မိုဟာမက်၏ ဘာသာရေးပြုလုပ်ဆောင်ရွက်ပုံ
--------------------------
မိုဟာမက်သည် ပထမဦးစွာ မိမိနှင့် နီးကပ်စွာ အကျွမ်းဝင်သော မိတ်ဆွေများကို လျှိုဝှက်စွာ တရားဓမ္မ ဟောပြောဆုံးမသည် ။ ထိုနောက်တွင် ယင်း၏ မျိုးနွယ်စု၌လည်းကောင်း ထိုမှတစ်ဖန် မြို့နယ်အတွင်းရှိ မြို့သူ မြို့သားတို့အား ပြောင်ပြောင်တင်းတင်းတရားဟောပြော၍လည်းကောင်း သာသနာပြုလုပ်ငန်းကို စတင်လုပ်ကိုင်လာလေသည် ။
အလ္လဟ်အရှင် တစ်ဆူတည်းကိုသာ ကိုးကွယ်ထိုက်သည် ။ လူသားများ သေဆုံးပြီးနောက် ပြန်လည်ရှင်သန်ထမြောက်ကြောင်း နောက်ဆုံး၌တရားဆုံးဖြတ်စီရင်ကြောင်းများကိုဟောပြောသည် ။ လူအများအား အလှူအတန်းပြုလုပ်ကြရန် တိုက်တွန်းဖိတ်ခေါ်သည် ။
ထာဝရဘုရားသခင်ထံမှ ရရှိသော မုက္ခပါဌ်တော်များကို စာဖြင့်ရေးသား၍ ထိန်းသိမ်းထားရန် နှုတ်တိုက်အောင် သင်ကြားထားကြရန် မိတ်ဆွေအပေါင်းအား မှာကြားပြောဆိုလေသည် ။
တမန်တော်ကို ယုံကြည်လက်ခံသူများ တစ်နေ့တစ်ခြား တိုးပွားလာသည် ။ သို့သော် ထာဝရဘုရားကို လက်မခံသူများ ရှုတ်ချပြောဆိုမှုများကြောင့် အစဉ်အလာယုံကြည်မှုကို စွဲလမ်းစွာ လက်ခံသူများက ဆန့်ကျင့်သည်မှာလည်း ပြင်းထန်လာလေတော့၏ ။ တမန်တော်နှင့် သူ၏ အစ္စလာမ်ဘာသာကို လက်ခံယုံကြည်လာသူများအား ကိုယ်ထိလက်ရောက် ညှင်းပန်းလာသည်အထိ အခြေအနေမှာ ဆိုးရွားလာတော့သည် ။
ပူလောင်သော သဲပြင်တွင် လွှင့်ပစ်ကာ နာရီပေါင်းများစွာ ဒုက္ခခံစေခြင်း နီရဲအောင် မီးဖုတ်ထားသော သံတွေခဲဖြင့် လောင်စေခြင်း ခြေချင်းခတ်၍ အကျင်းချထားခြင်းများကို ပြုလုပ်လာသည် ။ အချို့သူများမှာ ညှင်းပန်းမှုဒဏ်ကြောင့် အသက်ကိုပင် စွန့်လွှတ်လိုက်ရသော်လည်း မိမိတို့ လက်ခံထားပြီးသော ဘာသာတရားကိုကား မစွန့်လွှတ်တော့ပေ ။
နောက်တွင် တမန်တော်သည် သူ၏ ဘာသာကို လက်ခံယုံကြည်သူများအား နိုင်ငံမှထွက်ခွာ၍ တိုင်းတစ်ပါးသို့ သွားရောက်နေထိုင်ကြရန်အတွက် တိုက်သွန်းရလေတော့သည် ။ ထိုခေတ်အခါတွင် အဘီဆီးနီးယား ခေါ် အီသီယိုးပီးယားနိုင်ငံကို အုပ်ချုပ်နေသောဘုရင်သည် တရားမျှတစွာ အုပ်ချုပ်လျက်ရှိသည်ဟု ကျော်စောသည် ။ ထို့ကြောင့် အီသီယိုးပီးယားနိုင်ငံသို့ မွတ်စလင်အများအပြား ရွေ့ပြောင်းသွားကြသည် ။ တိုင်းပြည်မှ ထွက်ပြေးသွားကြသူများအတွက် ကျန်ရစ်သူများအား ပို၍ နှိပ်စက်ကြပြန်လေ၏။
မက္ကာမြို့မှ မွတ်ဆလင်များ အဘီးဆီးနီးယားနိုင်ငံသို့ ထွက်ပြေးကြသောအခါ မိုဟာမက်ကို ဆန့်ကျင်သောသူများက တမန်တော်မျိုးနွယ်စုကို ရာဇသံပေးကာတမန်တော်အား အဆက်အသွယ်ဖြတ်ရန်နှင့် သူတို့ထံ ဖန်းဆီးအပ်နှံရန် တောင်းဆိုကြသည် ။
တမန်တော်၏ မျိုးနွယ်စုများမှာ ဒုက္ခနှင့် တွေ့ကြုံကြရပြီး အချို့မှာမူ သေဆုံးကြရသည် ။ သို့သော် တမန်တော်ကိုကား အသက်အသေခံ၍ ဖန်ဆီးအပ်နှံမှုမပြုပေးကြပေ ။ ထို့နောက် မူစလင်မဟုတ်သူ လေးငါးဦးတို့သည် ကြေညာချက်ကို ထုတ်ပြန်ရန် သပိတ်မှောက်ခြင်းကို မတရားကြောင်း ပြောဆိုလာခဲ့ကြပြီး ဤကြေညာချက်ကို မက္ကာမြို့ရှိ ကာအဘာ ဘုရားကျောင်းတော်၌ ကပ်ထားလေရာ မိုဟာမက်၏ ကြိုတင်ဟောထားမှုအတိုင်းပင် ခြများကိုက်ဖြတ်လိုက်ရာ၌ ထာဝရဘုရားသခင်ဆိုသောလုံးနှင့် မိုဟာမက် စာလုံးသာ ကျန်ခဲ့သည်ဆို၏ ။
သပိတ်လက်နက်ကို ရုပ်သိမ်းသွားသည် ။ သို့သော် ဆင်းရဲဒုက္ခဒဏ်ကို ခံရသဖြင့် မိုဟာမက်၏ ဇနီး ခဒီဂျနှင့် ဘထွေးတော် အဘူတလင်တို့မှာ များမကြာမီ ကွယ်လွန်သွားခဲ့ကြသည် ။ ဤကဲ့သို့ အခက်ခဲများနှင့် ရင်ဆိုင်ရသော တမန်တော်များမှာ ဂုဏ်ရှိန် ပိုမိုမြင့်မားကြရသည် ဆိုလေသည် ။
ဤအချိန်အတွင်း၌ကား မိုဟာမက်သည် ကောင်းကင်ဘုံသို့ အိပ်စက်နေရင်းနှင့်ပင် ရောက်ရှိခဲ့သည်ဟု ဆိုသောသတင်းမှာ ထွက်ပေါ်လာပြန်ခဲ့လေသည် ။ မယုံကြည်သူများက ရစ်မှုများ ပြုလုပ်လာသောအခါ မိုဟာမက်သည် မိမိ၏ မွေးရပ်ဇာတိကို စွန့်ခွာ၍ အစ္စလာမ် ဘာသာပျံ့ပွားရေးကို ဆောင်ရွက်နိုင်မည့်နေရာတစ်ခုအား ရှာဖွေရန် ကြုံလာရသည် ။ တမန်တော်သည် တာအီမြို့သို့ ထွက်ခွာသွားခဲ့သော်လည်း ထိုမြို့မှ တမန်တော်အား လက်ခံမှုမရှိသည့်အပြင် ခဲများဖြင့် ပစ်ပေါက်ကာ ရန်ရှာကြသဖြင့် မက္ကာမြို့သို့ပင် ပြန်လာခဲ့ရသည် ။
မက္ကာမြို့တော်ရှိ ကာအဘာ ကျောင်းတော်သို့ အာရေဗျ ကျွန်းဆွယ်တစ်ခုလုံးမှ လူအများရောက်ရှိလာရာ တမန်တော်သည်တရားဖြန့်ဖြူးခွင့် ရရှိခဲ့လေတော့၏ ။ ထိုမှတစ်ဖန် သာသနာဖြန့်ဖြူးလာခဲ့ရာ ရန်သူများက အပြင်းအထန် ဆန့်ကျင်ခဲ့ပါသော်လည်း မိုဟာမက်၏ ရိုးသားမှုဂုဏ်ကို ယုံကြည်ကြ၍ မိမိ၏ဤပစ္စည်းများကို အပ်နှံထားကြသေးသည်ဆို၏ ။
သို့သော် တမန်တော်သည် အလီကို ပစ္စည်းများ လွှဲပြောင်းအပ်နှံပြီး မိမိ၏ အိပ်ယာ၌ ခြေရာ လက်ရာမပျက် ထားရှိကာ ရုပ်ဖျက်၍ ထွက်ခွာခဲ့လေသည် ။ ထိုနေ့သည်ကား ခရစ်နှစ် ၆၂၃ ခု စက်တင်ဘာ ၁၃ ရက် ကြာသာပတေးနေ့ဖြစ်သည် ။ တမန်တော် မက္ကာမြို့မှ ထွက်ခွာသည့်နေ့မှစ၍ အစ္စလာမ်ဘာသာ ခရစ်နှစ် ဟိဂျရီကို စတင်ရေတွက်သည် ။ ထိုအချိန်မှစ၍ ယာသရစ်မြို့ကိုလည်း အမည်သစ်ပေးကာ မဒီနာတွန်နဗီဟု ခေါ်တွင်စေပြီး နောက်တွင် မဒီနာဟု ခေါ်ကြသည် ။
တမန်တော်နှင့် သူ၏ အပေါင်းအဖေါ်များအား မဒီနာမြို့မှ မောင်းထုတ်ပစ်ကြရန် မက္ကာမြို့သားတို့က တောင်းဆိုကြပြန်သည် ။ ဟီဂျရီ ခရစ်နှစ် ၂ ခုနှစ်တွင် တမန်တော်တို့အား တိုက်ခိုက်ရန် မက္ကာမြို့သားတို့သည် အင်အားကောင်းသော တပ်မတော်တစ်ခုကို စေလွှတ်လိုက်ကြသည် ။ မွတ်စလင်တို့ထက် အင်အားသုံးဆ ကြီးမားသော မက္ကာစစ်တပ်ကို ဘဒရ်တိုက်ပွဲ၌ ချေမှုန်းပစ်နိုင်ခဲ့လေသည် ။
ဟီဂျရီ ခရစ်နှစ် ၈ ခု ရန်အဇန်လမြတ် ၁၀ ရက်နေ့တွင် တမန်တော်သည် စစ်သည်တစ်သောင်းကို ဦးဆောင်ကာ မက္ကာမြို့သို့ ချီတက်သွားလေရာ မက္ကာမြို့မှာ အငိုက်မိကြရပြီး သွေးထွက်သံယိုမှုများမရှိဘဲလျက် သိမ်းပိုက်နိုင်ခဲ့လေတော့၏ ။
တမန်တော်သည် ဟိဂျရီ ခရစ်နှစ် ၁၀ ခုနှစ်တွင် မက္ကာမြို့တော်သို့ နောက်ဆုံးအကြိမ် ဟာဂ်ျပြုရန် ထွက်ခဲ့သည် ။ ထိုအချိန်တွင် အာရေဗျကျွန်ဆွယ်တစ်ခုလုံးမှာ မွတ်စလင်များလက်သို့ ကျရောက်ခဲ့ပြီးဖြစ်ပြီး ထိုမှပြန်လာ၍ များမကြာမီ ဟီဂျရီ သက္ကရာဇ် ၁၁ ခုနှစ် သက်တော် ၆၃ နှစ်တွင် ကွယ်လွန်ခဲ့လေကြောင်း မိုဟာမက်၏ မှတ်တမ်းများအား ဆက်စပ်ရေးသားတင်ပြလိုက်ရပါတော့၏ ။
ဘာသာရေးတွင် သမိုင်းကြောင်းများက အဓိကမဟုတ်ပါ ။
တရားအနှစ်သာရသည်သာ အမှန်တရားများ ဖြစ်ကြပါသည် ။ ထို့ကြောင့် သမိုင်းကြောင်းကို လိုက်၍ ဘာသာများ တစ်ခုနှင့် တစ်ခု အငြင်းပွားခြင်းသည် မိမိငယ်စဉ်က နို့ဆာချိန် နို့တိုက်ဖို့မအားမလပ်ဖြစ်နေခဲ့သော တစ်ခဏသာ မိခင်၏ ပျက်ကွက်မျက်ကွယ်ပြုထားခြင်းကို ယခုအချိန်ထိ မကျေမနပ်သကဲ့သို့သာ ဖြစ်နေခြင်းနှင့် အလွန်တူလှပေတော့၏ ။
ထို့ကြောင့် မျက်မှောက်အချိန်သည်သာ အဓိကကျသည်ဖြစ်ပြီး ဘာသာ တစ်ခုနှင့် တစ်ခု လက်တွဲမှုသည်သာ ကမ္ဘာအတွက် ကောင်မွန်သော အကျိုးကျေးဇူးကို တိုးပွားစေလိမ့်မည် ဖြစ်ပါလေတော့၏ ။ သမိုင်းကြောင်းကို လေ့လာရာတွင် သမိုင်းခေတ်အခြေအနေကို ထည့်သွင်းစဉ်းစားရပေမည် ။ ထိုခေတ်၌ နယ်မြေလုမှုမှာ ကလေးကစားစရာကဲ့သို့ ဖြစ်နေကြပါသောကြောင့် လူတစ်ဦးကို သတ်ခြင်းသည် များစွာ အပြစ်မဖြစ်သေးပေ ။ ဤအချိန်က အကြောင်းအရာကို ယခုခေတ်အခြေနေနှင့် နှိုင်းယှဉ်က မသင့်တော်သလို ယခုအချိန်၌လည်း ယခင်သမိုင်းအဖြစ်ပျက်များအား ထောက်ချင့်၍ အမုန်းပွားခြင်းသည်လည်းပင် ပညာမဲ့သူတို့၏ လုပ်ရပ်မျိုးသာဖြစ်ကြောင်း လေ့လာတွေ့ရှိချက်များကို
ဗဟုသုတရရှိကြစေရန် ဖေါ်ထုတ်တင်ပြလိုက်ရပါတော့၏ ။
ဗဟုသုတအတွက်သာ ရည်ရွယ်ပါသောကြောင့် ဗဟုသုတကိုသာ ရရှိနိုင်ကြပါစေခင်ဗျာ ။
#htoohtoolay

Comments
Post a Comment