Skip to main content

ထာဝရဘုရားဆီ သွားရာခရီး ( ဟိန္ဒူ )

ထာဝရဘုရားဆီ သွားရာခရီး (ဟိန္ဒူ )
---
အဝိဇ္ဇာဆိုတဲ့ အမှောင်ကိုခွင်းပြီး အမှန်တရားကို သိတဲ့သူရဲ့ အသိညာဏ်ဟာ ပုံသဏ္ဍာန်ရှိတဲ့ အဂုဏ ထာဝရ ဘုရားဆီကို သွားရာမှာ နတ်တို့ရဲ့ သွားရာလမ်းအတိုင်း သွားရောက်ရပါတယ် ။ ပုံသဏ္ဍာန်မရှိတဲ့ နိဂ္ဂုဏ ထာဝရ ဘုရားကို သိတဲ့ အသိမျိုးကို ရရှိသူဖြစ်ရင်တော့ သူ့ရဲ့ ဝိညာဉ်ဟာ အခြားခရီးလမ်းနဲ့ မသွားတော့ပဲ ထာဝရဘုရားဆီကို တိုက်ရိုက် ရောက်သွားရတော့တယ်လို့ ဒီလိုဆိုပါတယ် ။

သဂုဏဘုရားကို ကိုးကွယ်ဆည်းကပ်တဲ့သူတွေဟာ နတ်တို့ရဲ့ သွားရာလမ်းအတိုင်း သွားရတယ် ။ ဝိညာဉ်တို့ဟာ ခန္ဓာကိုယ်ကိုစွန့်ခွါသွားတဲ့အခါ မှာလဲ ကံရဲ့ အကျိုးတရားတွေဟာ လတ်တလော ချက်ချင်း ပျက်ဆီးသွားခြင်း မရှိခဲ့ပါဘူး ။ ဝိညာဉ်ရဲ့ အသိညာဏ်ဟာ နတ်တို့ရဲ့ လမ်းမှတစ်ဆင့် သွားရောက်ရပြီး ထာဝရဘုရားထံကို ရောက်တဲ့အချိန်ထိ လွတ်မြောက်မှုကို မရကြသေးဘူးလို့ ဆိုတယ် ။ထာဝရ ဘုရားထံကို ရောက်သွားတဲ့ အချိန်ထိ ကမ္မရဲ့ အကျိုးဟာ ကပ်ငြိကျန်နေပါသေးတယ်လို့ ဆိုပါတယ် ။

ကမ္မရဲ့ အကျိုးပေးမှု ကုန်ဆုံးတာက နှစ်ပိုင်း ရှိတယ် ။ ပထမအပိုင်းက သေဆုံးတဲ့ အချိန်မှာ ကုန်ဆုံးပြီး နောက်တစ်ပိုင်းကတော့ ကြွင်းကျန်တဲ့ ကမ္မဟာ  ဝိဇရာမြစ်ကို ဝိညာဉ်ဖြတ်ကူးချိန်မှာ ကုန်ဆုံးတယ်လို့  ဆိုတယ် ။ ဝိဇရာမြစ်ဆိုတာဟာ အချိန် အကန့်အသတ် ထားရှိတဲ့ လူ့လောက နဲ့ အချိန် အပိုင်းအခြားအားဖြင့် အကန့်အသတ်မရှိတဲ့ လောကကို ခွဲခြားထားတဲ့ နယ်ခြားမျဉ်းဖြစ်ပါတယ် ။ နတ်တို့ရဲ့ လမ်းက သွားရတဲ့ဝိညာဉ်တွေဟာ အဲ့ဒီ့မြစ်ကို ဖြတ်ကူးကြရတယ် ။ အဲ့ဒီ့မြစ်ကို ဖြတ်ကူးတဲ့အခါ ကမ္မရဲ့ အကျိုးပေးမှုအာလုံး ကုန်ဆုံးသွားတော့ပါတယ် ။ ဝိဇရာမြစ်ရဲ့ တစ်ဖက်ကမ်းဟာ နောက်ဆုံး လွတ်မြောက်သူတို့ရဲ့ နိင်ငံပဲဖြစ်တယ် ။

နောက်တစ်နည်းအလိုအရတော့ ကမ္မဟာ အကျိုးပေးမှု ကုန်ဆုံးသွားပေမဲ့လဲ ထာဝရဘုရားရဲ့ နှလုံးသွင်းအောက်မေ့မှု ရဲ့ အကျိုးကြောင့် မျက်စိနဲ့ မမြင်ရတဲ့ ခန္ဓာကိုယ်ဟာ ဆက်လက်တည်ရှိနေသေးတယ်လို့ ဆိုတယ် ။ သဂုဏ ထာဝရဘုရားနဲ့ နိဂ္ဂုဏ ထာဝရဘုရား နှစ်မျိုးစလုံးဆီကို သွားတဲ့ ဝိညာဉ်များဟာ နတ်တို့ရဲ့ လမ်းကပဲ သွားရတယ်လို့ ဒီလိုအယူလဲ ရှိပါသေးတယ် ။ ရုပ်ခန္ဓာကိုစွန့်ပြီး ထာဝရဘုရားဆီကို ထွက်ခွါလာတဲ့ ဝိညာဉ်ဟာ အလင်းရောင်အနောက်ကို လိုက်သွားရပါတယ် ။ လမ်းမှာ ပထမဆုံးတွေ့တဲ့ နတ်က လျှပ်စစ်ကို စောင့်ရှောက်တဲ့ နတ်ဖြစ်တယ် ။ လျှပ်စစ်နတ် ထံကနေ ထွက်ခွါလာပြန်တဲ့အခါ ဝရုဏခေါ် မိုးကို စောင့်တဲ့ နတ်ထံ ရောက်ပြန်တယ် ။ မိုးမရွာခင် လျှပ်စစ်လတ်တဲ့အတွက် လျှပ်စ်နတ်ကို အရင်တွေ့ရခြင်းဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။ ဒီနည်းနဲ့ နတ်တို့ဟာ ထာဝရဘုရားထံရောက်ဖို့ လမ်းညွှန်သွားကြပါတယ် ။

ဝိညာဉ်ဟာ ခန္ဓာကိုယ်က ထွက်သွားတဲ့အခါ မိမိရဲ့ အင်္ဂါ အစိတ်အပိုင်းကို စိတ်တစ်နေရာဆီ ဆွဲဆောင်စုပေါင်းသိမ်းရုံးလာခဲ့ရတယ် ။ အဲ့ဒါကြောင့် အင်္ဂါ အစိတ်အပိုင်းများဟာ ဦးဆောင်မှုကို မပြုနိုင်ဘူးဆိုတာ ထင်ရှားပါတယ် ။ အလင်းရောင်ဟာလဲ အသိညာဏ် မရှိတာကြောင့် ဝိညာဉ်တို့ကို လမ်းမညွှန်တက်ပါဘူး ။ ဒါကြောင့် အသိညာဏ်ရှိတဲ့ နတ်တို့ကသာလျှင် ထာဝရဘုရားဆီကိုရောက်ဖို့ လမ်းညွှန်ရတာဖြစ်ပါတယ် ။ ဝရုဏနတ်ကနေ တစ်ဆင့် ဣန္ဒရာ(ဣန္ဒာ)နတ် l ပရာဇာတိနတ်တို့ဆီ ပို့ပေးတယ် ။ နောက်ဆုံးမှာတော့ ဝိညာဉ်တွေဟာ ဟိရညကမ္ဘာခေါ် ထာဝရဘုရားလောက ဒါမှမဟုတ် သုဂုဏ ထာဝရဘုရားထံကို ရောက်ရှိသွားကြပါတယ် ။ ဖန်ဆင်းသည့် ကမ္ဘာဖြစ်တဲ့ ထာဝရဘုရားကမ္ဘာ ပျက်ဆီးသွားချိန်မှာ အဲ့ဒီ့ကမ္ဘာကို အုပ်ချုပ်သူဖြစ်တဲ့ ထာဝရဘုရားနဲ့အတူ ဝိညာဉ်တို့ဟာ အမြင့်မြတ်ဆုံး ထာဝရဘုရားဖြစ်တဲ့ နီဂ္ဂုဏ ဘုရားဆီ စံပယ်ကြရလေတော့ပါတယ် ။

စံပယ်ကြရတဲ့ ဝိညာဉ်တွေနဲ့ ထာဝရဘုရား ဆက်ဆံရေးဟာ အားလုံး တန်းတူညီမျှ ဆက်ဆံရေးဖြစ်တယ် ။ လွတ်မြောက်ပြီးတဲ့ ဝိညာဉ်တွေရဲ့ သဘောမှာ ထာဝရ ဘုရားကဲ့သို့ ဖြစ်နေကြပါတယ် ။ မကောင်းမှု ကျူးလွန်ခြင်း l အိုခြင်း l သေခြင်း l ပူပန်ခြင်း အစာရေစာ ဆာလောင်ငတ်မြွတ်ခြင်း စတဲ့ ဒုက္ခတွေကနေ လုံးဝ လွတ်သွားကြပါတယ် ။

လွတ်မြောက်သွားတဲ့ ဝိညာဉ်တွေဟာ မိမိတို့ ဆန္ဒ ဖြစ်ပေါ်လာတဲ့အတိုင်း အဲ့ဒီ့ဆန္ဒကို ဖြည့်ဆည်းနိုင်တာကြောင့် မိမိတို့အပေါ်ကို အုပ်ချုပ်မဲ့သူ မရှိတော့ပါဘူး ။ လွတ်မြောက်ပြီးတဲ့ ဝိညာဉ်တွေဟာ တစ်ချိန်တည်းမှာပဲ ကိုယ်ခန္ဓာအများအပြားကို ဝင်ရောက်လှုပ်ရှားနိုင်ပါတယ် ။ ထာဝရဘုရားက လွတ်မြောက်တဲ့ ဝိညာဉ်များ ပျော်ရွှင်နိုင်ဖို့အတွက် ကမ္ဘာလောကကြီးကို ဖန်ဆင်းခဲ့တယ် ။ လွတ်မြောက်တဲ့ ဝိညာဉ်များကလဲ မိမိတို့ရဲ့ ကမ္ဘာကို မိမိတို့ တစ်ခါတစ်ရံမှာ ဖန်ဆင်းကြနိုင်ပါသော်လဲ ထာဝရဘုရားရဲ့ လက်အောက်မှာသာ ဖြစ်ပါတယ် ။ ဝိညာဉ်များဟာ ထာဝရ ဘုရားရဲ့ ထိန်းချုပ်မှုအောက်မှာပဲ အလုပ်လုပ်ကြရတယ် ။ ထာဝရကမ္ဘာလောကကို ဖန်ဆင်းနိုင်တဲ့ တန်ခိုး အာနုဘော်မှတစ်ပါး ထာဝရဘုရားရဲ့ အခြားအစွမ်းများကို ဝိညာဉ်များက ရရှိကြပါတယ် ။ သာမန်အနေနဲ့ဆိုရင် လွတ်မြောက်ပြီးတဲ့ ဝိညာဉ်များဟာ ပြန်လည်မွေးဖွါးခြင်း ဇာတိကို မပြုကြတော့ပါဘူး ။ ဒါပေမယ့်လဲ ထာဝရဘုရားရဲ့ စေခိုင်းခြင်းခံရတဲ့ ဝိညာဉ်များမှာတော့ တစ်မူ ထူးခြား ကြတာဖြစ်တယ် ။ လူ့လောကကြီးကို သွားရောက်ပြီး လုပ်ကိုင်ရန် အခိုင်းခံရတဲ့ ဝိညာဉ်များဟာ တာဝန်ပြီးဆုံး အောင်မြင်တဲ့ အချိန်အထိ ပြန်လည်မွေးဖွါးခြင်းကို ပြုလုပ်ကြရတယ် ။ အဲ့ဒီ့ ကိစ္စ ပြီးရင်တော့ ပြန်လည် မွေးဖွါးခြင်းဟာ မရှိတော့ပါဘူး ။

အဲ့ဒီလို သူတော်စင် ဝိညာဉ်များမှာ လူ့ဘဝကို ပြန်လည်မွေးဖွါးလာကြပါသော်လဲ အဝိဇ္ဇာဆိုတဲ့ အသိညာဏ် မဲ့မှုတွေ မရှိကြတော့ပါဘူး ။ သစ္စာညာဏ် ရရှိပြီးသော်လည်း ကမ္မအကျိုးပေး လက်ကျန်ရှိနေသေးတဲ့အတွက် ရုပ်ခန္ဓာကိုယ်နဲ့ပင် ဆက်လက်ရှင်သန်နေသေးတဲ့ ပုဂ္ဂိုလ်များကဲ့သို့ ဖြစ်နေပါတယ် ။ အချို့ပုဂ္ဂိုလ်များမှာ သစ္စာညာဏ် ရရှိပြီးပေမယ့် ခန္ဓာအသစ်ကို ရယူကြသေးပါတယ် ။ သစ္စာညာဏ်ကို ရရှိပြီး သစ္စာညာဏ်မှ လွတ်မြောက်ပြီး ဖြစ်ပါသော်လည်း ဘုရားသခင်က တာဝန်ပေး သတ်မှတ်ခြင်းကို ခံရရင် အဲ့ဒီ့တာဝန် ပြီးဆုံးအောင် ဆောင်ရွတ်ရတဲ့အထိ ရှင်သန်နေရပါတယ် ။ အဲ့ဒီ့အခါမှ လွတ်မြောက်မှုကို ရတယ် ။ အဲ့ဒီ့ပုဂ္ဂိုလ်ဟာ မိမိတို့ အလိုအတိုင်း ခန္ဓာကိုယ် တစ်ခုကနေ တစ်ခုဆီကို ပြောင်းရွေ့နိုင်တယ် ။ အဲ့ဒီလို ပြောင်းရွေ့တဲ့ အခါမှာလဲ မိမိတို့ရဲ့ဘဝကို မေ့ပျောက်သွားခြင်းဟာ လုံးဝ မရှိတော့ပါဘူးလို့ ဒီလို ဆိုကြပါတယ်ခင်ဗျာ ။

( ဆရာကြီး ညိုသောင်းရေးသားပြုစုသော ဘာသာကြီးများ အနှစ်သာရ ကျမ်းမှမှီငြမ်းရေးသားသည် )

ဗဟုသုတ ရရှိနိုင်ကြပါစေ
အစဉ်လေးစားလျက်

#htoohtoolay



myothetzaw23.blogspot.com

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...