အသိလက္ခဏဇာတ်
-------
ကောသလမင်း၏ လာဘ်စားတက်သော သန်လျက်လက္ခဏာဖတ် ပုဏ္ဍားကို အကြောင်းပြု၍ ဤအတိတ်ဇာတ်ကိုဆောင်တော်မူကာ မြတ်စွာဘုရား ဟောတော်မူလေသည် ။
ဗာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ် ဘုရားအလောင်းသည် ထိုမင်း၏ တူဖြစ်သည် ။ ထိုမင်း၏ သံလျက် လက္ခဏာဖတ် ပုဏ္ဍားသည် လာဘ်ပေးသည့် ပန်းပဲဆရာ၏ သန်လျက်ဖြစ်လျှင် ကောင်းသည် ။ မင်္ဂလာရှိသည်ဟု ဆို၏ ။
လာဘ်မပေးသူ၏ သံလျက်ဖြစ်လျှင် အပြစ်ပြလေ့ရှိသည် ။သူသည်
သံလျက် လက္ခဏာဖတ်ရာတွင် သန်လျက်ကို ကြည့်၍ မဖတ်ပဲ နမ်း၍သာ ဖတ်သည် ။ တစ်နေ့သောအခါ အကြောင်းသိသော ပန်းပဲဆရာတစ်ယောက်က သန်လျက်ကို ငရုတ်မှုန့်ပါသော သန်လျက်အိမ်တွင် ထည့်၍ လာဆက်သည် ။
ဘုရင်သည် ထိုပုဏ္ဍားကိုခေါ်၍ သန်လျက် လက္ခဏာကို ဖတ်စေသည် ။ပုဏ္ဍားသည် သံလျက်ကို နမ်းမိသည်နှင့် ငရုတ်မှုန့် မွှန်၍ ချေတော့သည် ။ ထိုအခါ သူ့နခေါင်းနှင့်သံလျက် ထိမိပြီး နှစ်ပိုင်း ပျက်သွားသည် ။
မင်းကြီးသည် ထိုပုဏ္ဍားအား ဆေးဆရာဖြင့် ကုသစေကာ ချိပ့်ဖြင့်
ပြုလုပ်သော နှာခေါင်းတုတစ်ခုကို တပ်ဆင်ပေးလေသည် ။
ထိုဗြဟ္မဒတ်မင်းကြီးတွင် သမီးတော်တစ်ပါးနှင့် တူတော်မင်းသားတစ်ပါးရှိရာ အရွယ်ရောက်လာချိန်တွင် သမီးတော်ကို အခြားမင်းတစ်ပါးနှင့် ထိမ်းမြားလက်ဆက်စေလိုသည် ။
ရည်ရွယ်ချက်မှာ ဆွေမျိုးများ၍ နှစ်ပြည်ထောင်၏ အရှင်သခင် ဖြစ်လာရန် ဖြစ်သည် ။ ထို့ကြောင့် မင်းကြီးသည် တူနှင့် သမီးတော်တို့ သံယောဇဉ်မငြိစေရန် တစ်ယောက် တစ်အိမ်စီ ခွဲထားလိုက်သည် ။
သို့ရာတွင် တူနှင့် သမီးတို့ သံယောဇဉ် တွယ်ဆက်လျက် ရှိနေပြီကို
မင်းကြီး မသိချေ ။
တူတော်မင်းသားသည် ဦးရီးတော်၏ သမီးကို နန်းတော်တွင်းမှ ထုတ်ဆောင်ယူရန် ကြံရွယ်သည် ။ ထိုကိစ္စ ဆောင်ရွက်ပေးနိုင်စွမ်း ရှိမည့်သူကို ရှာဖွေရာတွင် နတ်ကတော်ကို မြင်မိသည် ။
နတ်ကတော်ကို ခေါ်၍အကြောင်းအကျိုးပြောပြကာ ဆောင်ရွက်နိုင်စွမ်း ရှိမရှိ မေးလေသည် ။ နတ်ကတော်က တာဝန်ယူသဖြင့် အသပြာတစ်ထောင် ပေးလိုက်သည် ။
နတ်ကတော်သည် သူ့ဘက်မှ ဆောင်ရွက်မည့် အစီစဉ်နှင့် မင်းသားဘက်က ပြင်ဆင်ရမည့် အစီအစဉ်များကို မှာကြားခဲ့ပြီး မင်းကြီး ရှေ့တော်မှောက်သို့ ရောက်လာခဲ့သည် ။
မင်းကြီးနှင့် တွေ့သောအခါ နတ်ကတော်က ((( မင်းသမီးတွင် အစွဲ အမှောက်များ ရှိနေပါသည် ။ သုသာန်မြေတွင် မင်းသမီးကို ညောင်စောင်းပေါ်၌ ထား၍ နံ့သာရေ တစ်ရာ့ရှစ်လုံး တို့ဖြင့် သွန်းချိုးလျက် အစွဲအမှောက်ကို မျှောချရပါမည် ))) ဟု လျှောက်တင်ထားရာ မင်းကြီးက သဘောတူလေသည် ။
သို့ဖြင့် နတ်ကတော်သည် မင်းသမီးကို လက်နက်ကိုင် တပ်ဖွဲ့များ ခြံရံ၍ သုသာန်မြေသို့ ခေါ်ဆောင်လာခဲ့ရာ လမ်းခရီးတွင် နတ်ကတော်က တပ်ဖွဲ့ဝင်များအား ((( မင်းသမီးကို ညောင်စောင်းပေါ်၌ တင်ထားချိန်တွင် ညောင်စောင်းအောက်မှ လူသေယောက်ျားသည် ချေလိမ့်မည် ။
ထို့နောက် အပြင်သို့ ထွက်လာ၍ အရင်ဆုံး တွေ့သူကို ဖမ်းလိမ့်မည် ။ သင်တို့အားလုံး သတိကြီးစွာနဲ့ နေကြ ))) ဟု စိတ်ဓါတ် ခြောက်ခြားစေရန် ကြိုတင်၍ ပြောဆိုထားခဲ့သည် ။ ထိုအချိန်တွင် မင်းသားသည် ကြိုတင်ညှိနှိုင်းထားသည့်အတိုင်း သူသေဟန်ဖြင့် ဝမ်းလျားမှောက်လျက် အိပ့်နေသည် ။
မင်းသမီး သုသာန်သို့ ရောက်ချိန်တွင် နတ်ကတော်သည် အင်းပျဉ်းဝန်းကို သူသေဟန်ဆောင်နေသော မင်းသားပေါ်သို့ တင်သည် ။ ထိုအပေါ်မှ ညောင်စောင်းကို ခင်းလျက် မင်းသမီးကို ပွေ့ချီပြီး ညောင်စောင်းပေါ် တင်ထားပေးသည် ။
ထိုအခါ မင်းသားသည် ပါလာသည့် ငရုတ်မှုန့်ကို နှာခေါင်းထဲသို့ ရှုသွင်းလိုက်ရာ အဆတ်မပျက် ချေတော့သည် ။ ဤတွင် နတ်ကတော်သည် မင်းသမီးကို ကျောခိုင်းကာ ငယ်သံပါအောင်အော်၍ ဦးဆုံး ထွက်ပြေးသည် ။ တပ်ဖွဲ့ဝင်များလဲ လက်နက်များကို စွန့်၍ ထွက်ပြေးကြတော့သည် ။ ထို့နောက် မင်းသားသည် မင်းသမီးကို အိမ်သို့ ဆောင်ယူသွားလေသည် ။
မင်းကြီးသည် တူတော်မင်းသားအား မင်သမီးအား ကယ်တင်ပုံကို ချီးကျူးလျက် ထီးနန်းကိုလွှဲအပ်ကာ သမီးတော်အားလဲ မိဖုရားအရာ၌ ထားပေးသည် ။ နှာခေါင်းပျက်သော ပုဏ္ဍားသည်လဲ ထိုမင်းကို ဆက်၍ ခစားရသည် ။
တစ်နေ့သောအခါ ထိုပုဏ္ဍားသည် နေဘက်သို့ မျက်နှာမူ၍ မင်းအား ခစားနေရာ ချိပ်မှာ အရည်ပျော်၍ နှာခေါင်းတုသည် ပြုတ်ကျသွားသည် ။ ထိုအခါ မင်းသည် ((( ဆရာ ! သင်သည် ချေသဖြင့် နှာခေါင်းပြတ်ခဲ့ရသည် ။ ငါမူကား ချေသောကြောင့် ဦးရီး၏ သမီးကို ရ၍ မင်းအဖြစ်သို့ရောက်ခဲ့ရသည် ))) ဟု ဆိုလေသည် ။
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment