပြီး၍ အိပ့်လျှင် ထိုအစွမ်းကို စုံစမ်းလို၍ ဝှက်ထားလေသဖြင့် နောက်တစ်စောင် ရေးရပြန်လေသည် ။ ထို့အတူပင် ဝှက်ထားပြန်ရာ နောက်တစ်စောင်လဲ ရေးပြန်ရသည် ။ ၃ စောင်စေ့မှ ယခင်နှစ်စောင်ကို ဖေါ်ပြ၏ ။ ၃ စောင်စလုံးသည် သံဃပါလမထေရ်အား ပြလေသည် ။ ၃ စောင်စလုံးသည် ကျမ်းအားဖြစ်လည်းကောင်း အနက်အားဖြစ်လည်းကောင်း ရှေ့နောက် အစွန်းအားဖြစ်လည်းကောင်း ထေရဝါဒတို့ဖြစ်လည်းကောင်း ပါဠိတို့ဖြင့် လည်းကောင်း ပုဒ်တို့ဖြစ် လည်းကောင်း အက္ခရာဝါကျတို့ဖြစ် လည်းကောင်း ဖေါက်ပြန်ချွတ်ယွန်းခြင်းမရှိ ။ ၃ စောင်စလုံးပင် အညီအညွတ် မကွဲမပြား တသားတည်း ဖြစ်လေသည် ။ သံဃာအပေါင်းတို့ရှေ့၌ ထိုဝိသုဒ္ဓိမဂ်ကျမ်းကို ဖတ်ပြသောအခါ သီဟိုဠ်ရဟန်းတို့က အထူးနှစ်သက်ကြ၍ ရှင်ဗုဒ္ဓဃောသသည် မချွတ်မယွင်း မေတ္တေယျဘုရားလောင်းတော်ပေတကားဟု တင်စားချီးမြှောက်ကြလေသည် ။ 


ထိုအခါမှ သံဃပါလ မထေရ်သည် ပိဋကတ်သုံးပုံ ပေစာတို့ကို သီဟိုဠ် အဋ္ဌကထာတို့နှင့်တကွ ပေးတော်မူသည် ။ ရှင်ဗုဒ္ဓဃောသသည် အဋ္ဌကထာကြီးတို့၌ အကျယ်ဆိုအပ်သော စကားကို အကျဉ်းချုံ့ခြင်း ဘုရားဟော မူလ ပါဠိတော်နည်းအားလျော်သော မဂဓ ဘာသာသို့ ပြန်ဆိုခြင်း ပြုကာ အဋ္ဌကထာတို့ကို စီရင်သည် ။ ရှင်ဗုဒ္ဓဃောသ ပြုစုစီရင်အပ်သော အဋ္ဌကထာသစ်များသည် အလုံးစုံသော သတ္တဝါတို့၏ အစီးအပွားကို ဆောင်သည် ။ ခပ်သိမ်းကုန်သော မထေရ် အဆက်ဆက်ဖြစ်သော ဆရာကြီးတို့သည် ထိုအဋ္ဌကထာသစ်ကို ပါဠိတော်ကဲ့သို့ ယူကြသည် ။


ရှင်ဗုဒ္ဓဃောသသည် သီဟ်ုဠ်ကျွန်းရှိ ပြုဖွယ်ကိစ္စပြီးလျှင် ဇမ္ဗူဒီပါသို့  ပြန်ကြွလေသည် ။ 


အင်္ဂုတ္တရအဋ္ဌကထာတွင် သီဟိုဠ်နှင့် သထုံပြည် ( သုဝဏ္ဍဘုမ္မိ ) သည် သင်္ဘောလမ်းသင့်သည်ဟု ဆိုထားသည် ။ သာသနာ ဗဟုဿုတပ္ပကာသနီကျမ်းတွင် ရှင်ဗုဒ္ဓဃောသသည် သထုံပြည်မှ သီဟိုဠ်ကျွန်းသို့ သာသနာနှစ် ( ၉၂၇ ) တွင် ကူးတော်မူသည် ။ သထုံပြည့်ရှင် ဘုမ္မိရာဇာမင်းက မင်းချင်းတို့ကို လက်ဆောင်ဆက်စေပြီးလျှင် သီဟိုဠ် ၌ ၃ နှစ်နေ၍ ပိဋကတ်တော်တို့ကို မဂဓဘာသာသို့ ရေးကူးပြီးလျှင် သထုံပြည်သို့ ပြန်လာသည်ဟု ဆိုလေခြင်းအား ဗဟုသုတအလို့ငှာ ရေးသားတင်ပြရလေ၏ ။ 


( စွယ်စုံကျမ်း အပိုင်း ၈ ( ခ ) စာ ၄၅၄ / ၄၅၅ မှ မှီငြမ်းရေးသားသည် )


#htoohtoolay



myothetzaw23.blogspot.com

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...